အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေလည်း ငြိမ်းချမ်းရေးအတွက် တာဝန်ယူဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေလည်း ငြိမ်းချမ်းရေးအတွက် တာဝန်ယူဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဟု ညွှန်းဆိုကာ ငြိမ်းချမ်းရေး ရရှိရန်ထက် အရေးကြီးသည့် အကြောင်းချင်းရာ မရှိတော့ဘဲ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများပါ တာဝန်ယူကြရန် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးကို ပထမဦးစားပေး ပြီးတော့ ဝါသနာပါတာကို ကျမဘာမှ မဆိုလိုပါဘူး။ ဒါဟာအပြစ်လည်းမဟုတ်ပါဘူး။ ဒါဟာ ကောင်းပါတယ်။ ကိုယ့်ရဲ့ ကဏ္ဍမှာအောင်မြင်မှ ဒါမှန်ကန်တဲ့ လမ်းကို ရောက်မှာပါ။ သို့သော်ငြားလည်း ကျမတို့နိုင်ငံအတွက် အရေးကြီးဆုံးဟာ ဘာလဲ၊ ကမ္ဘာကြီးအတွက် အရေးကြီးဆုံးက ဘာလဲဆိုတော့ ဒါငြိမ်းချမ်းရေးပဲလို့ ဒီလိုပဲ ကျမကတော့ သတ်မှတ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နေပြည်တော်ရှိ MICC-2တွင် မတ်လ ၈ရက်က ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် တက်ရောက်အမှာစကားပြောကြားစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမတို့ရဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များဟာ စီးပွားရေးလောကမှာ ၅၀ -၅၀ ရာခိုင်နှုန်းပါသလို ကျမတို့ ငြိမ်းချမ်းရေးရဖို့အတွက် လုပ်တဲ့နေရာမှာလည်း တစ်ဝက်တော့ တာဝန်ယူသင့်တယ်လို့ ကျမက ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီး ၃၀ရာခိုင်နှုန်းပါဝင်ရေးအတွက် လှုပ်ရှားနေမှုများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “၃၀ ရာခိုင်နှုန်း မကပါဘူး။ ၅၀ ရာခိုင်နှုန်း ပါစေချင်ပါတယ်” ဟု သူမက ဆိုသည်။

သို့သော် “ပါ၀င်တယ်ဆိုတာဟာ အစည်းအဝေးထဲမှာ ၀င်ထိုင်မှ ပါ၀င်တာမဟုတ်ပါဘူး။ တကယ့် ငြိမ်းချမ်းရေးဆိုတာ အစည်းအဝေးထဲကနေ စတာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ငွေကြေးဖြင့် ကူညီပံ့ပိုးပေးသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ယနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောဆိုခဲ့သေးသည်။

“ဒီလိုလုပ်ခြင်းအားဖြင့် ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတင် ကူညီတာ မဟုတ်ပါဘူး။ စီးပွားရေးကိုလည်း ကူညီရာ ရောက်ပါတယ်" ဟု သူမက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly