တိုင်းရင်းသားအုပ်စုများ၏ သဘောထားကွဲလွဲနေမှုများက ငြိမ်းချမ်းရေးသို့ သွားရာလမ်းရှေ့မှာ ပိတ်ခံထားသလို ဖြစ်နေ

တိုင်းရင်းသားအုပ်စုများ၏ သဘောထားကွဲလွဲနေမှုများက ငြိမ်းချမ်းရေးသို့ သွားရာလမ်းရှေ့မှာ ပိတ်ခံထားသလို ဖြစ်နေ
Photo-EPA
 

၂၀၁၅ ခုနှစ် အောက်တိုဘာလက အပစ်အခတ် ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ရေးထိုးလိုက်ခြင်းက တိုင်းရင်းသား အုပ်စုတွေကို အကွဲအပြဲတွေလို ဖြစ်စေခဲ့ပါတယ်။ အဓိကအားဖြင့်တော့  NCA လက်မှတ်ထိုးတဲ့ အဖွဲ့ရှစ်ခုနဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေအကြား ကွဲထွက်စေခဲ့ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားတွေနဲ့ လုံးဝ ငြိမ်းချမ်းရေး မရတာထက်စာရင် ခုလို ဒီ စာချုပ်လက်မှတ်ရေးထိုးမှုက ပိုပြီးလက်တွေ့ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း အဲဒီစာချုပ်မှာ တိုင်းရင်းသားအဖွဲ့ ရှစ်ခု ပါ၀င်လက်မှတ်ထိုးခဲ့မှုက ငြိမ်းချမ်းရေးအတွက် လက်တွေ့ဆန်တဲ့ ကြိုးပမ်းမှု ဖြစ်ရာရောက်ကြောင်း ပြသထားနိုင်ခဲ့ပါတယ်။

အစပထမပိုင်းမှာတော့ NCA လက်မှတ်ထိုးတဲ့ အုပ်စုနဲ့ မထိုးတဲ့ အဖွဲ့တွေအကြား ကွဲလွဲမှုက သိပ်ပြီး ကြီးကြီးမားမား ပြဿနာ မရှိခဲ့သေးပါဘူး။ ဘာလို့လဲဆိုတော့  လက်မှတ်ထိုးတဲ့အဖွဲ့အားလုံးနဲ့ ဦးသိန်းစိန် အစိုးရတို့အတွက်ကတော့ အချိန်မရွေး ကျိုးပဲ့ပျက်စီးသွားနိုင်တဲ့ ငြိမ်းချမ်းရေးကို အခြေတည်ခိုင်မာစေဖို့ NCA ရဲ့ အထူးတင်းကျပ်တဲ့ သတ်မှတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်နေခဲ့လို့ ဖြစ်ပါတယ်။ သူတို့ အောင်လည်း အောင်မြင်ခဲ့ကြပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေဆီ သွားဖို့ လမ်းပြမြေပုံတစ်ရပ်ကို သူတို့ ခိုင်ခိုင်မာမာ ရေးဆွဲနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ တိုင်းရင်းသား အုပ်စုတွေရဲ့ သဘောကွဲလွဲမှု၊ သွေးကွဲမှုတွေက နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အဓိက ပြဿနာကြီးတစ်ခုအဖြစ် ပိုမိုထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့ပါတယ်။ ခုကြည့်လိုက်မယ်ဆိုရင်လည်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယခင်အစိုးရလက်ထဲကနေ လက်ပြောင်းယူထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအတွက်လည်း ဒါကို ကိုင်တွယ်လုပ်ဆောင်ဖို့ ခက်ခဲနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

ဒီလို ဘာကြောင့်ဖြစ်ရတာလဲဆိုတာရဲ့ အကြောင်းရင်း အများအပြား ရှိနေပါတယ်။

NCA လက်မှတ်ထိုးထားသူအုပ်စုတွေနဲ့အကြား စေ့စပ်ညှိနှိုင်းနိုင်မယ့် စည်းမျဉ်းနည်းလမ်းတွေအများအပြား ရှိနေခြင်း

စပြောရရင်တော့ NCA ထိုးထားသူ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ အစိုးရနဲ့အကြား စေ့စပ်ညှိနှိုင်းဖို့ စည်းမျဉ်းပုံစံ အများအပြား ရှိထားပါတယ်။

လက်မှတ်ထိုးထားသူတွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အပြည့်အဝနဲ့ တရားဝင် ပါ၀င်နိုင်မှာဖြစ်ပါတယ်။ ၎င်းအုပ်စုတွေအနေနဲ့ ဘယ်လိုနိုင်ငံရေး ကိစ္စရပ်မျိုးကိုမဆို အစိုးရနဲ့ အခြား သက်ဆိုင်သူတွေနဲ့အကြား ဆွေးနွေးညှိနှိုင်းနိုင်မှာ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေကလည်း NCA စာချုပ်မှာ ထည့်သွင်းထားတဲ့ ကန့်သတ်ချက်တွေအတွင်း ရှိနေရမှာ ဖြစ်ပြီးတော့ ခွဲမထွက်ရ ဆိုတဲ့ စာကြောင်းကပဲ အဓိက ကန့်သတ်ချက်အဖြစ် ဆက်ရှိနေပါတယ်။

အလားတူ အဆိုပါအုပ်စုဟာ ရှင်းလင်းသေချာတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ပြဌာန်းချက်တွေ၊ စည်းမျဉ်းတွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီ JMC မှာလည်း ပါ၀င်ဦးမှာဖြစ်ပါတယ်။ ရှင်းလင်းမှုမရှိတဲ့ ပိုင်းခြားသတ်မှတ်မှုတွေနဲ့ အခြားဖြစ်စဉ််တွေကနေ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ချိုးဖောက်ချက်တွေ ရှိလာခဲ့မယ်ဆိုရင်လည်း   နှစ်ဘက်စလုံးအနေနဲ့   တွေ့ဆုံပြီး ဖြစ်လာတဲ့ကိစ္စတွေကို ရှင်းလင်းညှိနှိုင်းဖြေရှင်းနိုင်ဦးမှာ ဖြစ်ပါတယ်။

အဲဒီ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို မတရားအသင်းကနေ ပယ်ဖျက်ပေးခံထားရပြီးလည်း ဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်က တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆိုင်းငြိမ်းချမ်းစေနိုင်ဖို့အတွက် အစိုးရနဲ့ NCA ထိုးထားတဲ့ အဖွဲ့တွေအကြား ပုံမှန်စည်းဝေးမှုတွေ ရှိနေမှာ ဖြစ်ပါတယ်။

NCA မထိုးထားတဲ့အဖွဲ့တွေအတွက် စည်းမျဉ်းနည်းလမ်းတွေ ရှင်းလင်းမှု ရှိမနေခြင်း

ဒါပေမယ့်သော်ငြားလည်း NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ပတ်သက်လို့ကတော့  လုံးဝကို မတူညီကွဲလွဲမှုတွေ ရှိနေပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့အုပ်စုကိုမှ ထပ်ပြီးတော့ အုပ်စုနှစ်ဖွဲ့ ခွဲလိုက်မယ်ဆိုရင် အစိုးရနဲ့ အပြန်အလှန်အပစ်ရပ်သဘောတူထိုးတဲ့ အဖွဲ့တွေနဲ့ မထိုးထားတဲ့အဖွဲ့တွေ ဆိုပြီး တွေ့ရပါလိမ့်မယ်။

အစိုးရနဲ့ အပြန်အလှန် သဘောတူညီချက်ထဲမှာလည်း အပစ်ရပ်ထားဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကျင်းပဖို့ ဆိုတဲ့ အချက်တွေလွဲလို့ သိပ်များများစားစား ထည့်မထားပါဘူး။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စောစောစီးစီး ဒီလိုမျိုး အကြိုကနဦးသဘောတူညီချက်တွေ ထိုးထားပြီးနောက်ပိုင်း ၀င်သူအားလုံးအတွက် သက်သာရာကိစ္စတစ်ခု ဖြစ်နေခဲ့တာဖြစ်ပါတယ်။

UNFC ရဲ့ ဦးဆောင်သူအဖြစ် သတ်မှတ်ရမှာဖြစ်တဲ့ KIO ဆိုရင် ၁၉၉၄ ခုနှစ်က တပ်မတော်နဲ့ အပစ်ရပ်စာချုပ်တစ်ခု လက်မှတ်ထိုးခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီစာချုပ်ကို တရားဝင်ဖြစ်တယ်လို့ ခုချိန်ထိ မစဉ်းစားကြတော့ပါဘူး။

UNFC မှာပါတဲ့ ကျန်အဖွဲ့တွေအနေနဲ့ အစိုးရနဲ့ ဘာသဘောတူစာချုပ်မှ လက်မှတ်ထိုးထားခြင်း မရှိသလို ဘယ်လိုစာချုပ်တွေနဲ့မှ ပတ်သက်ပါ၀င်ထားခြင်း မရှိပါဘူး။ ဒီလိုကြောင့်လည်း သူတို့တွေအတွက် လွယ်လွယ်ကူကူ လွတ်လွတ်လပ်လပ် တိုက်လို့ ခိုက်လို့ ရနေတာဖြစ်ပြီး သူတို့တွေရဲ့ စစ်ရေးလမ်းစဉ်အတိုင်း လုပ်ဆောင်နေနိုင်တာဖြစ်ပါတယ်။ စစ်လက်နက်ပစ္စည်းပိုင်းအနေနဲ့ သူတို့တွေဆီမှာ ထောက်ပံ့မှုများစွာ ရထားပုံလည်း ရပါတယ်။

ဒီလို အကြောင်းအချက်တွေကြောင့်လဲ နိုင်ငံမှာ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့အဖွဲ့တွေအကြား မကြာခဏဆိုလို ပြင်းထန်တဲ့ ထိတွေ့တိုက်ခိုက်မှုတွေ ရှိနေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းကဆိုရင် နိုင်ငံမြောက်ပိုင်းမှာ KIO နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ မြင်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အဓိကကျတဲ့ ဆက်သွယ်ပြောဆိုမှုပိုင်း ပြတ်တောက်မှုတွေ ရှိခဲ့ရပြီး UNFC နဲ့ အစိုးရအကြားမှာတော့ တွေ့ဆုံညှိနှိုင်းဖို့ လေးလကျော်တောင် အချိန်ယူခဲ့ရတာလည်း ရှိခဲ့ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် ပြစ်တင်မှုတွေကို ကျော်လွှားရင်းနဲ့ တိတ်တဆိတ် စကားကမ်းလှမ်းမှုတွေ အများအပြားလုပ်ခဲ့ပြီးမှပဲ ကာလကြာ စောင့်ဆိုင်းခဲ့ရတဲ့ UNFC နဲ့ အစိုးရအကြား စည်းဝေးမှုက မတ်လ အစောပိုင်းမှာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေကလည်း ရလဒ်ကောင်းတွေ ရခဲ့ပုံရပါတယ်။ အခုဆိုရင်လည်း နောက်ထပ် ငြိမ်းချမ်းရေးအသီးအပွင့်တွေ ဆွတ်ခူးနိုင်ဖို့ နှစ်ဘက်စလုံးအတွက် အခွင့်အလမ်းတွေကို တင်ပြနိုင်ခဲ့ပါတယ်။

လက်မှတ်မထိုးထားတဲ့ အခြား အုပ်စုအဖွဲ့များ

ကိုးကန့်၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ AA တို့ နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာဆိုရင် အစိုးရနဲ့ အဆက်မပြတ် တိုက်ခိုက်လာနေလျက်ရှိပါတယ်။ အဲအဖွဲ့တွေဆိုရင် အပစ်ရပ်ဆွေးနွေးမှုတွေကနေ လုံးဝဘေးထွက်နေတာဖြစ်ပြီး UNFC ထက်တော့ ပိုပြီး သဘောထား တင်းမာနေတယ်လို့ ယူဆသတ်မှတ်ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေဟာ UNFC ကနေ ၂၀၁၅ မှာ ထွက်ခွာသွားခဲ့ပြီး မြောက်ပိုင်းမှာရှိတဲ့ သူတို့ရဲ့မဟာမိတ်တွေကို အစိုးရက ဖယ်ထုတ်ထားခဲ့တာနဲ့စပ်လျဉ်းလို့ သဘောမတူဖြစ်ခဲ့ကြပါတယ်။ အလားတူ ၀ နဲ့ မိုင်းလား တို့လိုမျိုး အုပ်စုတွေလည်း ရှိနေပါတယ်။

ပါ၀င်သူ အားလုံးအကြားက အကွဲအပြဲများ

NCA ထိုးထားသူတွေရော မထိုးထားသူတွေရော နှစ်ဘက်အုပ်စုစလုံးအနေနဲ့ တစ်ဘက်နဲ့တစ်ဘက်အကြား နားမလည်နိုင်ကြသေးတာကို တွေ့ရပါတယ်။

လက်မှတ်မထိုးခဲ့ကြသူအဖွဲ့တွေ ခုလို ပထမအဆင့်မှာပဲ NCA ကို ဘာလို့ မထိုးခဲ့တာလဲ ဆိုတာနဲ့ပတ်သက်လို့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဘက်က စဉ်းစားနေကြမှာဖြစ်သလို တစ်ဘက်မှာလည်း UNFC လို လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း ထိုးတဲ့အဖွဲ့ တွေ ဘာလို့ ထိုးလိုက်တာလဲဆိုတာ တွေးပြီး အံ့အားသင့်နေကြမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် NCA စာချုပ်မှာ ဒီအဖွဲ့ ရှစ်ဖွဲ့ ဘာလို့လက်မှတ်ထိုးလိုက်တာလဲဆိုတာ သူတို့ဘက်က နားမလည်နိုင်ခဲ့ကြပါဘူး။

ဒီလိုပါပဲ၊ လက်မှတ်မထိုးတဲ့အဖွဲ့တွေ ဘာလို့အစိုးရနဲ့ သဘောတူညီချက်ရဖို့ ငြင်းဆန်ခဲ့ကြရလဲ၊ ဘာလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါ၀င်လာဖို့ ငြင်းဆန်နေကြတာလဲဆိုတာနဲ့ပတ်သက်လို့ နားမလည် သဘောမပေါက် ဖြစ်နေနိုင်ပါတယ်။

ရှင်းရှင်းလင်းလင်း သိလိုက်ရတာတစ်ခုက ဒီဖြစ်စဉ်မှာ ပါ၀င်သူအားလုံးအနေနဲ့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဘက်နဲ့တစ်ဘက်အကြား သဘောပေါက်နားလည်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ မတ်လ အစောပိုင်းက လုပ်ခဲ့တဲ့ အစိုးရနဲ့ UNFC တို့ရဲ့ တွေ့ဆုံမှုကနေ တဆင့် နှစ်ဘက်စလုံးအတွက် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးသွားနိုင်မယ့် အခွင့်အလမ်းတွေ တင်ပြနိုင်ခဲ့ပါတယ်။

လက်တွေ့အကျိုးမျှော်မှု

လက်မှတ်ထိုးထားသူတွေအတွက်ကတော့ သူတို့တွေအတွက် လက်တွေ့ကျဖို့ လိုတာ ရှင်းလင်းလှပါတယ်။ သူတို့တွေအနေနဲ့ ဆယ်စုနှစ်များစွာကြာကတည်းက မြန်မာအစိုးရအဆက်ဆက်နဲ့ တိုက်ခိုက်လာခဲ့ရတယ်။ ဒါပေမယ့် ဖက်ဒရယ်လစ်ဇင်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်သတ်မှတ်ခွင့်တို့အတွက် သူတို့တွေလိုချင်တဲ့ စိတ်ဆန္ဒတွေကိုတော့ သဘောပေါက်နားလည်မခံခဲ့ကြရဘူး။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်ထဲမှာ ညှိနှိုင်းဆွေးနွေးမှုတွေအတွင်း ရာစုဝက်အကြား တားမြစ်ပိတ်ပင်ချက်ကို ချိုးဖောက်လို့ ဖက်ဒရယ်လစ်ဇင်ကို အုတ်မြစ်ချဖို့ အစိုးရဘက်က သဘောတူပေးခဲ့တယ်။ ဒီချိန်မှာ တကယ့်မြေပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ဒီကိစ္စက ဖြစ်လာနိုင်ဖို့ ခဲယဉ်းနေဦးမှာဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားအုပ်စုတွေထဲက လက်တွေ့ဆန်သူတစ်ချို့ကတော့ ခုချိန်မှာ မချင့်မရဲ ပြောနေတာလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်နီးပါး၊ NCA မူကြမ်းကို ပထမဆုံးသဘောတူနိုင်ခဲ့တဲ့အချိန် ၂၀၁၅ မတ်လလောက်ကို ပြန်တွေးပြီး သူတို့အချိန်တွေ ဖြုန်းမိခဲ့တယ်လို့ ထင်မြင်နေကြပါတယ်။ သူတို့ ဘယ်လိုမျိုး မဟာဗျူဟာနည်းကျကျ အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရတာလဲဆိုတာနဲ့ပတ်သက်လို့ သူတို့ ပြောဆိုခဲ့ကြတယ်။ ၂၀၁၅ ဇွန်လက လောခီလာ တိုင်းရင်းသာညီလာခံမှာ အစိုးရနဲ့ NCCT တို့အကြား ညှိနှိုင်းဆွေးနွေးမှုတွေမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD ကို သူတို့ခွင့်ပြုပေးခဲ့တာနဲ့ပတ်သက်လို့ ပြောနေတာဖြစ်ပါတယ်။

ထင်သာမြင်သာ ရှိခဲ့တာကတော့ SD အဖွဲ့အနေနဲ့  တောင်းဆိုချက်အများအပြား လုပ်ပြီး အချိန် လေးလလောက်သာ ကုန်ခဲ့ပေမယ့် အစိုးရနဲ့အကြား အပေးအယူဘာတစ်ခုမှ အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဆုံးမှာတော့ ၂၀၁၅ အောက်တိုဘာ ၁၅ လက်မှတ်ရေးထိုးချိန်မှာတော့ ထိုးတဲ့သူက ထိုး  ၊ မထိုးတဲ့သူက မထိုးနဲ့ အကွဲအပြဲတွေကို မြင်တွေ့ရရင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

မည်သို့ပင် ဖြစ်စေ လက်မှတ်ထိုးထားသူအဖွဲ့အများစုကတော့ ခုလို မထိုးထားရသေးတဲ့အဖွဲ့တွေကို ပြန်စောင့်နေရတာကို မကြိုက်ကြပါဘူး။ သူတို့တွေက လုပ်ငန်းစဉ်အတွင်း တိုးတက်မှု ထပ်ရဖို့နဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ခဲ့ရတဲ့သူတို့ဒေသတွေအတွက် အရေးကြီးတဲ့ အခြားဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ လုပ်ပေးနိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။ သူတို့တွေအနေနဲ့ တကယ့်လက်တွေ့ဆန်တဲ့ နိုင်ငံရေးညှိနှိုင်းမှုနဲ့ ဆက်သွားချင်နေပါတယ်။ ခုဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို စတင်လာလိုက်တာ ဘာမှ ခိုင်မာတဲ့ ရလဒ်မရဘဲ ခြောက်နှစ်နီးပါးအချိန်တွေလည်း ကုန်လွန်သွားခဲ့ရပြီးဖြစ်ပါတယ်။ အားလုံးအတွက် တစ်စုတစ်စည်းသော ဖြေရှင်းချက်တစ်ခု ရဖို့ သူတို့တွေ ကာလအကြာကြီး စောင့်ဆိုင်းခဲ့ကြရတာပါ။

ဒီလိုနဲ့ပဲ သူတို့တွေ ဟာ ကိစ္စရပ်တွေအတွက် အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်ထားခဲ့ရပါတယ်။ အစိုးရဘက်ကလည်း အပစ်ရပ်ထားတဲ့ ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ စတင်ဖို့ စိတ်ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ဒါဟာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ အစိုးရတို့အကြား လက်တွေ့ကျမှုကို လုပ်ယူရမယ့် နောက်ထပ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။

အစိုးရရဲ့ လက်တွေ့အကျိုးမျှော်ဝါဒ

ယခင် ဦးသိန်းစိန်အစိုးရ အနေနဲ့ ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ထိုးချင်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်ခြင်းနဲ့ ယင်းရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ လက်တွေ့ဆန်မှုကို ပြသခဲ့ပါတယ်။ အဖွဲ့အားလုံးတော့ ဒီစာချုပ်မှာ ပါ၀င်နိုင်မဟုတ်ဘူး ဆိုတာလည်း ကောင်းစွာ သိရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ယခု NLD အစိုးရအနေနဲ့လည်း သိပ်ပြီး ကွဲလွဲမှာမဟုတ်ပဲ သူတို့လည်း လက်တွေ့ကျမှုကို ပြသပါလိမ့်မယ်။

သိသာထင်ရှားတဲ့အချက်က လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို အချိန်မရွေး ညှိနှိုင်းဆွေးနွေးနိုင်တယ်ဆိုပြီး တံခါးတွေ ဆက်ဖွင့်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါ၀င်လာနိုင်မယ့်အချိန်အခါကို ဆက်စောင့်ဖို့ စိတ်ရှည်သည်းခံမှု ဒါမှမဟုတ်အချိန်လည်း မရှိနိုင်ပါဘူး။

အစိုးရဘက်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ပါ၀င်တက်ရောက်လာနိုင်ဖို့ ဖိအားပေးဖိတ်ခေါ်မှုတွေ အများကြီး လုပ်ထားခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ တိုင်းရင်းသားပြဿာနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါ၀င်လာနိုင်ဖို့ ကြိုးပမ်းထားခဲ့ပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေဘက်က အလျှော့မပေးလိုတဲ့ ရပ်တည်ချက်တွေကြောင့်လည်း ဒါကို ဆုတ်ဆိုင်းထားဖို့ မဖြစ်နိုင်ပါဘူး။

သဘောကွဲပြားမှု

ယခုဆိုရင်တော့ ကွဲပြားမှုကတော့ အစိုးရ၊ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်စိတ်တစ်ပိုင်းပါတဲ့ နိုင်ငံရေးပါတီ ၂၂ ခုလိုမျိုး သက်ဆိုင်သူတွေက တစ်ဘက်၊ NCA မထိုးထားသူတွေက တစ်ဘက် ကွဲလွဲနေပြီဖြစ်ပါတယ်။

ဒီရှိရင်းစွဲ ကွဲပြားသွေးကွဲမှုအပြင် မကြာသေးမီကလည်း ၀စစ်တပ်က NCA ကို ပယ်ချပြီး အစိုးရနဲ့ နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းမယ်ဆိုပြီး တောင်းဆိုချက်ကြောင့်လည်း UNFC နဲ့ မြောက်ပိုင်းက အဖွဲ့အုပ်စုတွေအကြား အကွဲအပြဲကို ပိုမို ကျယ်ပြန့်သွားစေခဲ့တယ်လို့ ယူဆရနိုင်ပါတယ်။

ဒါတွေအားလုံးဟာ ကျော်ဖြတ်ရမယ့်အဓိက ခလုတ်ကသင်းတစ်ခုအဖြစ် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

သဘောကွဲပြားမှုတွေက ငြိမ်းချမ်းရေးသို့သွားရာလမ်းမှာ ရှိနေပါတယ်

တကယ်တမ်းကျတော့ တိုင်းရင်းသားအဖွဲ့တွေအကြား ကွဲပြားမှု၊ ကွဲလွဲမှုတွေက အခုမှ စရှိတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ NCA မထိုးခင်ကတည်းက ရှိထားနှင့်ပြီးဖြစ်ပါတယ်။ NCA လက်မှတ်ထိုးခြင်း မထိုးခြင်းနဲ့ပတ်သက်လို့ အဖွဲ့တစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင် အကြောင်းပြချက်တွေလည်း ရှိနေကြပါတယ်။ လက်မှတ်မထိုးတဲ့အဖွဲ့တွေဘက်ကလည်း သူတို့ဘာကြောင့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘေးထွက်နေလဲဆိုတာ အကြောင်းပြချက်တွေ ရှိနေမှာ အသေအချာပါပဲ။ ဒါကြောင့်မို့ အမျိုးမျိုးကွဲကွဲပြားပြား ပါ၀င်နေသူတွေ၊ သူတို့တွေရဲ့ အခြေအနေအဖုံဖုံ၊ အကျိုးစီးပွား တွေနဲ့အတူ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ရှုပ်ထွေးလှတဲ့ သဘောသဘာဝကို တွက်ချက်နားလည်အကဲဖြတ််ကြည့်လိုက်မယ်ဆိုရင် ဒီနေရာမှာ ဘယ်သူကိုမှ အပြစ်တင်လို့ရနိုင်မှာမဟုတ်ပါဘူး။

တစ်ဦးနဲ့တစ်ဦးအပြစ်ဖို့နေတာက ဒီခက်ခဲတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကအချက်တစ်ခုအဖြစ် ရှိနေပေမယ့်လည်း ခုလို သဘောကွဲလွဲမှုတွေက ငြိမ်းချမ်းရေးဆီ လှမ်းရာလမ်းမှာ ရှိနေပါတယ်။ ဒါကြောင့်လည်းပဲ သက်ဆိုင်သူအားလုံးအနေနဲ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကို ပါ၀င်လာနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ရှာဖွေစဉ်းစားသင့်ပါတယ်။

ပိုအရေးကြီးတာက သက်ဆိုင်သူ ပါ၀င်ပတ်သက်သူအားလုံးဖြစ်တဲ့ အစိုးရ၊ NCA လက်မှတ်ထိုးထားသူတွေ၊ မထိုးထားသူတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦးအကြား သဘောပေါက်နားလည်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ NCA ကို ဘာကြောင့် လက်မှတ်ထိုးဖို့ ငြင်းဆန်နေကြတာလဲဆိုတာကိုအထူးအလေးထားပြီး အကြောင်းရင်း ရှာဖွေတာမျိုး လုပ်ဖို့လိုပါတယ်။

အယူအဆကွဲပြားမှု ပြင်းထန်တဲ့မြန်မာနိုင်ငံလို လူ့အဖွဲ့အစည်းထဲမှာတော့ ခုလိုမျိုး ကွဲလွဲမှုတွေ အများကြီး ရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒါဟာ တကယ့်ပြဿနာတစ်ခုဖြစ်နေပါတယ်။ ဒီ ကွဲလွဲမှုတွေက ကျိုးပျက်လွယ်တဲ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တာကြောင့်လည်း ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပိတ်ခံတားဆီးနေတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags