ပန်းပုပညာရှင်တွေ သူတို့ပညာရပ်နဲ့ အသက်မွေးဖို့ အခက်အခဲဖြစ်နေပြီလား

ပန်းပုပညာရှင်တွေ သူတို့ပညာရပ်နဲ့ အသက်မွေးဖို့ အခက်အခဲဖြစ်နေပြီလား
(ဓာတ်ပုံ-ရန်နိုင်)

မြန်မာရဲ့ ကမ္ဘာကျော် ပန်းဆယ်မျိုး အနုလက်ရာလုပ်ငန်းထဲက ပန်းပုလုပ်ငန်းအကြောင်းကသစ်သား၊ သစ်မြစ်တွေအပြင် ရွှံ့သားတွေကို အသုံးပြု ပုံဖော်ထွင်းထု၊ အလှဆင် ခြယ်မှုန်းရတာဖြစ်ပြီး ဒီလုပ်ငန်းကသိပ်ကိုအနုစိတ်တဲ့လုပ်ငန်းပါ။

ဒီလုပ်ငန်းတွေအတွင်း စျေးကွက်ရှိတယ်ဆိုပေမယ့် လက်ရှိစျေးကွက်က သိပ်ပြီး ဟန်လှတယ်တော့ မဟုတ်ဘူးလို့ ပန်းပုထုလုပ် ရောင်းချသူတွေကပြောပါတယ်။ တစ်ဘက်မှာလည်း တီထွင်ဆန်းသစ်ရမှာတွေ၊ စျေးကွက် မြှင့်တင်ရမှာနဲ့ နောက်ပြီးဒီပန်းပုလုပ် ငန်းကို စိတ်ပါ၀င်စားတဲ့ အနုပညာရှင်တွေကိုဆွဲဆောင်ထားနိုင်ဖို့ကလည်း အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုအနေနဲ့ ဘယ်လောက်တောင် အာမခံချက်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

"ကုန်သည်မှာတာများတာပေါ့။ ဒါပေမယ့် ကုန်သည်က အမြဲတမ်းလည်း သူတို့မမှာဘူးလေ။ မလာတဲ့အခါလည်း ကျွန်တော်တို့က ကိုယ့်ဘာသာစိတ်ကူးတည့်ရာ ထုပြီးတော့ ဒီလိုပဲစျေးတွေမှာပေါ့။ ဗိုလ်ချုပ်စျေးလိုဟာမျိုး အဲ့လိုမျိုးတွေမှာ သွားရောင်းကြတယ်လေ။ ဆိုင်ကြီးတွေရှိတယ်လေ။ ရန်ကုန်မှာ အနှံ့အပြားရှိတယ်၊ အဲလိုဆိုင်တွေမှာလှည့်ရောင်းတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့အနေထားက အရုပ်တစ်ရုပ်ကို ကိုယ်ကြိုက်တဲ့ စျေးကိုရောင်းနိုင်တဲ့ အနေထားမရှိဘူး၊ နောက်ဆုံးကြတော့ သင့်တော်သလိုပဲ ကိုယ့်စားဝတ်နေရေးအတွက် ရောင်းခဲ့ရတဲ့ အနေထားရှိတယ်ပေါ့။" လို့ ဒါးပိန်က သစ်သားပန်းပုပညာရှင် ဦးအောင်ဋ္ဌေးက လက်ရှိ စျေးကွက်အခြေအနေကို ရှင်းပြပါတယ်။

လူ ၄၀၀ လောက်က ပန်းပုလုပ်ငန်းကို အသက်မွေးပညာရပ်အဖြစ် ရပ်တည်လုပ် ကိုင်နေတဲ့ ပန်းပုရွာလို့ ခေါ်တဲ့ ဒါးပိန်အရပ်က ပန်းပုဆရာဦးအောင်ဌေးရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ကြားသိခဲ့ရတာဖြစ်ပါတယ်။

ဒီရွာကနေထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေကိုတော့ တရုတ်ကုန်သည်တွေ အများဆုံး ဝယ်ယူကြတာဖြစ်တယ်လို့ ဒီကပန်းပုလုပ်သားတွေကပြောဆိုကြပါတယ်။ ရောင်းချရနေရတဲ့ ပုံစံကဗိုက်နာတဲ့စျေးနဲ့ ရောင်းချနေရတာပါ။

ကိုကျော်စွာဟာဆိုရင်လည်း ဒီရွာကပန်းပုဆရာတစ်ယောက်ပါ။ မျိုးရိုးအမွေကိုဆက်ခံပြီး ဒါကိုလုပ်ကိုင်လာခဲ့တာနှစ်ပေါင်း ၂၀ တောင် ရောက်လာပါပြီ။ အလယ်တန်းပညာအဆင့် ပညာနဲ့ ကျောင်းဆက်မတက်ချင်တော့လို့ စာသင် ကျောင်းကိုကျောခိုင်းခဲ့ရာကနေဖခင်ရဲ့ ပန်းပုထုလုပ်တဲ့ အလုပ်ကိုထမင်းစားလက်မှတ်ပညာရပ်အဖြစ် တက်မြောက် သင်ယူခဲ့ပါတယ်။

အာမခံချက်ဆိုတာသူ့အတွက် ရှိနေပြီလား?

ဒါးပိန်ကပဲ သစ်သားပန်းပုပညာရှင် ဦးကျော်စွာက "ဒီပညာရပ်နဲ့ မှီခိုပြီးတော့ စားဝတ်နေရေးကလည်း အရမ်းကြီးပြေလည်သလားဆိုတော့လည်း မပြေလည်ဘူး။ အခက်အခဲကရှိတယ်၊ အခက်အခဲရှိတယ်ဆိုတာ ကျွန်တော်တို့မှာပြောမယ်ဆိုရင်တော့ ကျတော်တို့နဲ့ ပတ်သက်တဲ့ ကျတော်တို့ ရုပ်လုံးကို နှစ်သက်တဲ့ ကုန်သည်ကလွဲပြီး ကျန်တဲ့ အပိုင်းမှာဘာမှ မရှိဘူး။ဒီကုန်သည်တွေကသူတို့ရဲ့ အကြောင်းတရားတခုခုနဲ့ ဥပမာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အကြောင်းတရားတွေရှိလာလို့ သူတို့ ခဏနားကြတယ် ခဏသူတို့ မဝင်ကြဘူးဆိုရင် ကျတော်တို့က ပြည်တွင်းထဲမှာဘယ်လိုမှ အဆင်မပြေတဲ့ ပညာရပ်လိုဖြစ်နေတယ်။" လို့ ညည်းငြူပါတယ်။

ဒါကြောင့် အသက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့ အဆင်ပြေဖို့အတွက် အခုကြားခဲ့ရတဲ့ ငြီးငြူ သံတွေကတီထွင်ဖန်တီးမှုအသစ်အသစ်တွေ ဖြစ်လာဖို့၊ စျေးကွက်တိုးမြှင့်နိုင်ဖို့နဲ့ သူတို့လို ကျွမ်းကျင်လုပ်သားတွေကိုထိန်းသိမ်းဆွဲဆောင်နိုင်ဖို့ စိုးရွ့ံစရာတွေ ဖြစ်လာနေပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က ရွံ့ပန်းပုပညာရှင် ဦးကျော်ကျော်မင်းကလည်း "အဓိကကတော့ စားဝတ်နေရေးကြောင့်ပါပဲ။ အလုပ်အပ်နှံတဲ့ လူရှားပါးတဲ့အတွက်ကြောင့် ဒီပန်းပုပညာကလျော့ပါးလာခြင်း ရှိပါတယ်။ ကျတော်ဆိုရင် ပုံတူပေါင်း ၅၂ ရုပ်ကို အလကားထုပြီးတော့ တနေ့တရုပ်ထုပြပြီးတော့ ကျတော် မီဒီယာနဲ့ မိတ်ဆက်လိုက်တယ် အဲဒီကနေပုံနှိပ်မီဒီယာတွေ ရုပ်သံမီဒီယာတွေ တီဗွီတွေကနေလွှင့်ပြီးတော့မှ တဖြည်းဖြည်းကျတော်ကိုအလုပ်အပ်နှံ့တဲ့ လူတွေများလာတာဖြစ်ပါတယ်။ ကျတော်ကတော့ အခုလောလောဆယ်မှာတစ်ဦးတစ်ယောက်အနေနဲ့ကတော့ ပန်းပုထုပြီးအဆင်ပြေပါတယ်။ ဒါပေမယ့် တခြား ဘဝတူပညာရှင်တွေ တော်တော်များများကတော့ ပန်းပုထုတဲ့အခါမှာအခက်ခဲရှိပါတယ်။" လို့ ပြောပါတယ်။

နောက်တစ်ခုသူတို့ ကြုံတွေ့နေရပြီး အခရာကျတဲ့ ပြသနာက ကုန်ကြမ်းရရှိမှု အခြေအနေဖြစ်ပါတယ်။ အရင်တုန်းကတော့ ကျွန်းသား၊ပိတောက်သား၊ ယင်းတိုက်သားဆိုတဲ့ သစ်အမယ်တွေနဲ့ ပန်းပုရုပ်တွေကိုထုဆစ်နိုင်ပေမယ့် အခုတော့ ဒေသကလက်လှမ်းမှီရာကုက္ကိုလ်၊ ယမနေစတဲ့ သစ်တွေနဲ့ အဆင်ပြေသလိုထုလုပ်အသက်မွေးနေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly