ပထမအကျော့ ဆိုးရွားတဲ့ အရှုံးရလဒ်ကနေ ဘာစီလိုနာတို့ ပြန်လာနိုင်ပြီး နောက်တစ်ဆင့်တက်၊ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒေါ့မွန်

ပထမအကျော့ ဆိုးရွားတဲ့ အရှုံးရလဒ်ကနေ ဘာစီလိုနာတို့ ပြန်လာနိုင်ပြီး နောက်တစ်ဆင့်တက်၊ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒေါ့မွန်
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ အိမ်ကွင်းမှာ အံ့သြလောက်အောင် စွမ်းဆောင်မှုတွေနဲ့ PSG အသင်းကို ၆-၁ ဂိုးနဲ့နိုင်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ပထမအကျော့ ၄-၀ ဂိုးပြတ်အရှုံးကနေ ပြန်လာနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာပြီး ၁၀ ရာသီဆက်တိုက် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ပွဲချိန် ၃ မိနစ်မှာ ဆွာရက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ မိနစ်(၄၀)မှာ PSG အသင်းနောက်ခံလူ ကာဇာဝါ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ဘာစီလိုနာတို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နေမာကြောင့်ရတဲ့ ပင်နယ်တီကို မက်ဆီက ၅၀မိနစ်မှာ သွင်းယူပြီး ဘာစီလိုုနာ ၃ ဂိုးပြတ်နဲ့ နိုင်နေပါတယ်။ ၆၂မိနစ်မှာ ကာဗာနီက ချေပဂိုး တစ်ဂိုးသွင်းယူခဲ့လို့ PSG တို့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက အင်နီယေစတာကို အာဒါတူရန်နဲ့ အစားထိုးပြီး တိုက်စစ်ကို မြှင့်ခဲ့ပါတယ်။ (၈၈) မိနစ်မှာ နေမာက ဖရီးကစ်ကနေတစ်ဆင့် တစ်ဂိုးရယ်၊ ၉၀+၁ မိနစ်မှာ ဆွာရက်ဇ်ကြောင့်ရတဲ့ ပင်နယ်တီကနေ နောက်ထပ်ဂိုးတစ်ဂိုး သွင်းယူခဲ့တာကြောင့် ဘာကာတို့ နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာပါတယ်။

ထပ်ဆောင်းအချိန်ပို ၅ မိနစ်ရဲ့ နောက်ဆုံးမိနစ်မှာ နေမာပေးတာကနေ လူစားဝင်ကစားသမား ဆာဂျီယို ရော်ဘတ်တိုက သွင်းယူခဲ့တာကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်သမိုင်းသစ်တစ်ခုကို ရေးထိုးခဲ့ပါတယ်။ နေမာရဲ့ အကောင်းဆုံး ခြေစွမ်းပြမှုနဲ့အတူ ဘာစီလိုနာက ၆-၁ ဂိုးနဲ့ PSG ကိုနိုင်ပြီး နှစ်ကျော့ပေါင်း ၆-၅ဂိုုးနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။

ဒေါ့မွန် ၄-၀ ဘင်ဖီကာ

တစ်ဖက်မှာ ဒေါ့မွန်အသင်းက တိုက်စစ်မှူး အူဘာမီယန်းရဲ့ ဟက်ထရစ်နဲ့အတူ ဘန်ဖီကာကိုု ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်အတွက် ဂိုးတွေကို အူဘာမီယန်းက ပွဲချိန် ၄၊ ၆၁၊ ၈၅ မိနစ်နဲ့ ပူလီဆစ် ၅၉ မိနစ်တွေမှာ သွင်းယူခဲ့ပြီး ၄ ဂိုးပြတ်နဲ့ ဘင်ဖီကာကို အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ၄-၁ ဂိုးနဲ့ ကွာတားကို ရောက်ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly