နမ့်စန်တွင် NLD အလံနှင့် ဆိုင်းဘုတ်များ ဖျက်စီးခံရမှုအတွက် မတ်ကျန်းဌာနေပြည်သူ့ စစ်အဖွဲ့အား တရားစွဲဆိုထားဟုဆို

နမ့်စန်တွင် NLD အလံနှင့် ဆိုင်းဘုတ်များ ဖျက်စီးခံရမှုအတွက် မတ်ကျန်းဌာနေပြည်သူ့ စစ်အဖွဲ့အား တရားစွဲဆိုထားဟုဆို

မန္တလေး၊ ဇူလိုင် ၂၇ ။      ။ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အတွင်းရှိ ကျေးရွာ ၂၆ ရွာမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလံနှင့်ဆိုင်းဘုတ်များ ဖျက်စီးခံရမှုနှင့်ပတ်သက်၍ မတ်ကျန်း ဌာနေပြည်သူ့စစ်အဖွဲ့အား ပိုင်နက်ကျူးကျော်မှုနှင့် အကျိုးဖျက်စီးမှုတို့ဖြင့် တရားစွဲဆိုလိုက်ပြီဟု နမ့်စန်မြို့နယ် NLD ဥက္ကဌ ဦးနေဇော်နိုင် က ဇူလိုင်  ၂၇ ရက်တွင် မဇ္ဈိမ ကိုပြောသည်။

NLD အလံနှင့်ဆိုင်းဘုတ်များအား ဇူလိုင်  ၂၁ ရက်ညပိုင်းက ဖျက်စီးခံရသောကြောင့် အဆိုပါနေ့တွင် ပါတီဝင်များ နှင့်ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဖျက်ဆီးသူ ၄ ဦး ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဦးနေဇော်နိုင်က  “ဖမ်းမိတဲ့ လေးယောက်ကလည်း မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ကဆိုတာ ရဲစခန်း မှာထွက်ဆိုတယ်။ လုပ်တာကိုလည်းဝန်ခံတယ်။ ဒါပေမယ့် ရဲအရေးမပိုင်ဘူးဆိုလို့ တရားရုံးဦး တိုက် လျှောက်ထားပြီး ဥပဒေအကြောင်းအရ ဖြေရှင်းဖို့ အခုလိုတရားစွဲဆိုရတာပါ။ “ပြောသည်။

 NLD အလံနှင့်ဆိုင်းဘုတ်များကို မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့မှဖျက်စီးခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ် NLD က  ဇူလိုင်  ၂၆ ရက်တွင် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် မတ်ကျန်း ဌာနေပြည်သူ့စစ်အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်သောကြောင့် တပ်မတော်တွင်သာ အပြည့်အ၀ တာဝန်ရှိသည်ဟုလည်း ပါရှိသည်။

ဦးနေဇော်နိုင် က  “အခုဖြစ်စဉ်က တပ်မတော်က တပ်မတော်က ဝင်ရောက်ဖြေရှင်းပေးမှ အဆင်ပြေ မှာပါ။ဘာဖြစ်လို့လည်းဆိုတော့ လက်နက်ကိုင်အဖွဲ့ဖြစ်နေလို့ပဲ။အဲလိုကျတော့ ရဲတပ်ဖွဲ့အနေနဲ့ လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်မရှိဘူးလို့မြင်တယ်။ “ဟု ပြောသည်။

ယင်းကဲ့သို့ အလံများနှင့် NLD ဆိုင်းဘုတ်များဖျက်စီးခံရမှုသည် နမ့်စန်မြို့နယ်အပြင် လင်းခေး ခရိုင်၊မိုးနည်းမြို့နယ်၊ မယ်ဇလီမြိုင်ကျေးရွာနှင့်ပန်အူကျေးရွာတို့လည်း ဖြစ်ပေါ်ခဲ့သေး သည်ဟု ဦးနေဇော်နိုင် ကဆိုသည်။

၎င်းက  “တစ်ညတည်းအတူတူဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာပါ။ သူတို့ရန်ငြိုး ရန်စမရှိပါဘူး။ ရွေးကောက်ပွဲမှာ NLD ကိုပြည်သူတွေ မဲမပေးဝံ့အောင်လုပ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ထားတယ်။ “ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နမ့်စန်မြို့နယ်၊ မြို့မ ရဲစခန်းသို့ ဇူလိုင် ၂၇ ရက်တွင် မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ တာဝန်မှုးဟုဆိုသူက ဖြေကြားပေးပြီး ”တရားဥပဒေကျင့်ထုံး ၂၀၂ အရ စစ်ဆေးမှုတွေ လုပ်နေတယ်။ “ဟု မဇ္ဈိမ ကိုပြောသည်။

မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့မှ ပြင်ပဆက်ဆံရေးဆိုသူကမူ  မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

 NLD အလံနှင့်ဆိုင်းပုဒ်များအဖျက်စီးခံထားရမှုနှင့် ပတ်သက်၍တပ်မတော်မှ တာဝန်ယူဖြေရှင်းပေး ရန်အတွက်လည်း စာတင် အကူအညီတောင်းသွားမည်ဟု ဦးနေဇော်နိုင် က ဆိုသည်။

နမ့်စန်မြို့နယ်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီများ ရှိရာ ထိုပါတီများနှင့်အတူ NLD ကလည်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံသွားမည်ဖြစ်ပြီး NLD ပါတီဝင် ၃၀၀၀ ကျော်ရှိသည်ဟု ဦးနေဇော်နိုင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly