အာဂျင်တီးနားဂိုးသမား ရိုမီရိုကို သုံးနှစ်စာချုပ်ဖြင့် မန်ယူအသင်းခေါ်ယူ

အာဂျင်တီးနားဂိုးသမား ရိုမီရိုကို သုံးနှစ်စာချုပ်ဖြင့် မန်ယူအသင်းခေါ်ယူ

ဇူလိုင် ၂၇၊ မန်ချက်စတာ ။       ။ အာဂျင်တီးနားဂိုးသမား ဆာဂျီယိုရိုမီရိုကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဟု မန်ယူအသင်းက အတည်ပြုကြေညာခဲ့သည်။

အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခံခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် ယင်းဂိုးသမားသည် မန်ယူမှထွက်ခွာတော့မည့် ဗဲလ်ဒက်စ်၏နေရာတွင် အစားထိုးရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရိုမီရိုသည် ၂၀၀၉ ခုနှစ်က နယ်သာလန်ပြည်တွင်းအမှတ်ပေးဖလားရရှိခဲ့သည့် အေဇက်အယ်ခမာအသင်းတွင် လူးဝစ်ဗန်ဟားလ်၏လက်အောက်၌ ကစားခဲ့ဖူးသူဖြစ်သည်။

ယင်းအာဂျင်တီးနားဂိုးသမားသည် အမေရိကန်တွင် ရာသီကြိုခြေစမ်းပြိုင်ပွဲကစားနေသော မန်ယူအသင်းသားများနှင့် သွားရောက်ပူးပေါင်းခဲ့ပြီးဖြစ်သည်။

"မန်ယူအသင်းကိုပြောင်းခွင့်ရလို့ သိပ်ပျော်ပါတယ်။ ကမ္ဘာ့အကြီးဆုံးအသင်းမှာကစားခွင့်ရတာက အိပ်မက်တွေ အကောင်ထည်ပေါ်လာတာပဲဖြစ်ပါ တယ်။ ဗန်ဟားလ်က သိပ်ထူးချွန်တဲ့နည်းပြဖြစ်ပြီး ကစားသမားဘဝရဲ့ စိတ်လှုပ်ရှားစရာစိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ မစောင့်နိုင်တော့ပါဘူး"ဟု ရိုမီရိုက ပြောသည်။

ရိုမီယိုသည် အာဂျင်တီးနားကလပ် ရေးဆင်း၊ နယ်သာလန်ကလပ် အေဇက်အယ်ခမာ၊ စီးရီးအေကလပ် ဆမ်ဒိုးရီးယား၊ ပြင်သစ်ကလပ် မိုနာကိုတို့တွင်ကစားခဲ့သူဖြစ်သည်။

စနေနေ့က အိုင်စီစီဖလားပြိုင်ပွဲ၌ ဘာစီလိုနာကို ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သော မန်ယူအသင်းသည် ဗုဒ္ဓဟူးနေ့တွင် ပီအက်စ်ဂျီအသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags