မြန်မာနယ်စပ်က ပစ်ခတ်မှုများ ချက်ချင်းရပ်ဖို့ တရုတ်တိုက်တွန်း

မြန်မာနယ်စပ်က ပစ်ခတ်မှုများ ချက်ချင်းရပ်ဖို့ တရုတ်တိုက်တွန်း
ဓာတ်ပုံ-EPA

တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် လူအနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများဘေးလွတ်ရာထွက်ပြေးခဲ့ကြရပြီး တရုတ်နိုင်ငံက ချက်ချင်းအပစ်ရပ်ဖို့ရန် နှစ်ဖက်စလုံးကို တိုက်တွန်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် မတ် ရ ရက်က ဖော်ပြသည်။

၂၀၁၅ ခုနှစ်က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တရုတ်စကားပြောကိုးကန့်ဒေသ၌ ယခုတစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် သေဆုံးသူများစွာရှိကာ   ထောင်ပေါင်းများစွာက တရုတ်ဖက်ခြမ်းသို့ ထွက်ပြေးကြရသည်။

ကိုးကန့်ဒေသ၏ မြို့တော်ဖြစ်သော လောက်ကိုင်မြို့ကို မတ် ၆ ရက်နံနက်က MNDAA တပ်များ တိုက်ခိုက်၍ အမြောက်ပစ်ကူတပ်များဖြင့် တွန်းလှန်ခဲ့ကြောင်း မတ် ရ ရက်တွင် တပ်မတော်က ထုတ်ပြန်သည်။

MNDAA တပ်မှ သောင်းကျန်းသူများ၏ မြို့သိမ်းရေး ကြိုးစားမှု မအောင်မြင်ခဲ့ကြောင်း တပ်မတော်က ပြောခဲ့ပြီး မြို့အနှံ့က ထိတွေ့တိုက်ပွဲများတွင် အရပ်သားများနှင့် စစ်သားတစ်ချို့သေဆုံးကြောင်း ဖြည့်စွက်ဆိုသည်။

အမည်ဖော်လိုခြင်းမရှိသည့် တပ်မတော်သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသို့ ပြောရာတွင် တိုက်ပွဲများကြောင့် ဒေသခံ ရ၀၀၀ ခန့် တရုတ်ဖက်ခြမ်းသို့ ထွက်ပြေးကြောင်း ဆိုသည်။

မတ် ရ ရက်တွင် တရုတ်နိုင်ငံက တိုက်ပွဲဖြစ်နေသည့် နှစ်ဖက်စလုံးအား မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာအဖွဲ့အစည်းတိုင်း တိုက်ပွဲများ ချက်ချင်းရပ်သင့်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို ဖြစ်နိုင်သမျှ ပြန်လည်ထိန်းသိမ်းသင့်တယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က သတင်းထောက်များအား ပြောသည်။

ရုတ်တရက်စီးနင်းတိုက်ခိုက်ချိန်က ရဲယူနီဖောင်းများ ဝတ်ဆင်ကာ တိုက်ခိုက်ခဲ့သည်ဆိုသည့် သူပုန်တပ်အနေဖြင့် ပြင်းပြင်းထန်ထန် အထိနာခဲ့သည်ဟု ဆိုသည်။ မီးရှို့ထားသော သူပုန်ရုပ်အလောင်း ၂၀ ကိုလည်း တွေ့ရှိရမိထားသည်ဟု တပ်မတော်က ထုတ်ပြန်သည်။

လောက်ကိုင်မြို့တစ်ဝန်းတွင် ဆက်သွယ်ရေးများ ပြတ်တောက်နေပြီး  မတ် ရရက်၊ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း လောက်ကိုင်ကသောင်းကျန်းသူအဖွဲ့နှင့် မဟာမိတ်ဖြစ်သည့် AA တပ်က ပြောသည်။

“လောက်ကိုင်က မြို့နေပြည်သူအားလုံးနီးပါး စွန့်ခွာထွက်ပြေးနေပြီဖြစ်တယ်”ဟု AA တပ်မှ ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကပြောပြီး ထွက်ပြေးသူပြည်သူပေါင်းက ထောင်ပေါင်းများစွာရှိကြောင်း ခန့်မှန်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly