ရန်ကုန် နိုင်ပွဲရပ်တန့်ကာ မကွေး၊ ရတနာပုံ၊ ဇွဲကပင်တို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့

ရန်ကုန် နိုင်ပွဲရပ်တန့်ကာ မကွေး၊ ရတနာပုံ၊ ဇွဲကပင်တို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့
မကွေးနှင့် ချင်းယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ကစားခဲ့စဉ်(ဓာတ်ပုံ - Magwe FC)

ဇူလိုင် ၂၇၊ ရန်ကုန် ။      ။ ၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၃ တွင် နိုင်ပွဲရာနှုန်းပြည့် ဆက်နေသော ရန်ကုန် အသင်းမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး မကွေး၊ ရတနာပုံ၊ ဇွဲကပင်၊ ဇေယျာရွှေမြေအသင်းတို့မှာ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့သည်။

၁၂ ပွဲကစားပြီးချိန်တွင် ၁၂ ပွဲစလုံး အနိုင်ရကာ ရာနှုန်းပြည့် နိုင်ပွဲ ဆက်နေသော ရန်ကုန်အသင်းသည် ပွဲစဉ် ၁၃ တွင် ဧရာဝတီအသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သောကြောင့် နိုင်ပွဲ ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါပွဲတွင် ရန်ကုန်အသင်းသည် အိမ်ရှင်ဧရာဝတီအသင်း၏ နှစ်ဂိုးပြတ် ဦးဆောင်ခြင်းခံခဲ့ရပြီး ပွဲချိန် ၉၅ နှင့် ၉၆ မိနစ်များတွင် ချေပဂိုးများ ရရှိခဲ့သောကြောင့် သရေ တစ်မှတ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းသည် နိုင်ပွဲ ရပ်တန့်သွားခဲ့သော်လည်း ၁၃ ပွဲကစား ၁၂ ပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ် ၃၇ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဧရာဝတီအသင်းမှာ ရန်ကုန်အသင်းကို အမှတ်ခွဲပေး ခဲ့ရ သောကြောင့် အဆင့် ၃ နေရာသို့ ဆင်းခဲ့ရသည်။ ချင်းယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သော မကွေးအသင်းမှာ ၁၃ ပွဲကစား ရှစ်ပွဲနိုင်၊ လေးပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ ထိ တက်ရောက်လာနိုင်ခဲ့သည်။ ဗထူးကွင်းတွင် ကစားခဲ့သောပွဲတွင် အိမ်ရှင်ရတနာပုံအသင်းက ကမ္ဘောဇအသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အဆင့် ၄ တွင် ရပ်တည်နေသည်။

အခြားပွဲစဉ်များတွင် နေပြည်တော်အသင်းက မနောမြေအသင်းကို ၂-၁ ဂိုး၊ ဇွဲကပင်အသင်းက ဟံသာ ဝတီအသင်းကို ၂-၁ ဂိုး၊ ဇေယျာရွှေမြေအသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၂-၀ ဂိုးများဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် ၁၃ ပွဲ ကစားပြီးချိန်တွင် တန်းဆင်းဇုန် အဆင့် ၁၁ ၊ ၁၂ နေရာများတွင် ၂၀၁၄ နေရှင်နယ်လိဂ်-၂ မှ တက်လာသော ရခိုင်ယူနိုက် တက်အသင်းနှင့် ဟံသာဝတီအသင်းတို့က ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၆ နှင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေကြသော ချင်းယူနိုက်တက်အသင်း၊ နေပြည်တော်အသင်း၊ ဇွဲကပင်အသင်း၊ ဇေယျာရွှေမြေအသင်းနှင့် မနောမြေ အသင်းတို့မှာလည်း တန်းဆင်းဇုန် အန္တရာယ်ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly