လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦးအသက်အတွက် ဦးရွှေမန်း ကူမယ်

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦးအသက်အတွက် ဦးရွှေမန်း ကူမယ်

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံမှုအတွက် သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အတွက် အကူအညီပေးသွားမယ်လို့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုပါတယ်။

နိုင်ငံနှင့် ဂုဏ်သိက္ခာအတွက် အယူခံ အနိုင်ရဖို့ ကူညီပေးကြရန် ဦးရွှေမန်းက ဆိုထားပြီး “မိမိလည်း တတ်နိုင်သည့်ဘက်မှ ကြိုးစား ဆောင်ရွက်သွားပါမည်” လို့ ဆိုပါတယ်။

“နိုင်ငံသား နှစ်ဦး၏ အသက်တို့အပြင် ယင်းတို့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် အယူခံ အနိုင်ရရှိရေးနှင့် အခြား ဆောင်ရွက်ရန် ကိစ္စများကို ဆောင်ရွက်ပေးနိုင်သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ ဝိုင်းဝန် ကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” လို့လည်း သူ့ရဲ့ လူမှုကွန်ယက် အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နာဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့  အသတ်ခံရမှုအတွက် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ကို ထိုင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်ကာ လူသတ်မှု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဒေသဆိုင်ရာ တရားရုံးက သေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုအတွက် ပြီးခဲ့တဲ့အစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးစုံစမ်းရေးအထူးအဖွဲ့ ဖွဲ့စည်းပြီး အမှုကို စုံစမ်းစေခဲ့ပါတယ်။ ဒီအဖွဲ့က စုံစမ်း စစ်ဆေးတွေ့ရှိချက်တွေကို ၁၈၉မျက်နှာပါ အယူခံ လျှောက်လဲချက်ကို ခရိုင်တရားရုံးကို ထပ်မံ တင်ခဲ့ပါတယ်။

ဒါပေမယ့် မတ်လ ၁ ရက်နေ့မှာတော့ အောက်ရုံးက ဆုံးဖြတ်ချက်အတိုင်း သေဒဏ် ကျခံဖို့ ခရိုင်တရားရုံးက ထပ်မံ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီအမှုအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သက်ညာစဉ်းစားပေးဖို့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေထံ မေတ္တာရပ်ခံခဲ့ဖူးပါတယ်။

အောက်ပါ ရုပ်သံကတော့ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ရုံးထုတ်စဉ်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags