ပခုက္ကူစည်ပင်အမှိုက်စွန့်ပစ်နေရာ လူနေအိမ်များနှင့် နီးကပ်သောကြောင့် ရွှေ့ပြောင်းပေးစေလို

ပခုက္ကူစည်ပင်အမှိုက်စွန့်ပစ်နေရာ လူနေအိမ်များနှင့် နီးကပ်သောကြောင့် ရွှေ့ပြောင်းပေးစေလို

ပခုက္ကူ ၊ မတ် ရ ။                ။ ပခုက္ကူစည်ပင်သာယာရေးအဖွဲ့မှ လာရောက်၍ အမှိုက်စွန့်ပစ်သည့် အမှတ် ၁၁ ရပ်ကွက်ရှိ အမှိုက်စွန့်ပစ်ဧရိယာသည် လူနေအိမ်များနှင့် အလွန်နီးကပ်နေသောကြောင့်   ရွှေ့ပြောင်းပေးစေလိုကြောင်း ၎င်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံများက ပြောသည်။

 အမှိုက်စွန့်ပစ်နေရာနှင့် လူနေအိမ်များမှာ ပေ ၂၀ ခန့်သာ ကွာဝေးကြောင်း အနီးပတ်ဝန်းကျင်ရှိ လူ တစ်ဦးက ပြောသည်။

"နေအိမ်တွေနဲ့ အရမ်းနီးကပ်နေတယ်။ ခုဟာက အိမ်တွေနဲ့ ပေ ၂၀လောက် အထိကပ်လာပြီ။သူတို့ က လာအမှိုက်လာပစ်ပြီဆိုရင် အလွယ်တကူလုပ်ခဲ့တော့ ပတ်ဝန်းကျင်နေအိမ်တွေက လူတွေက ကျန်းမာရေး ထိခိုက်လာတယ်"ဟု အမှတ် ၁၁ရပ်ကွက် ၊၂၅လမ်း နေ ဦးထွန်းထွန်းက ပြောသည်။

အမှိုက်ပုံကြောင့် အနီးပတ်ဝန်းကျင်ရှိ ကလေးငယ်များအနေဖြင့် မကြာခဏ အရေပြားယာယံခြင်းနှင့် ဝမ်းပျက်ရောဂါများ ဖြစ်ပွားနေပြီး ဆေးရုံသို့ မကြာခဏ တက်ရောက်ဆေးကုသနေရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"မိုးရာသီဆိုရင် ယင်တွေက အရမ်းပေါတယ်။ ထမင်းစားရင်တောင် ခြင်ထောင်နဲ့ စားရတယ်။ အိမ်က ကလေးတွေဆိုရင် တစ်နှစ်တစ်ခါလောက် ဆေးရုံတက်နေရတယ်"ဟု ဒေသခံ မစန်းစန်းဦးက ဆိုသည်။

စွန့်ပစ်အမှိုငက်များတွင် အမှိုက်အစိုများသာမက တိရိစ္ဆာန်အသေကောင်များပါ လာရောက် စွန့်ပစ်ကြသောကြောင့် ပတ်ဝန်းကျင်အနေဖြင့် အနံ့အသက်များ ဆိုးဝါးနေကြောင်း သိရသည်။

"သူတို့ စည်ပင်သာယာကလာပြီး အမှိုက်ပစ်တော့ ရပ်ကွက်တွေထဲကပါ လာပစ်ကြတယ်။ ခွေးသေကောင်၊ ဝက်သေကောင်တွေပါမကျန် လာပစ်တော့ ဒီပတ်ဝန်းကျင်က အနံအသက်ကလည်း အလွန်နံနေတယ်"ဟု ၎င်းက ဆက်ပြောသည်။

ပခုက္ကူစည်ပင်သာယာရေးအဖွဲ့ကမူ ယင်းအမှိုက်စွန့်ပစ်သည့်နေရာအား အလျှှင်မြန် ပြောင်းရွှေ့သွားမည်ဖြစ်သည်ဟု ဆိုသည်။

"တဖြည်းဖြည်းနဲ့ မြို့ထဲရောက်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း ရွှေ့ပြောင်းဖို့ အစီအစဉ်တွေ ဆွဲထားပါတယ်။ လောလောဆယ် မြို့အပြင်ကိုရွှေ့ဖို့မြေနေရာ ရှာနေပါတယ်"ဟု ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းကြိုင်က ပြောသည်။

အဆိုပါ အမှိုက်စွန့်ပစ်နေရာသည် ပခုက္ကူမြို့အတွင်းရှိ ရပ်ကွက်ပေါင်းစုံမှ စွန့်ပစ်အမှိုက်များအား စွန့်ပစ်သည့်နေရာဖြစ်ပြီး ပတ်ဝန်းကျင်မှ ပြောင်းရွှေ့ပေးရန် ပခုက္ကူစည်ပင်သာယာရေးအဖွဲ့အား စာဖြင့်တင်ပြခဲ့ဖူးသော်လည်း ထိရောက်စွာ လာရောက်ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံတို့မှ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly