မွေးစားမိန်းကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်သူဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် တင်

မွေးစားမိန်းကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်သူဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် တင်

ရန်ကုန်၊ မတ် ၆ ။                ။ မွေးစားထားသော အသက် ၃နှစ်မှ ရနှစ် အရွယ်ကြားရှိ မိန်းကလေး ၄ ဦးအား အဓမ္မပြုကျင့်ခဲ့သူ လှမိုး (ခေါ်) နီတွတ်ဆိုသူဘက်မှ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ရန် ယနေ့ မတ်လ ၆ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ တရားရုံး၌ တရားလွှတ်တော်ရှေ့နေတစ်ဦးက လိုက်ပါဆောင်ရွက်ခွင့်တင်ခဲ့သည်။

ပြီးခဲ့သည့် ၂၃ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးတွင် သက်ငယ်မုဒိမ်းမှုဖြင့် ၎င်းအား ပထမအကြိမ် အမှုတင်သွင်းခဲ့ပြီး ယခု ဒုတိယအကြိမ်တွင် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် တင်ခဲ့ခြင်း ဖြစ်သည်။

လိုက်ပါဆောင်ရွက်မည့်ရှေ့နေက အဆိုပါအမှုအပေါ် ကျူးလွန်ခံပါက ပြစ်ဒဏ်ကျရခံရမှာပဲ ဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။ “ ဆရာမတို့ကတော့ ဥပဒေအရ သွားမှာပဲ။ ရဲကလည်း ရဲအလုပ် လုပ်လိမ့်မယ်။ တရားရုံးကလည်း ဒီအမှုကို သေချာစစ်ဆေးပြီး သူ့အလုပ် သူလုပ်လိမ့်မယ်။ ကိုယ်ကလည်း ကိုယ့်အမှုသည်အလုပ် ကိုယ်လုပ်မှာပေါ့။ သူလုပ်ခဲ့တယ်ဆိုရင်တော့ သူခံရမှာပဲ ”ဟု လှမိုး( ခေါ်) နီတွတ်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ် တော်ရှေ့နေက ပြောသည်။

အဆိုပါအမှုကိစ္စနှင့် ပတ်သက်၍ လာမည့် မတ်လ ၂ဝ ရက်၊ နေ့လည် ၁ နာရီတွင် တရားလိုဘက်မှ သက်သေ များကို စတင်စစ်ဆေးရန် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တရားရုံးမှ ချိန်းဆိုထားသောကြောင့် လာမည့် မတ်လ ၂၀ ရက်မှစတင်ကာ အမှုလိုက်ပါဆောင်ရွက်သွားမည်ဖြစ်သည်။  

ဖြစ်စဉ်မှာ ကလေးငယ် ရ ဦးကို ဗိုလ်တစ်ထောင်မြို့နယ် လမ်းသွယ်(၂) ရှိ တိုက်ခန်းပိုင်ရှင် ဒေါ်ခမ်းဆိုသူက မွေးစားခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်များအား နှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေ ပြည်သူများက တိုင်ကြားခဲ့ ကြရာမှ အသက် ၃နှစ်မှ ရနှစ် အရွယ်ကြားရှိ မိန်းကလေး ၄ ဦး သည် အဓမ္မပြုကျင့်ခံရထားရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လှမိုး( ခေါ်) နီတွတ်မှာ အိမ်ရှင်၏ ယာဉ်မောင်းဖြစ်ပြီး အိမ်ရှင်ဒေါ်ခမ်းမှာ ပြည်ပတွင် အများဆုံး နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျူးလွန်မှုအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်က တရားလို ပြုလုပ်တိုင်ကြားခဲ့ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇ ဖြင့် ၎င်းအား တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly