မြေအောက်တွင် ခုနှစ်ရက်ကြာပိတ်မိနေခဲ့သော တရုတ်ကျောက်မီးသွေးတွင်းလုပ်သား ခြောက်ဦးကို ကယ်တင်နိုင်ခဲ့

မြေအောက်တွင် ခုနှစ်ရက်ကြာပိတ်မိနေခဲ့သော တရုတ်ကျောက်မီးသွေးတွင်းလုပ်သား ခြောက်ဦးကို ကယ်တင်နိုင်ခဲ့

ပေကျင်း၊ ဇူလိုင် ၂၇ ။       ။ ရေကြီးရေလျှံခဲ့သော တရုတ်ကျောက်မီးသွေးတစ်ခုတွင် ဘဝတူလုပ်သား အနည်းဆုံး လေးဦးသေဆုံးပြီးနောက် မြေအောက်တွင် ခုနှစ်ရက်ကြာပိတ်မိနေခဲ့သော တရုတ်ကျောက်မီးသွေးတွင်း လုပ်သားအမျိုးသား ခြောက်ဦးကို ဇူလိုင် ၂၇ ကကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။

နောက်ထပ်လုပ်သား ငါးဦးမှာ နိုင်ငံမြောက်ပိုင်း ဟေလုံကျန်ပြည်နယ် ဟေကန်ရှိ ကျောက်မီးသွေးတွင်းတွင် ပိတ်မိနေဆဲဖြစ်သည်။ ဇူလိုင် ၂၀က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့မတော် တဆဖြစ်ရခြင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရှင်ဟွာသတင်းဋ္ဌာနက အစီရင်ခံခဲ့သည်။ ကယ်ဆယ်သူများသည် ဇူလိုင် ၂၇ ရက်နေ့အစောပိုင်းကစ၍ ပိတ်မိနေသူများကို စတင်ထုတ်ယူခဲ့ပြီး ထူထပ်စွာထုတ်ပိုးထားသော လုပ်သားတစ်ဦးကို လူနာတင်ယာဉ်တစ်စီးအတွင်းသို့ တင်နေပုံများကို အွန်လိုင်းသို့ တင်ခဲ့သည်သည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

ကယ်ဆယ်သူများသည် ခုနှစ်ရက်ခန့် ပိတ်မိနေသော အခြားလုပ်သားငါးဦးကိုလည်း အပူတပြင်းရှာဖွေကယ်ဆယ်နေကြောင်း ရှင်ဟွာက ဖော်ပြသည်။ မတော်တဆမှုဖြစ်ပွားခဲ့ရာ ရွှီးရှန်ကျောက်မီးသွေး တွင်းသည် ပုဂ္ဂလိပိုင်ဖြစ်ပြီး နှစ်စဉ်ကျောက်မီးသွေးတန်ချိန် ၁၅၀,၀၀၀ခန့်ထွက်ရှိသည်ဟုလည်း သိရသည်။ သီးခြားဖြစ်စဉ်အနေဖြင့် နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကျောက်မီးသွေး တွင်း တစ်ခုတွင် ဇူလိုင် ၂၅က ပိတ်မိခဲ့သော လုပ်သား ၁၁ ဦးလည်း ဇူလိုင် ၂၇ ကဘေးကင်းစွာကယ်တင်နိုင်ခဲ့သည်ဟု ယင်းသတင်းဋ္ဌာနကဖော်ပြသည်။

ပိတ်မိနေခဲ့သော လုပ်သားများကို လိုဏ်ခေါင်းတွင်းမှ ထမ်းစင်များဖြင့် သယ်ထုတ်ခဲ့ပြီး ယင်းသို့ကယ်နိုင်ရန် ကယ်ဆယ်ရေးလုပ်သား ၁,၀၀၀ခန့်သည် နာရီ ၄၀ကြာကြိုးပမ်းခဲ့ရသည်ဟု သိရသည်။ ကမ္ဘာ့ကျောက်မီးသွေးအများဆုံးထုတ်လုပ်သည့် တရုတ်သည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစံနှုန်းများတိုးတက်ရန် လုံးပမ်းနေရဆဲဖြစ်သည်။ လွန်ခဲ့သည့်နှစ်က တရုတ်ကျောက်မီးသွေးတွင်း မတော်တဆမှုများကြောင့် လူ ၉၃၁ ဦးသေဆုံးခဲ့သည်။

မတော်တဆမှုအများအပြားမှာ အလုပ်သမားများဘေးကင်းရေးထက် အကျိုးအမြတ်ရရေးကို အဓိကထားသော ပိုင်ရှင်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly