ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်က ပြည်သူတွေအတွက် တကယ် အဆင်ပြေရဲ့လား (အပိုင်း ၁)

06 March 2017
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်က ပြည်သူတွေအတွက် တကယ် အဆင်ပြေရဲ့လား (အပိုင်း ၁)

ဦးမျိုးသန့် (Mizzima Media)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။

ကျွန်တော်တို့ ဒီကနေ့ ဆွေးနွေးမယ့်အကြောင်းအရာကတော့ မကြာသေးခင်က ပြောင်းလဲသွားတဲ့ YBS System မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်က တကယ်ပဲ ပြည်သူလူထုအတွက် အဆင်ပြေရဲ့လား၊ ဘေးထွက်ဆိုးကျိုးများ ဘာတွေရှိနေသေးလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော် ဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်များကတော့ ကျွန်တော့်ဘေးမှာထိုင်နေတဲ့ ဦးအောင်လွင်ဦး ဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ရဲ့ အမှုဆောင် အဖွဲ့ဝင်ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဦးနေဘုန်းလတ် ဖြစ်ပါတယ်။ သူက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပြီးတော့ YBS စနစ် ပြောင်းလဲတဲ့အခါမှာ ပြည်သူတွေနဲ့ အစိုးရကို ပေါင်းကူးပြီးတော့ ချိတ်ဆက်ပြီးတော့ ကူညီပေးခဲ့တဲ့တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ကိုတရုတ်လေး ဖြစ်ပါတယ်။ သူကတော့ YBS ၂၁ ယာဉ်လိုင်းရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော် ပထမဦးဆုံး ဦးအောင်လွင်ဦးကို မေးပါရစေ။ ကျွန်တော်တို့ ဒီ နှစ်ပေါင်းများစွာအတွင်းမှာပေါ့နော် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်နဲ့ ပတ်သက်ပြီးတော့ NLD အစိုးရ ပထမဦးဆုံး တက်လာပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲမှုကို လုပ်တယ်။ လုပ်တဲ့အခါကျတော့ ပြုပြင်ပြောင်းလဲမှုက တကယ်ရော ပြည်သူလူထုအတွက် ဘယ်လောက်ထိများ အကျိုးဖြစ်စေသလဲ၊ ဘာတွေများ အခက်အခဲတွေ ရှိနေသလဲ ကြံုနေရလဲခင်ဗျာ။

ဦးအောင်လွင်ဦး

အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်

ဟုတ်ကဲ့ပါ ဒီ NLD အစိုးရ စတက်လာပြီးတော့ YBS စနစ်ကို ပြောင်းလဲတဲ့အခါ ကျွန်တော်တို့ မသန်စွမ်းသူတွေအနေနဲ့တော့ ကြိုဆိုပါတယ်။ အဲဒါလေးကိုတော့ ကျွန်တော် ပထမဦးဆုံး   ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ မသန်စွမ်းသူတွေ စပြီးတော့ ခရီးသွားလာတဲ့အခါကျတော့ စတင်ပြီးတော့ အခက်အခဲတွေ များစွာ ရင်ဆိုင်ရပါတယ်ခင်ဗျာ။ အဲဒီအခက်အခဲတွေက ဘာတွေဖြစ်လဲဆိုတော့ ပထမဦးဆုံး မသန်စွမ်း မိဘတွေအကြောင်းကို ကျွန်တော် ပြောပြချင်ပါတယ်။

မသန်စွမ်းသူတွေ ခရီးသွားလာပြီဆိုရင် ဘယ်လိုခေါ်မလဲ သူတို့ တစ်လိုင်းတည်းသွားရမယ့်ဥစ္စာတွေကို လေးကျင့်ထားပေးရတယ်။ သူ့ရဲ့ မသန်စွမ်းအပေါ်မှာ မူတည်ပြီးတော့ တစ်လလောက် လေ့ကျင့်ပေးထားတာရှိသလို နှစ်လလောက် လေ့ကျင့်ပေးထာတာရှိတယ်။ အခုဆိုရင် ကျွန်တော်တို့ ကားလိုင်းတွေသွားတဲ့အခါမှာ နှစ်ဆင့်စီးတွေဖြစ်သွားတာမျိုးတွေ ရှိတယ်။ သုံးဆင့်စီးရတဲ့အခါမျိုးတွေလည်း ရှိတယ်။ အဲတော့ ငွေကြေးအားဖြင့် အကုန်အကျ များးသွားသလိုပဲ ပထမ တစ်ဆင့်တည်းစီးတာတောင် ကျွန်တော်တို့အတွက် တစ်လနှစ်လလောက် လေ့ကျင့်ယူထားရတဲ့အခါမှာ အခုလို ကျွန်တော်တို့တွေ နှစ်ဆင့်တို့ သုံးဆင့်တို့ ဖြစ်သွားတဲ့အခါမှာ သူတို့ရဲ့ သွားလာရေးက အများကြီး လေးကျင့်ပေးထားရမှာဖြစ်တယ်။

နောက်တစ်ချက်အနေနဲ့ကတော့ ကျွန်တော်တို့ အမြင်အာရုံ မသန်စွမ်း သူတွေအနေနဲ့ ပြောရမှာပေါ့လေ။ အမြင်အာရုံ မသန်စွမ်းသူတွေအနေနဲ့ကတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒါကားလိုင်းတွေကို လမ်လှမ်းမီ ဘယ်လိုလိုင်းတွေက ဘယ်ကိုသွားတယ်ပေါ့ ပထမတုန်းက နှစ်ပေါင်းများစွာတုန်းက ၂၁၃ ဆိုရင် ဘယ်ကိုသွားတယ်ဆိုတာကို မှတ်ထားပြီးတော့ သွားကြတာပေါ့။ အခုဆိုရင် ကျွန်တော်တို့ မျက်စိမမြင်တဲ့သူတွေက ဒါတွေကို ဘယ်လိုင်းတွေ ဘယ်ကိုသွားတယ်ဆိုတာကို အချိန်မီ လက်လှမ်းမီ ရရှိမှု မရှိဘူးပေါ့။ စတင်ပြောင်းလဲတဲ့အချိန်မှာပဲ ကျွန်တော်တို့ YBS ရဲ့ Application Software လေးရှိတယ်ဆိုတာကို ကျွန်တော်တို့ သတင်းတစ်ခုမှာ ကြည့်လိုက်ရတယ်ပေါ့။ ကြည့်တဲ့အခါမှာ ကျွန်တော် Play Store ကနေ ချက်ချင်း Download လုပ်ပြီးတော့ ဘယ်လိုသွားရမလဲ ဆိုတာကို လမ်းကြောင်းတွေကို စမ်းသပ်ကြည့်တယ်။ စမ်းသပ်ကြည့်တော့ ကျွန်တော်တို့ အမြင်အာရုံ မသန်စွမ်းသူတွေအနေနဲ့ကတော့ မြန်မာလိုရေးထားတဲ့အခါမှာ ဒီဖုန်းအပေါ်မှာ ကျွန်တော်တို့ ဖတ်ဖို့အတွက် အဆင်မပြေဘူးဖြစ်နေတယ်။ အဲဒီမှာ ကျွန်တော်တို့က ဒီ Software ကို အသံစနစ်အနေနဲ့ စမ်းသပ်တယ်။ ဥပမာ ပြောရမယ်ဆိုရင် ဘယ်နေရာကနေ ဘယ်ကိုသွားမယ် ကား ၁ ဘာ အရောင် ဘယ်လမ်းကြောင်းကနေ ဘယ်ကို ဖြတ်မယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ အသံနဲ့ Message ပေးထားပြီး အဲဒီ Software ကို ရေးသားပေးမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အရမ်းကို အဆင်ပြေပါတယ်။

နောက်တစ်ခုက ကားတစ်စီးနဲ့တစ်စီးကို ကျွန်တော်တို့ ချိန်းရတဲ့အခါ ဥပမာ ကျွန်တော် ကြည်မြင်တိုင်ကနေ ပန်းဆိုးတန်းကို လာမယ်ဆိုကြပါစို့ အဲဒီအချိန်မှာ ကျွန်တော်တို့က ပထမယာဉ်လိုင်းဆိုရင် ကျွန်တော်တို့က တစ်ဆင့်တည်းစီးလို့ရတယ်။ အခုဆိုရင် ကျွန်တော်တို့က ပန်းခြံမှာ ဂိတ်ဆုံးသွားပြီးတော့ နောက်တစ်ကားကို ပြောင်းစီးရပါတယ်။ အဲဒီအချိန်မှာ ယာဉ်လိုင်းတွေကို ပြောင်စီးရတဲ့အခါမှာ ကျွန်တော်တို့မှာ အခက်အခဲတွေရှိပါတယ်။ ကားချိန်းတဲ့အခါမှာလည်း ကျွန်တေ်ာတို့အတွက် အရမ်းပဲ အခက်အခဲတွေရှိပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ဒါကတော့ မသန်စွမ်းသူတွေရဲ့ တွေ့ကြံုရတဲ့ အခက်အခဲပေါ့နော်။ ပုံမှန်လူတွေအနေနဲ့ရော ဘယ်လိုမျိုးဖြစ်နေလဲ လွှတ်တော်အမတ်တွေဆိုတဲ့အခါကျတော့ ပြည်သူတွေက လာပြီးတော့ တင်ပြကြတာလည်းရှိမယ်၊ ဘယ်လိုမျိုး ဖြစ်သင့်တယ်ဆိုတဲ့ဟာမျိုး အကြံပြုတာလည်း ရှိမယ်။ ဘာတွေများ အကြံပြုပြီးတော့ တင်ပြကြတာတွေ တွေ့ရလဲခင်ဗျာ။.

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

အခုချိန်ထိတော့ ကျွန်တော်တို့ဆီကို ဖုန်းကနေတစ်ဆင့် Facebook စာမျက်နှာကနေ တစ်ဆင့်ပဲဖြစ်ဖြစ် YBS နဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေကတော့ အခုထိ လာနေတုန်းပဲ။ ခုနက အကိုပြောသွားတဲ့အထဲမှာတောင် ကျွန်တော် စိတ်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ မသန်စွမ်းသူတွေအတွက် အများကြီး အခက်အခဲတွေဖြစ်လာတယ်။ ဒါတွေကို ကျွန်တော်ထင်တယ်ခင်ဗျာ။ အစိုးရအဖွဲ့က ထည့်သွင်းစဉ်းစားမိတောင် စဉ်းစားမိရဲ့လားမသိဘူးခင်ဗျာ။ ကျွန်တော်တောင် အမှန်တိုင်းပြောရရင် အခုမှ ဒါလေးကို စဉ်းစားမိတာ။ ကျွန်တော်က မသန်စွမ်းသူတွေမပြောနဲ့ သန်စွမ်းတဲ့သူတွေ အကုန်ကောင်းနေတဲ့သူတွေတောင် အမှန်တိုင်းပြောရရင် အခုချိန်ထိ ဒုက္ခရောက်တွေ ရောက်နေတုန်းပဲဆိုတာကို တွေ့တဲ့အခါမှာ အကိုတို့အနေနဲ့ဆို ဒုက္ခပိုပြီးတော့ ရောက်မယ်ဆိုတာ သိသာပါတယ်။ အဲလိုမျိုး ပြောပြတဲ့အတွက်လည်း အကို့ကို အရမ်း ကျေးဇူးတင်ပါတယ်။

အဲတော့ ကျွန်တော်အနေနဲ့ ဒီကြားထဲမှာ ဒီရက်ပိုင်းရတဲ့ Message တွေကတော့ ဘာတွေများလဲဆိုတော့ ခုနကပြောတဲ့ ငွေရေးကြေးရေးကိစ္စပေါ့။ ငွေရေးကြေးရေးကိစ္စမှာ ပိုပြီးတော့   ငွေကုန်ကြေးကျတွေ များလာတဲ့ကိစ္စရှိတယ်။ နောက်တစ်ခုက ညဘက် ကားမရတဲ့ကိစ္စတွေ ဟိုတစ်လောကပဲ တစ်ယောက်က ဖုနး်ဆက်တယ် ကြားကားနဲ့ ပြန်နေရတာ နှစ်ပတ်ရှိနေပြီတဲ့ ဆိုလိုတာက လူတိုင်းကတော့ ကိုယ့်အိမ်ကိုယ်ရောက်အောင် ကြိုးစားပြီး ပြန်ကြရတာပဲ ဒါပေမယ့် ညဘက် ဘယ်သူမှ မရှိကြပါဘူး လူတွေ ကိုယ့်အိမ်ကိုယ် ပြန်ရောက်ကြပါတယ်ဆိုပြီး ပြောရုံနဲ့တော့ မရဘူး ဘယ်လိုနည်းနဲ့ အိမ်ပြန်ရောက်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ စဉ်းစားဖို့က လိုသေးတယ်။ လိုင်းကားစီးပြီးတော့ ပုံမှန်အတိုင်း အိမ်ပြန်ရောက်တဲ့ အနေအထားမျိုးပဲ ဖြစ်သင့်တယ်။ အဲလိုမဟုတ်ပဲနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုင်းကားလေးစီးလိုက် တက္ကစီလေး စီးလိုက်နဲ့ အိမ်ပြန်တဲ့ပြဿနာကို ဖြေရှင်းနေရတယ်ဆိုရင် ဒါက ရေရှည် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးပေါ့နော်။ ပိုက်ဆံ ပိုကုန်တဲ့ကိစ္စရှိတယ်။ ညဘက် အိမ်ပြန်မရောက်တဲ့ကိစ္စတွေကတော့ အခုချိန်ထိလည်း ရှိနေတုန်းဖြစ်တယ်။

 ဒီထက်ပိုပြီး ကျွန်တော် နောက်ထပ် ထပ်ကြားမိတဲ့ကိစ္စက ဘာလဲဆိုတော့ အမျိုးသမီးလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ကိစ္စ အဓိက က ဘာလဲဆိုတော့ ကားတွေ အရမ်းကျပ်လာတဲ့ပြဿနာ ကားတွေက လုံလုံလောက်လောက် မရှိတဲ့အခါမှာ ကားအရမ်းကျပ်လာတဲ့အခါမှာ အရင်တုန်းက ရှိတယ်ခင်ဗျ ဒီလိုကိစ္စတွေ ဒါပေမယ့် ပိုကျပ်တော့ ပိုဆိုးလာတယ်။ နောက်ပြီး ညဘက်တွေမှာ မှောင်တဲ့အထိကို ကားစောင့်ရတယ်ဆိုတဲ့ အနေအထားတစ်ခုမှာ အမျိုးသမီးတွေရဲ့အသံကို ကျွန်တော်တို့ ကြားရတယ်။ နောက်တစ်ခုက Taxi တွေ ကြားကားတွေဆိုတဲ့ကိစ္စက အမှန်တိုင်းပြောရရင် ဘာမှလည်း စာရင်းဇယား မရှိတဲ့အခါကျတော့ ဒီအပေါ်မှာလည်း မလုံခြံုမှုတွေ အများကြီး ရှိလာတယ်ဆိုတာကို တွေ့နေရတယ်။ ဒါကတော့ လက်တလော ကျွန်တော်တိို့ဆီကို Comment တွေကနေတစ်ဆင့် Message တွေကနေတစ်ဆင့် ဖုန်းတွေကနေတစ်ဆင့် ကျွန်တော်တို့ကို ပြောနေကြတုန်းပဲပေါ့။ ဒါတွေကို နားစွင့်ပြီးတော့ တစ်နည်းနည်းနဲ့ ဖြေရှင်းပေးဖို့ လိုပါတယ်ခင်ဗျာ။

ဦးမျိုးသန့် (Mizzima Media)

ဟုတ်ကဲပါ။ အဲ့တော့ ခုနကပြောခဲ့တယ် မသန်စွမ်းသူတွေအတွက် အခက်အခဲရှိတယ် ပုံမှန်လူတွေအနေနဲ့ကလည်း ဒီအခက်အခဲတွေရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ ဆိုတဲ့အခါကျတော့ ယေဘုယျ ခြံုကြည့်လို့ရှိရင် ခုနက ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ဒီအသံတွေကတော့ ဒါ အဆင်မပြေသေးဘူး ခြံုကြည့်လို့ရှိရင် အဆင်မပြေသေးဘူးဆိုတဲ့အသံမျိုး ထွက်လာတယ်ပေါ့။ ဆိုတဲ့အခါကျတော့ ဒီ ယာဉ်လိုင်းပိုင်ရှင်တွေအနေနဲ့ရော ဒီကိစ္စ အခက်အခဲတွေကို ဘယ်လိုမျိုး ပူးပေါင်းဖြေရှင်းလို့ ရနိုင်မလဲ။

ဦးတရုတ်လေး

YBS ၂၁ ယာဉ်လိုင်းပိုင်ရှင်

ကျွန်တော်တို့လည်း ခရီးသွားပြည်သူတွေရဲ့အသံကို နားထောင်ပါတယ်။ လတ်တလောမှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့အချက် ၃ ချက်ကို သွားတွေ့တယ်ပေါ့။ တစ်အချက်ကတော့ နှစ်ဆင့်သုံးဆင့် ပြောင်းစီးရတဲ့အတွက် ယာဉ်စီးခကုန်တာတစ်ချက်ပေါ့၊ နှစ်အချက်ကတော့ ယာဉ်မလုံလောက်မှု ယာဉ်မလုံလောက်မှုဆိုတဲ့နေရာမှာ ညဘက်ကို ၆ နာရီ ရ နာရီနောက်ပိုင်းမှာ ကားမဆွဲတာတွေလည်း အဓိကပါတာပေါ့။ နောက်ပြီးတော့ သုံးအချက်တော့ စည်းကမ်းပိုင်း တော်တော်အားနည်းပါတယ်။

အဲတော့ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါကျတော့ ဒီ YBS စနစ်ကို စတင်တဲ့အချိန်ကစပြီး ဒီကနေ့ထိ ကျွန်တော်တို့ တောက်လျှောက် လေ့လာနေတုန်းပဲ။ ဒီ YBS စနစ်ကို ချမှတ်လိုက်တဲ့စနစ်က ကျွန်တော်တို့ လေ့လာမိသလောက်တော့ တကယ် မထသစနစ်ကို ဒီထက်ကောင်းအောင်လို့ ဖော်ဆောင်ထားတာပဲ။ သို့သော်လည်းပဲ ဒီမြေပြင်အခြေအနေမှာ ဖော်ဆောင်ခွင့်ရတာကတော့ Operator တွေပေါ့။ ယာဉ်လိုင်းတာဝန်ခံတွေလို့ ကျွန်တော်တို့ ခေါင်းစဉ်တပ်ရမှာပေါ့။ သူတို့ရဲ့ Operation အပိုင်းတွေက မေးခွန်းထုတ်စရာ အပိုင်းတွေရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီ Operator တွေအနေနဲ့ Operation ကို စတဲ့အချိန်မှာ ဒီ YBS စနစ်တွေကို တာဝန်ယူ တာဝန်ခံပြီးတော့ ထိုးထားရတဲ့အပိုင်းတွေလည်း ရှိတယ်။ ဆိုတော့ ဒီနေ့အထိတော့ ကျွန်တော် လေ့လာနေတဲ့အပိုင်းကတော့ အခုထိ မလုပ်နိုင်သေးဘူး။ အားနည်းချက်တွေ အများကြီးရှိနေတယ်။

ခရီးသွားတဲ့သူတွေ အဆင်မပြေတာတွေလည်း ဖြစ်နေတယ်။ ဆိုတော့ ဒီ Operator တွေထဲမှာလည်း ကျွန်တော်တို့လည်း တစ်ခုအပါအဝင်ပဲ ကျွန်တော်တို့ဆိုရင်လည်း ကျွန်တော်တို့ တာဝန်ယူထားတဲ့ ခရီးစဉ်လမ်းကြောင်းအတိုင်း ကျွန်တော်တို့ရဲ့ ခရီးသွားတွေကို အချိန်ပြည့် နားထောင်တယ်။ ကျွန်တော်တို့ခရီးစဉ်မှာတော့ အဲဒီလောက် အခက်အခဲ မရှိဘူး။ မရှိဘူးဆိုတာက ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့က ည ၁၀ အထိဆွဲတယ်။ အဲတော့ ကျွန်တော်တို့ခရီးစဉ်မှာတော့ ပြဿနာတော့ သိပ်မရှိဘူး။ သို့သော်လည်းပဲ ဒီစနစ်က တစ်ဦးတစ်ယောက်တည်း ကောင်းလို့မရဘူး။ တစ်မြို့လုံးမှာရှိတဲ့ ယာဉ်ပိုင်ရှင် လုပ်ငန်းရှင်တွေ စုပေါင်းပြီးတော့ ဒီ အရွေ့တစ်ခုကို သွားမယ်ဆိုင် သိပ်တော့ အခက်အခဲ မရှိဘူး။ ဒီ YBS စနစ်ကို တိတိကျကျ အကောင်အထည်မဖော်နိုင်တာက ဒါကို အခက်အခဲ ဖြစ်စေတယ်။ သို့သော်လည်းပဲ ဒါကို တစ်နေ့က ဝန်ကြီးက ပြင်းပြင်းထန်ထန် သတိပေးတဲ့ အနေအထားမှာရှိတယ်။ ဆိုတော့ ဒီ YBS စနစ် စတင်ပြီးတဲ့အချိန်မှာတော့ ဒါ တစ်နေ့ကတော့ ပြင်းပြင်းထန်ထန် သတိပေးထားတဲ့ အနေအထားမှာရှိတယ်။ နောက်ရက်တွေမှာလည်း အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီးတော့ ဒီ Operator တွေကို ကောင်းကောင်း အသုံးပြုမယ့် အနေအထားတွေကိုတော့ ကျွန်တော်တို့ သွားပြီးတော့ လေ့လာမိတယ်။

အဲတော့ နောက်ကြောင်းပြန်ပြောမယ်ဆိုရင်တော့ ဒီစနစ်တစ်ခုက တစ်ဦးတစ်ယောက်တည်း ကောင်းလို့ မရဘူး။ ကျွန်တော်တို့ အကုန်လုံး စုပေါင်းပြီးတော့ စနစ်တကျ   ဖော်ဆောင်မယ်ဆိုရင်   အောင်မြင်နိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly