အကူးအပြောင်းကာလနဲ့ သတင်းမီဒီယာကဏ္ဍ

အကူးအပြောင်းကာလနဲ့ သတင်းမီဒီယာကဏ္ဍ
 

တိုင်းပြည်တိုင်း တိုင်းပြည်တိုင်းမှာ သတင်းမီဒီယာရဲ့ အရေးပါမှုကို စတုတ္ထမဏ္ဍိုင်ဖြစ်တယ်ဆိုတဲ့အထိ တင်စား အသိအမှတ်ပြုကြရတာ အားလုံးအသိဖြစ်ပါတယ်။

စီမံအုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရယ်လို့ မဏ္ဍိုင်ကြီး သုံးရပ်ကတော့ ဒီမိုကရေစီနိုင်ငံတိုင်း အသိအမှတ်ပြုကြရ အလေးအနက်ထားကြရတဲ့ ဖွဲ့စည်းပုံအရ တရားဝင် မဏ္ဍိုင်ကြီးများအဖြစ် သိရှိထားကြပြီးဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာကဏ္ဍဟာ ပြည်သူတွေရဲ့နားနဲ့ မျက်လုံးအဖြစ် ဆောင်ရွက်နေကြတာဖြစ်လို့ ယင်းကို တရားဝင်မဟုတ်သည့်တိုင် ယင်းရဲ့ အရေးပါအရာရောက်မှုဂုဏ်ကို အသိအမှတ်ပြု လေးစားသောအားဖြင့် တိုင်းပြည်တိုင်းရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ တင်စားပြောဆိုလာခဲ့ကြတာပါ။

တည့်မတ်စွာ ရပ်တည်စဉ်းစားမယ်ဆိုရင် သတင်းမီဒီယာရဲ့အရေးပါအရာရောက်မှုနဲ့ တာဝန်တာထမ်းက  ပြည်သူတွေရဲ့ နားနဲ့မျက်စေ့သဖွယ် ဖြစ်တာမို့ အင်မတန်လေးနက်တဲ့ သဘောဆောင်တဲ့ ကဏ္ဍပါပဲ။

အလျဉ်းသင့်လို့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ် ၂၀၁၇ ခုနှစ်အတွင်းတုန်းက ကမ္ဘာတဝှမ်း အကြောင်းအမျိုးမျိုးနဲ့ အသတ်ခံခဲ့ကြရတဲ့ သတင်းမီဒီယာသမားအရေအတွက်ဟာ ၅၀ ကျော်ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာသတင်းသမားတစ်ဦးလည်းပါ၀င်ခဲ့ရပါတယ်။ အင်မတန် ကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်တွေပါပဲ။

သတင်းမီဒီယာသမားတွေဟာ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အကျိုးကို ဦးထိပ်မထားပဲ ပြည်သူလူထုကိုသာ ဦးထိပ်ထားကြရပါတယ်။ ပြည်သူတွေ သိသင့်တဲ့သတင်းတွေ   ပြည်သူတွေကြားသင့်တဲ့သတင်းတွေကို လိုက်လံရှာဖွေပြီး ပြည်သူထံ တိုက်ရိုက်တင်ပြပေးကြရတဲ့ ပြည်သူ့ဘက်တော်သားများ ဖြစ်ကြပါတယ်။

သတင်းမီဒီယာသမားတွေဆိုတာ ပြည်သူတွေကို ဦးထိပ်ထားသူများဖြစ်တဲ့အတွက် ပြည်သူတွေကလည်း အသိအမှတ်ပြုကြ အလေးအနက်ထားကြတာဟာ သဘာဝကျပါတယ်။ ပြည်သူကောင်းကျိုးဆောင်ရွက်သူများဖြစ်လို့ ပြည်သူအားလုံးကလည်း ထောက်ခံဝန်းရံကြတာ မဆန်းပါဘူး။ ဒါဖြင့်ရင် ကမ္ဘာတဝှမ်းမှာ မနှစ်တုန်းက သတင်းမီဒီယာသမား ၅၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့အဖြစ်ဟာ ဘာ့ကြောင့်ဖြစ်ခဲ့ရတာလဲ။ သတင်းမီဒီယာသမားကို ဘယ်သူတွေကများ ရန်သူအဖြစ် သဘောထားနေကြတာလဲ။ ဘာ့ကြောင့် ကိုယ်ထိလက်ရောက် အန္တရယ်ပြုခဲ့ကြတာလဲ။ စဉ်းစားစရာဖြစ်ပါတယ်။

သတင်းသမားများဟာ သတင်းရင်းမြစ်ကို ရှာဖွေဖေါ်ထုတ်တဲ့အခါ ကိုယ်ကျိုးလုပ်ကြသူတွေ၊ ဥပဒေပြင်ပကပုဂ္ဂိုလ်တွေ၊ အဂတိလိုက်စားသူတွေ၊ လူ့အခွင့်အရေးချိုးဖေါက်သူတွေ၊ ဥပဒေကို လက်တစ်လုံးခြားအသုံးပြုသူတွေ၊ ၀ိသမလောဘတိုက်ကြသူတွေရဲ့ မှားယွင်းမှု ဖေါက်ပြန်မှုတွေကိုလည်း မလွှဲမရှောင်သာ ထိတွေ့ရတာမျိုး၊ ဖေါ်ထုတ်ရတာမျိုးတွေ ရှိပါတယ်။ ဒီလိုလူတွေဟာ ပြည်သူတွေရဲ့ လုံခြံုရေး၊ စီးပွားရေး၊ အစရှိတဲ့ ပြည်သူ့အကျိုးစီးပွားတွေကို ထိခိုက်အောင်လုပ်ကြတဲ့ အမှောင်လူသားများဖြစ်ကြတာမို့ သူတို့အပေါ် မီးမောင်းထိုးပြပြီး ပြည်သူတွေ အမှန်အတိုင်းသိရှိကြရလေအောင်၊ ပြည်သူတွေအချိန်မီ အကာအကွယ်ယူနိုင်ကြရလေအောင်၊ ပြည်သူတွေဆင်ခြင်နိုင်ရလေအောင်ဆောင်ရွက်ကြတဲ့ သတင်းမီဒီယာသမားတွေကို ရန်သူလို မြင်တတ်ကြ သဘောထားဆက်ဆံကြပါတယ်။ ဒီလိုနဲ့ပဲ သတင်းမီဒီယာသမားတွေကို အသက်အန္တရယ်ပေးတဲ့အထိ ကျူးလွန်ကြတော့တာပါပဲ။ တနည်းအားဖြင့်ပြောရရင် ပြည်သူတွေရဲ့နားနဲ့မျက်စေ့ကို တစ်စုံလုံးကန်းအောင် ပိအောင် လုပ်ကြတဲ့သဘောပါပဲ။

မိမိတို့တိုင်းပြည်ဟာ အာဏာရှင်စနစ်ကနေပြီး ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းနိုင်ဖို့ ကြိုးစားနေကြတဲ့ ခေတ်ပြောင်းကာလ၊ စပ်ကူးမတ်ကူးကာလ ဖြစ်ပါတယ်။ အာဏာစနစ်နဲ့ ဒီမိုကရေစီစနစ် ရောထွေးယှက်တင်ဖြစ်နေသေးတဲ့ကာလဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ ပြည်သူတွေဟာ နားနဲ့မျက်စေ့ကို အစွမ်းကုန်ဖွင့်ထားကြရမယ့်ကာလဖြစ်ပါတယ်။ အကူးအပြောင်းကာလရဲ့ ရှုပ်ထွေးနက်နဲတဲ့ နိုင်ငံရေး စီးပွားရေး ပညာရေးကဏ္ဍပြဿနာသောင်းခြောက်ထောင်ကို အမြဲမပြတ် စောင့်ကြည့်နားထောင် ဆင်ခြင်းလုပ်ကိုင်ကြရမယ့်အချိန်ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မိမိတို့အကျိုးအတွက် ဆောင်ရွက်ပေးကြရတဲ့ သတင်းမီဒီယာကဏ္ဍ၊ သတင်းမီဒီယာသမားများကိုလည်း အမြဲမပြတ်စောင့်ကြည့်ပေးကြရမယ့် ၀တ္တရားလည်း ရှိပါတယ်။

အကယ်၍များ ပြည်သူ့ဘက်တော်သား သတင်းမီဒီယာသမားများအနေနဲ့ ပြည်သူ့အကျိုး မျှော်ကိုးဆောင်ရွက်တဲ့ သတင်းလုပ်ငန်းပြုလုပ်ရင်း သူတို့အပေါ် အန္တရယ်တစ်စုံတရာ ကျရောက်လာခဲ့မယ်ဆိုရင်လည်း သတင်းမီဒီယာလောကသားတွေတင်မက ပြည်သူတွေကပါ ၀ုိင်းဝန်း ၀န်းရံကာကွယ်ပေးကြဖို့ အသင့်ရှိနေကြဖို့ မျက်စိနားဖွင့်ထားကြဖို့တော့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly