“အမျိုးသမီးတွေကို အကြမ်းဖက်သူတွေက အမျိုးသားတွေချည်း မဟုတ် ’

“အမျိုးသမီးတွေကို အကြမ်းဖက်သူတွေက အမျိုးသားတွေချည်း မဟုတ် ’

နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာမှ သတင်းတစ်ပုဒ်ကို ဖတ်ရင် ကျွန်မအံ့သြသွားမိသည်။ “သမီးကို တရုတ်နိုင်ငံသားထံ ဇနီးမယားအဖြစ် ရောင်းစားမှု၊ တာဝန်သိပြည်သူတို့က ကြည့်မြင်တိုင် ရဲစခန်းသို့ တိုင်ကြား ခေါင်းစဉ်ကို ဖတ်လိုက်မိ၍ ဖြစ်သည်။ သမီးဖြစ်သူ လူကုန်ကူးခံရ၍ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားသည့် မိခင်မျိုးသာ ကြားဖူးခဲ့သည်။

သည်လို မိခင်ရင်းတစ်ယောက်က သမီးဖြစ်သူ ကို ရောင်းစားခြင်းသည်လည်း လူကုန်ကူးမှု မြောက်သည်ပဲ။ သမီးဖြစ်သူမှာ အသက် ၂၀ အရွယ်ဖြစ်၍ အရွယ်ရောက်ပြီးသူ တစ်ယောက်ဆိုသော်လည်း ဒီအရွယ်တွင် ချစ်သူ ရည်းစားမရှိဟု မပြောနိုင်သလို မမြင်မတွေ့ဖူးသည့်အပြင် ဘာသာစကားလည်း မတူသည့် လူမျိုးခြားတစ်ယောက်ကို မည်သူမှ ကြည်ကြည်ဖြူဖြူနှင့် ကျွန်မယူမယ်လို့ ပြောမည့် အခြေအနေမျိုး မဖြစ်နိုင်ပါ။ မိခင်ဖြစ်သူက သမီးကို ငွေကျပ်သိန်း ၃၀ နှင့် တန်ဖိုးဖြတ်ပြီး ငွေရလိုဇောနှင့် လူမျိုးခြားကို အတင်းဓမ္မ လက်ထပ်ရန်ပြောကြား ပြီး ထည့်ပေးလိုက်၍သာ သမီးဖြစ်သူက လိုက်သွားခဲ့ရခြင်း ဖြစ်တန်ရာသည်။ သည်အခြေအနေမျိုး သည်လည်း အကြမ်းဖက်စေခိုင်းခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်သူများမှာ အမျိုးသားများသာ ဖြစ်သည်ဟု ယူဆထားလေ့ ရှိကြသည်။ အထက်ဖော်ပြပါ အခြေအနေကို လေ့လာကြည့်လျှင်သမီးဖြစ် သည့်အမျိုးသမီး ငယ်တစ်ယောက်ကို အမေဖြစ်သူက အနိုင်အထက်ပြု၍ လက်ထပ်ရန် စေခိုင်းခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျွန်မတို့ မသိသည့် အမျိုးသမီးအချင်းချင်း အကြမ်းဖက် အနိုင်ကျင့်သည့် ယခုလို ဖြစ်ရပ်မျိုးတွေ မည်မျှရှိပြီလဲ။ အဒေါ်ဖြစ်သူ၊ အစ်မဖြစ်သူ၊ ရင်းနှီးသူ အမျိုးသမီးများက အမျိုးသမီးငယ်လေး များကို ဇနီးမယား၊ ပြည့်တန်ဆာ အဖြစ်ရောင်းချသည့် သတင်းများကို မကြာခဏ ဖတ်ရသည်။ မည်သူမျှ ကျွန်မ တရုတ်မယားလုပ်မယ်၊ ပြည့်ဆန်ဆာ လုပ်မယ်ဆိုပြီး ထိုဘဝသို့ ရောက်သွားကြခြင်းမျိုး မဟုတ်ဘဲ အမျိုးသမီးငယ်လေးများကို ၎င်းတို့ အားကိုးယုံကြည်သည့် အမျိုးသမီးကြီးများက လိမ်လည်မြူဆွယ်ပြောဆိုသည်ကို နားယောင်ပြီး တရုတ်မယား ဘဝ၊ ပြည့်တန်ဆာ ဘဝသို့ ရောက်ခဲ့ ကြခြင်း သာ ဖြစ်သည်။

ယခုကိစ္စတွင် အမေနှင့် သမီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိသည့် လူကုန်ကူးမှု ပုံစံများထဲတွင် ပါဝင်သည့် အမျိုးသမီးများကို အဓမ္မမယားပြုစေရန် ရောင်းချခြင်းနှင့် အကျုံးဝင်သည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ တွင် မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်းရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မိခင်ဖြစ်ပါလျက် သမီးဖြစ်သူ နောင်ရေးကို မတွေးဘဲ ငွေရဖို့ စိတ်တစ်ခုတည်းဖြင့် ရောင်းစားခဲ့သည်ကတော့ အတော်လူမဆန်သည့် လုပ်ရပ်ဖြစ်သည်။ မြန်မာအမျိုးသမီး တစ်ယောက်သည် လက်ထပ် ထိမ်းမြားရာတွင် အသက် ၂၀ ပြည့်ပါက တစ်ခုလပ်၊ တစ်လင်ကွာ၊ မုဆိုးမ မဟုတ်သော အပျိုတစ်ယောက်သည် မိမိ၏ လွတ်လပ်သော သဘောဆန္ဒအရ မိမိနှစ်သက် သူကို ရွေးချယ် လက်ထပ်ပိုင် ခွင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေတွင် ရှိသည်။

ထိုကဲ့သို့ မိခင်က သမီးအပေါ် အကြမ်းဖက်ခြင်းသာမက မြန်မာနိုင်ငံတွင် ယောက္ခမနှင့် ယောင်းမ ဖြစ်သူတို့၏ အကြမ်းဖက်မှုကြောင့် ကိုယ်စိတ်နှလုံးပင်ပန်းဆင်းရဲလျက် မိမိကိုယ်မိမိ သတ်သေချင်လောက်အောင် ခံစားကြရသည့် အမျိုးသမီးအများအပြားကို ကျွန်မ မြင်ဖူးသည်။ လွန်ခဲ့သော အနှစ် ၃၀ ကျော်က သူငယ်ချင်းတစ်ယောက်ကို ရန်ကုန်မြို့တစ်နေရာတွင် ကျွန်မ ပြန်တွေ့ရသည့်အခါတွင်လည်း အံ့သြမှုဖြစ်ခဲ့ရဖူးသည်။

ထိုသူငယ်ချင်းမှာ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားစဉ်က အလှဘုရင်မ ဘွဲ့ပေးခြင်း ခံရသူတစ်ဦးဖြစ်ရာ ပြန်တွေ့စဉ်က မမှတ်မိနိုင်အောင် အလွန်အိုမင်းသည့် ရုပ်ဆင်းသွင်ပြင် ဖြစ်နေသည်။

သူ့ကြည့်ပြီး စိတ်မကောင်းဖြစ်မိသဖြင့် “အိမ်ထောင်ရေး အဆင်မပြေဘူးလား၊ အမျိုးသားက နှိပ်စက်လို့လား” မေးမိသည်တွင် သူငယ်ချင်းက ကျွန်မကို စေ့စေ့ကြည့်ပြီး ပြန်မဖြေသေးဘဲ ပြုံး၍နေသည်။

အတန်ကြာမှ ကိုယ့်အမျိုးသားက ကိုယ့်ကို အိမ်ထောင်ကျစကနေ ဒီနေ့အထိ လက်ဖျားနဲ့ မထိဘူးသလို အော်ကြီးဟစ်ကျယ်လည်း တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ “အိမ်ထောင်တစ်ခု မှာယောကျ်ားဖြစ် သူထက် ယောက္ခမက လွှမ်းမိုးပြီး အရေးပါနေရင် အဲဒီ့ချွေးမဖြစ်သူရဲ့ဘဝဟာ နေ့စဉ်အရိုက်အနှက်ခံရတာထက် ပိုဆိုးဝါးတဲ့ စိတ်ဒဏ်ရာတွေ နေ့စဉ်ရနေကြရတာပဲ။ အမျိုးသားက သူ့အမေနဲ့ ညီမကို အရမ်းအလေးထားတော့ အိမ်ထောင်သာ ကျတယ် ကိုယ့်မှာ စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ဘာလို့ ဒီလောက်အထိ ဒုက္ခခံနေသလဲဆိုတော့ ကိုယ်မွေးထားတဲ့ သမီးနှစ်ယောက်ကို ကိုယ့်လိုမျိုး မိဘမဲ့ ဘဝနဲ့ ကြီးပြင်းလာခဲ့ရသလို မဖြစ်စေချင်လို့ပေါ့” ဟု သူ့ပြောစကား နားထောင်ရင်း စိတ်မကောင်း ဖြစ်မိသည်။

ချွေးမ ဖြစ်သူကို သမီးအရင်းအလား ချစ်ခင်ရင်းနှီးစွာ ဆက်ဆံသည့် ယောက္ခမမျိုးလည်း တွေ့ဖူးသည်။ သို့သော်လည်း ကျွန်မတို့ မြန်မာနိုင်ငံတွင် အတော်နည်းသည်။ ထို့နည်းတူ ယောက္ခမကို အမေသဖွယ် ပြုစုဆက်ဆံသော ချွေးမ မျိုးတွေလည်း ရှိသည်။ ရှိတော့ ရှိသည် ရှားသည့်အထဲတွင် ပါနေသည်။

အမျိုးသားခင်ပွန်းဖြစ်သူက ဇနီးမယားဖြစ်သူကို သူငယ်ချင်းပြောသလို ရိုက်နှက်မှ အကြမ်းဖက်ခြင်း မဟုတ်ဘဲ ယောက္ခမ ဖြစ်သူက ချွေးမ ဖြစ်သူကို စိတ်ဒဏ်ရာရစေရန်နည်းမျိုးစုံ သုံး၍ နှိပ်စက်ခြင်းက အိမ်တွင်း အကြမ်းဖက်မှုဖြစ်သလို ချွေးမ ဖြစ်သူက ယောက္ခမဖြစ်သူအား မလေးမစား မထီမဲ့မြင် ပြုမူမှုကလည်း အိမ်တွင်း အကြမ်းဖက်မှုသာ ဖြစ်သည်။

အမျိုးသားများ၏ လိင်မှုဆိုင်ရာ နှောက်ယှက်မှုနှင့် ထိပါးစော်ကားမှုများကို အကြမ်းဖက်မှုများဟု သတ်မှတ်သလို ထိုကဲ့သို့ အမျိုးသမီးအချင်းချင်း ပြုမူလုပ်ဆောင်မှုကိုလည်း ထည့်သွင်း စဉ်းစားစေလိုသည်။ ထိုအကြမ်းဖက်မှုများက အမျိုးသမီးတို့၏ စိတ်ပိုင်းနှင့် လူမှုရေး စိတ်ဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသည်။ အမျိုးသမီးများတွင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှု များခြင်း ဖြစ်လာသည့်အခါ အချို့မှာ မခံစားနိုင်သဖြင့် မိမိကိုယ်ကို သေကြောင်းကြံစီကြသည်ကို မကြာခဏ တွေ့မြင်ရသည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းနိုင်အောင် မူကြမ်းရေး ဆွဲရာတွင် အမျိုးသမီးများအား အကြမ်းဖက်သူကို လေ့လာရာတွင် အမျိုးသားများသာမက အမျိုးသမီးချင်းလည်း အကြမ်းဖက် ပြုမူမှုများကို ထည့်သွင်းစဉ်းစားစေလိုကြောင်း ရေးသားတင်ပြလိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags