အချိန်အခါမဲ့ မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

အချိန်အခါမဲ့ မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ ထုတ်ပြန်
ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရန်ကုန်၊ မတ် ၉ ။              ။မြန်မာနိုင်ငံတစ်ဝှမ်းလုံး အချိန်အခါမဲ့ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်များတွင် နေရာကျဲကျဲ မိုးရွာသွန်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က "ချင်းပြည်နယ် ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဒေသတွေမှာ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်" ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် မိုးရွာသွန်းမှုအခြေအနေနှင့် ပတ်သက်ပြီး ရေးသားထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မနက် ၆ နာရီ ထုတ်ပြန်ချက်အရ ကျိုင်းတုံမြို့၊ ဟားခါးမြို့၊ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မန္တလေးမြို့၊ တပ်ကုန်းမြို့နဲ့ မိုးညှင်းမြို့၊ တမူးမြို့တို့တွင် မိုးအနည်းငယ်ရွာသွန်းခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့တွင် မနက်ပိုင်း မြူထူများ ကျဆင်းခဲ့သည်ဟု မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly