ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ အမျိုးသားရေး မေ့နေတယ်လို့ ပြည်ခိုင်ဖြိုး ဥက္ကဌပြော

ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ အမျိုးသားရေး မေ့နေတယ်လို့ ပြည်ခိုင်ဖြိုး ဥက္ကဌပြော
နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် မတ်လ ၅ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဗဟိုဦးဆောင်ကော်မတီနာယကဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန်အား ဂါရဝပြုတွေ့ဆုံပွဲတွင် တွေ့ရသည့် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး။ (ဓာတ်ပုံ-အောင်မြတ်သူ)

နေပြည်တော်၊ မတ် ၅ ။                  ။ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ နှင့် အဖွဲ့အစည်းတွေသည် ဒီမိုကရေစီရေးကို တအားပြောကြသော်လည်း အမျိုးသားရေးကိုမူ   မေ့ထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကပြောသည်။

“သိပ်ပြီးတော့ ထင်ပေါ်ကျော်ကြားလာတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ အဲ့ပုဂ္ဂိုလ်တွေ အားလုံးက ဒီမိုကရေစီတအားပြောကြတယ်။ ဘာကြောင့်လဲဆို ဒီမိုကရေစီဆိုတာ တအားခေတ်စားနေတာကို လူတွေစိတ်ဝင်စားနေကြတယ်” ဟု ဦးသန်းဌေးကဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဗဟိုဦးဆောင်ကော်မတီ နာယကဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန်အား နိုင်ငံအဝှမ်းမှ ပြည်သူများ၊ ဒုတိယကြိမ်မြောက် တွေ့ဆုံသည့် နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် မတ်လ ၅ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ဂါရဝပြုပွဲ၌ ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက ဆက်လက်ပြီး “ကျွန်တော်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက အမျိုးသားရေးကို လုံးဝမမေ့ထားပါဘူး။ ဒါစကားအလှပြောတာမဟုတ်ပါဘူး” ဟုပြောသည်။

လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ပြည်ခိုင်ဖြိုးပါတီသည် အနိုင်ရနေရာများ ထပ်မံပေါ်ပေါက်လာမည်ဟုလည်း ၎င်းက ပြောဆိုလိုက်သေးသည်။

“ကျွန်တော်တို့ အနိုင်ရတဲ့နေရာတွေ ပေါ်ပေါက်လာပါလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့။ ကျွန်တော်ပြည်သူလူထုကို အထင်ကြီးလို့ပါလို့။ ကျွန်တော်တို့ ပြည်သူတွေမညံ့ကြပါဘူး” ဟု ၎င်းကဆက်ပြောသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လစ်လပ်မဲဆန္ဒနယ် (၁၉)နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly