လန်ဒန်ရှိုးပွဲ၌ ပရိသတ်များအား ဖမ်းစားနိုင်ခဲ့သော ဂျပန်ရော့ခ်ဂီတအဖွဲ့ X Japan

လန်ဒန်ရှိုးပွဲ၌ ပရိသတ်များအား ဖမ်းစားနိုင်ခဲ့သော ဂျပန်ရော့ခ်ဂီတအဖွဲ့ X Japan

ဂန္တဝင်ဂျပန်ရော့ခ်ဂီတအဖွဲ့ X Japan သည် ပြီးခဲ့သော စနေနေ့တွင် လန်ဒန်ရှိ SSE အားကစားကွင်းကြီး၌ ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲနှင့် မကြာခင်တွင်ပြသတော့မည့် ဆုများရရှိထားသော ၄င်းတို့အဖွဲ့၏ မှတ်တမ်းရုပ်ရှင် “We Are X” အထူးပွဲနှင့်အတူ ပရိသတ်များအား ဖမ်းစားနိုင်ခဲ့သည်။

X Japan အဖွဲ့သည် ဂျပန်ဂီတသမိုင်း၌ အောင်မြင်မှုအများဆုံး ရော့ခ်ဂီတအဖွဲ့တစ်ခုဖြစ်ပြီး ၄င်းတို့၏ တီထွင်ဖန် တီးမှုရှိသော ရော့ခ်ဂီတသီဆိုဟန်၊ တီးခတ်ဟန် များနှင့်အတူ ပရိသတ်များအား ရင်သပ်ရှုမောဖြစ်စေခဲ့သည်။

“ကျနော့်ရဲ့ကျောရိုးတစ်လျှောက် လျှပ်စစ်စီးကြောင်းတွေ အထက်နဲ့အောက် စီးဆင်းနေသလို ခံစားရပါတယ်။ သူတို့သီချင်းတွေကို နားထောင်တဲ့အကြိမ်တိုင်း ကျနော်ငိုရမလိုတောင် ဖြစ်မိပါတယ်”ဟု SSE အားကစားကွင်း ၌ကျင်းပခဲ့သော ဖျော်ဖြေပွဲသို့ လာရောက်ခဲ့သည့် စပိန်ပရိသတ် လာဇာရိုက ပြောခဲ့သည်။

X Japan သည် အဖွဲ့ကွဲပြီး ၁၀နှစ်အကြာ ၂၀၀၇ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး သီချင်းများနှင့်အယ်လ်ဘမ် စုစုပေါင်း သန်း၃၀ကျော် ရောင်းချထားနိုင်ခဲ့ကာ ဆာဂျော့မာတင်၊ Kiss ၊ စတန်လီ၊ နှင့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရိုကိုအီဇူမီ တို့ကဲ့သို့သော အကျော်အမော်ကြီးများက အဖွဲ့၏ပရိသတ်များဖြစ်ကြသည်။

အဖွဲ့၏မှတ်တမ်းရုပ်ရှင် "We are X" အား ပြီးခဲ့သော အောက်တိုဘာလတွင် လော့စ်အိန်ဂျယ်လိစ်၌ ပြသခဲ့ပြီး ရုပ်ရှင်ပွဲတော်အများအပြား ၌လည်း ပြသခဲ့ကာ ဆုပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့သည်။

အဖွဲ့အား စတင်ထူထောင်ခဲ့သည့် ရိုရှီကီက လက်ရှိတွင် သူသည် သီချင်းအသစ်များကို အမေရိကန် နာမည်ကျော် ရော့်ခ်အဆိုတော် မာရီလင်မန်ဆွန် နှင့်အတူ ရေးစပ်နေပြီး သီချင်းအယ်လ်ဘမ်အသစ်ကို ပြန်လည်ထုတ်ဝေနိုင်ရန် အားစိုက်နေကြောင်း ပြောခဲ့သည်။ X Japan အဖွဲ့ကို လွန်ခဲ့သော ၁၉၈၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly