ကွာရှင်းရန်အမှုဖွင့်ပြီး သမီးဖြစ်သူအား စောင့်ရှောက်ခွင့်တောင်းခံထားသည့် စကားလက်ဂျိုဟန်ဆန်

ကွာရှင်းရန်အမှုဖွင့်ပြီး သမီးဖြစ်သူအား စောင့်ရှောက်ခွင့်တောင်းခံထားသည့် စကားလက်ဂျိုဟန်ဆန်

အမေရိကန်မင်းသမီး စကားလက်ဂျိုဟန်ဆန်သည် ခင်ပွန်းဖြစ်သူ ပြင်သစ်ဂျာနယ်လစ် ရိုမိန်းဒေါရစ် နှင့် ယခု အပတ်အတွင်း ကွာရှင်းရန်အမှုဖွင့်ထားပြီး ၄င်းတို့စုံတွဲ၏ သမီးဖြစ်သူအား အပြည့်အဝ စောင့်ရှောက်ခွင့် ရရန်အတွက် တောင်းဆိုထားသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဂျိုဟန်ဆန်သည် ပြီးခဲ့သောအင်္ဂါနေ့တွင် နယူးယောက်တရားရုံးချုပ်၌ ကွာရှင်းရန် အမှုဖွင့်ထားခဲ့ပြီး ၄င်းတို့စုံတွဲ၏ ၂ နှစ်အရွယ် ရို့စ်အမည်ရှိ သမီးလေးအား တရားဝင် ပူးတွဲစောင့်ရှောက်ခွင့်ရရန် နှင့် အတူတကွနေထိုင် စောင့်ရှောက်နိုင်ရန်အတွက် တောင်းဆိုထားကြောင်း တရားရုံးအချက်အလက်များအရ သိရသည်။

၄င်းတို့စုံတွဲသည် ပြီးခဲ့သော ၂၀၁၄ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ဒေါရစ်က တရားရုံး၌ တရားဝင်ကွာရှင်းရန် အမှုဖွင့်ခဲ့သော ဂျိုဟန်ဆန်၏ လုပ်ရပ်မှာ ကံမကောင်းအကြောင်းမလှသော အခြေအနေတစ်ခုဖြစ်ပြီး သူမသည် ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ အား အများအမြင်၌ ထင်ထင်ရှားရှားဖြစ်အောင် လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့သည်။

သို့သော်လည်း မင်းသမီးဂျိုဟန်ဆန်ကတော့ ကွာရှင်းမှုနှင့် ပတ်သက်၍ မှတ်ချက်များပေးရန် ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သော ဇန်နဝါရီလတွင် ၄င်းတို့စုံတွဲ လမ်းခွဲပြတ်ဆဲကြောင်း မီဒီယာများက သတင်းထုတ်ပြန်ခဲ့အပြီးတွင် ယခုလို တရားဝင်ကွာရှင်းရန် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ဒေါရစ်၏ ရှေ့နေဖြစ်သူကတော့ ၄င်းတို့နှစ်ဦးစလုံးသည် လောလောဆယ်တွင် နယူးယောက်၌သာရှိနေဆဲဖြစ်ပြီး သီးခြားစီနေထိုင်နေကြသည်ဟု ပြောခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly