သာသနာမြေအား ပုံစံ ၁၀၅/၁၀၆ ထုတ်ပေးမှုနှင့် ပတ်သက်၍ မြိုင်မြို့တွင် ဆန္ဒထုတ်ဖော်

သာသနာမြေအား ပုံစံ ၁၀၅/၁၀၆ ထုတ်ပေးမှုနှင့် ပတ်သက်၍ မြိုင်မြို့တွင် ဆန္ဒထုတ်ဖော်

မြိုင်၊မတ်လ ရ ။             ။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ဘို့ကျေးရွာ သီရိမင်္ဂလာဘုန်းကြီးကျောင်း အား မြိုင်မြို့နယ် မြေစာရင်းဦးစီးဌာနမှ ကျောင်းမြေဆိုင်ရာ မြေစာရင်း ပုံစံ ၁၀၅/၁၀၆ ထုတ်ပေးမှုနှင့် ပတ်သက်၍ မြို့နယ် မြေစာရင်းဦးစီးဌာနအား မတ်လ ရရက်နေ့က ကျေးရွာနေ ဒေသခံ အချို့မှ မြိုင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"တောင်ဘို့ကျေးရွာ သီရိမင်္ဂလာကျောင်းတိုက်ရဲ့ ရှေးယခင်ကတည်းက ထုတ်ယူခြင်းမရှိခဲ့တဲ့ မြေစာရင်းမြေပုံ ပုံစံ ၁၀၅/၁၀၆ကို ပိုင်ဆိုင်သည့် အထောက်အထား ခိုင်လုံသည့်စာချုပ်စာတမ်း မပါဘဲနဲ့ ဆရာတော်ဦးဝိစိတ္တကို ထုတ်ပေးလိုက်လို့ မြေစာရင်းဦးစီးဌာနကို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်"ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးသန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

ယနေ့ မတ်လ ရ ရက်တွင် ဒေသခံရွာသား ၃၀၀ ခန့်က ပုသိမ်-မုံရွာ လမ်းဆုံမှ ဗိုလ်ချုပ်ပန်းခြံအထိ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ပုံစံ ၁၀၅/၁၀၆သည် ပိုင်ဆိုင်မှုအတွက်မဟုတ်ဘဲ ဆရာတော်များ၏ ကျောင်းပိုင်ဆိုင်မှု အငြင်းပွားပြဿနာဖြေရှင်းကြရန် ထုတ်ပေးခြင်းသာ ဖြစ်ကြောင်း မြိုင်မြို့နယ်   မြေစာရင်းဦးစီးဌာန ဦးစီးမှူးက တုံ့ပြန်ပြောဆိုသည်။

"ကျွန်တော်တို့ဌာန အနေနဲ့ မြေစာရင်းပုံစံ ၁၀၅/၁၀၆ ထုတ်ပေးမှုမှာ လုပ်ထုံးလုပ်နည်း နဲ့ အညီ ထုတ်ပေးတာ ဖြစ်ပါတယ်။ ထုတ်ပေးတဲ့ အတိုင်းအတာမှာ ကျောင်းပိုင်ဆိုင်မှု၊ အငြင်းပွားမှုအတွက် ဖြေရှင်းဖို့ ထုတ်ပေးထားခြင်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအတွက် ထုတ်ပေးခြင်း မဟုတ်ပါဘူး"ဟု မြိုင်မြို့နယ် မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးစည်သူက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံရွာသား ၃၀၀က  မြိုင်မြို့ ပုသိမ်-မုံရွာ လမ်းဆုံမှ ဗိုလ်ချုပ်ပန်းခြံအထိ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲစီစဉ်သူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly