ယူရိုပါလိဂ်ဖလားမှာ မန်ယူအတွက် အဓိကဦးစားပေး ဆုဖလားဖြစ်လာနိုင်သည်ဟု မော်ရင်ဟို ၀န်ခံ

ယူရိုပါလိဂ်ဖလားမှာ မန်ယူအတွက် အဓိကဦးစားပေး ဆုဖလားဖြစ်လာနိုင်သည်ဟု မော်ရင်ဟို ၀န်ခံ

မတ် ၈၊ အင်္ဂလန် ။                ။ မန်ယူနည်းပြမော်ရင်ဟိုက ယခုနှစ်ရာသီတွင် ယူရိုပါလိဂ်ဆုဖလားမှာ ၎င်းတို့အသင်းအတွက် အဓိကဦးစားပေးဆုဖလား ဖြစ်လာနိုင်သည်ဟု ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ယခုနှစ်တွင် ကွန်မြူနတီဒိုင်းနှင့် လိဂ်ဖလားတို့ကို ရရှိထားပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ရလျက်ရှိသည်။

လက်ရှိတွင် မော်ရင်ဟိုနှင့်မန်ယူအသင်းသည် လာမည့်ရာသီသစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိရန်အတွက် အဆင့်လေးအတွင်းဝင်ဖို့ ကြိုးပမ်းလျက်ရှိနေသည်။ သို့သော် ယူရိုပါလိဂ်တွင် ချန်ပီယံဖြစ်ခဲ့ပါကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရမည် ဖြစ်သည်။

မော်ရင်ဟိုက ယူရိုပါလိဂ်တွင် ကွာတားဖိုင်နယ်သို့ရောက်ရှိသွားပါက ဆုဖလားအနံကို ရပြီဖြစ်ကြောင်း ရော့စ်တော့ဗ်နှင့် ၁၆ သင်းအဆင့် ပထမအကျော့မကစားမီ ပြောဆိုလိုက်သည်။

‘ယူရိုပါလိဂ်က ခက်ခဲတဲ့ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲက ကျွန်တော်တို့ရဲ့ ပစ်မှတ်လည်းဖြစ်ပါတယ်။ ရော့စ်တော့ဗ်ကို ကျော်ဖြတ်နိုင်ရင် ကွာတားဖိုင်နယ်ကိုရောက်ပါပြီ။ ၁၆ သင်းအဆင့်က ဆုဖလားအကြောင်းတွေးဖို့ ဝေးသေးပေမယ့် နောက်ဆုံးရှစ်သင်းစာရင်းကို ၀င်သွားခဲ့ပြီဆိုရင်တော့ ဆုဖလားအနံကို ရပါပြီ’ ဟု မော်ရင်ဟိုက ဆိုသည်။

ပရီးမီးယားလိဂ်တွင် ပထမနေရာရရှိရန်မှာ မဖြစ်နိုင်တော့သော်လည်း ဒုတိယနေရာရရန်မှာ ဖြစ်နိုင်သေးကြောင်းနှင့် ထို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း မော်ရင်ဟိုက ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly