အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုနောက်ကျဆုံးလို့ အများသိတဲ့ ပြည်နယ်တစ်ခုကနေ ခရီးသွားတွေ လည်ပတ်လို့အကောင်းဆုံးပြည်နယ်အဖြစ် အများသိစေရန် ကြိုးပမ်းချင်တယ်ဆိုတဲ့ ချင်းပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်

အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုနောက်ကျဆုံးလို့ အများသိတဲ့ ပြည်နယ်တစ်ခုကနေ ခရီးသွားတွေ လည်ပတ်လို့အကောင်းဆုံးပြည်နယ်အဖြစ် အများသိစေရန် ကြိုးပမ်းချင်တယ်ဆိုတဲ့ ချင်းပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့အစိုးရသက်တမ်းဟာ အခုဆိုရင် တစ်နှစ်ပြည့်မြောက်လုနီးနီးရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်း နဲ့ ပြည်နယ် ၁၄ခုအနက် ဖွံ့ဖြိုးမှုနောက်ကျဆုံးဖြစ်တဲ့ ချင်းပြည်နယ်အတွက် ချင်းပြည်နယ်အစိုးရဟာ အစိုးရ တစ်နှစ် သက်တမ်းအတွင်း ဘာတွေလုပ်ဆောင်နေလဲ။ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုနောက်အကျဆုံးပြည်နယ်လို့ ပြောစမှတ်ပြုတဲ့ ပြည်နယ်အဖြစ်ကနေ ရုန်းထွက်ဖို့ ဘာတွေပြင်ဆင်နေပြီလဲဆိုတာကိုသိရဖို့  ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ချင်းပြည်နယ်ရဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုဝန်ကြီးဌာနနဲ့ ဟိုတယ်နဲ့ခရီးဝန်ကြီးဌာနတို့ရဲ့ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို မဇ္ဈိမ အယ်ဒီတာ သိင်္ဂီထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မဇ္ဈိမ - ဆရာက ချင်းပြည်နယ်ရဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနရယ်၊ လျှပ်စစ်ဝန်ကြီးဌာနရယ် နောက် စက်မှုလက်မှု ဝန်ကြီးဌာနနဲ့ သုံးခုလုံးရဲ့ ဝန်ကြီးဌာနဖြစ်တယ်။ နောက်ပြီးတော့ ချင်းပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တယ်ပေါ့နော်။ ဆိုတော့ အစိုးရအဖွဲ့က အခုဆိုလို့ရှိရင် တစ်နှစ်ရှိပြီပေါ့နော်။ ဒီအတောအတွင်းမှာ ဆရာတို့ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ချင်းပြည်နယ်အတွက် ဘာတွေ လုပ်နိုင်ခဲ့လဲ။ ကျေးနပ်အားရမှု ဘာတွေရှိခဲ့လဲ။  

ဝန်ကြီး - ကျွန်တော်အနေနဲ့ ဒီအစိုးရသစ်ရဲ့ ၁၁ လကျော် ၁ နှစ်နီးပါး တကယ်တော့ တစ်နှစ်တော့ မပြည့်သေးဘူးပေါ့နော်။ ဆိုတော့ ဒီ ၁၁ လအကျော် တာဝန်ယူဆောင်ရွက်တဲ့နေရာမှာ အဓိက ချင်းပြည်နယ်အစိုးရရဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ ကိစ္စပေါ့နော် အဲဒါတွေကို ပြောရမယ်ဆိုလို့ရှိရင် နံပါတ်တစ်ကတော့ ကျွန်တော်တို့ ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ ပရိုမိုးရှင်းပေါ့။ ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ ပရိုမိုးချင်းကို အဓိက လုပ်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး ရိုးရိုးပြောရမယ်ဆိုရင်တော့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုလို့ လူတွေ သိခဲ့ကြတာဖြစ်ပါတယ်။ အဲတော့ ဒီလိုမျိုး ဆင်းရဲနွမ်းပါးမှု အများဆုံးဖြစ်တယ်လို့ ပြောတဲ့အခါမှာ အထူးသဖြင့် နိုင်ငံတော်ရဲ့ အကူအညီသော်လည်ကောင်း နောက်ပြီးတော့ ဖွံ့ဖြိုးမိတ်ဖက်များရဲ့ အကူအညီသော်လည်ကောင်း ဒီ Public Circle ရဲ့ အကူအညီသော်လည်ကောင်း အများကြီး လိုအပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ ဒီ ၁၁ လအတွင်းမှာ ချင်းပြည်နယ်အစိုးရအနေနဲ့ အဓိက ဆောင်ရွက်ခဲ့တဲ့ကိစ္စကတော့ ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အဆင့်မှာသော်လည်ကောင်း၊ ပြည်ထောင်စုအဆင့်မှာ၊ ဝန်ကြီးဌာနတွေမှာ နောက် နိုင်ငံတကာရော ပြည်တွင်းရော မိတ်ဖက်အဖွဲ့အစည်းတွေကြားထဲမှာ ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ Promotion, Presentation အဓိကလုပ်ရတာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ၁၁ လအတွင်းမှာ နိုင်ငံတော်သမ္မတကြီးအပါအဝင် နိုင်ငံတော် ဒုတိယသမ္မတ ၁၊ နိုင်ငံတော် ဒုတိယသမ္မတ ၂ တို့က မြို့နယ်တိုင်း ရောက်ရှိနိုင်အောင် လာရောက်ပေးခြင်းကလည်း အထူးသဖြင့် ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရရဲ့ ၁၁ လတာ လုပ်ငန်းဆောင်ရွက်မှုမှာ အင်မတန်မှ အရေးကြီးတဲ့ တိုးတက်ဖြစ်ထွန်းမှု တစ်ခုဖြစ်ပါတယ်။ အရင်တုန်းကဆိုလို့ရှိရင် နိုင်ငံတော်အဆင့် အကြီးအကဲများအနေနဲ့ ချင်းပြည်နယ် မြို့တွေအထိ ရောက်တယ်ဆိုတာ အင်မတန်မှ မရှိသလောက် နည်းပါးပါတယ်။ အခု ကျွန်တော်တို့ ၁၁ လအတွင်းမှာ နိုင်ငံတော်အဆင့် အကြီးအကဲတွေကိုယ်တိုင် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ချင်းပြည်နယ် အောက်ခြေအထိ ရောက်ရှိပြီးတော့ သိရှိသွားကြတာသည်လည်း ဒါ ကျွန်တော်တို့ အစိုးရသစ်ရဲ့ ကျွန်တော်တို့ ဆောင်ရွက်မှုဆိုတာထက် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအဆင့်ကို တင်ပြ၊ မေတ္တာရပ်ခံ၊ တောင်းဆိုခြင်းများရဲ့ အပေါ်မှာ ပြည်ထောင်စုအဆင့်က နိုင်ငံတော်သမ္မတကြီးအပါအဝင် ဒုတိယသမ္မတ ၁၊ ဒုတိယသမ္မတ ၂၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အရေးတယူ အလေးအနက်ထားပြီးတော့မှ ဆောင်ရွက်ပေးတဲ့ အချက်တစ်ခုလို့ ကျွန်တော်တို့ သုံးသပ်တာဖြစ်ပါတယ်။ အဲတော့ မနေ့ကပဲ ဒုတိယသမ္မတ ၂ ရဲ့ ချင်းပြည်နယ် မင်းတပ်ခရီးစဉ် ပြီးဆုံးပါတယ်။ အဲတော့ သောင်းသောင်းဖျဖျ လူထုကလည်း ကြိုဆိုသလို ကျွန်တော်တို့ အထူးသဖြင့် ချင်းပြည်နယ်အစိုးရအနေနဲ့လည်း အင်မတန်မှ ကျေနပ်ဂုဏ်ယူရတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တင်ပြပြောဆိုတဲ့အခါမှာ ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင့် အကြီးအကဲများအနေနဲ့ အောက်ခြေအထိ သူတို့ကိုယ်တိုင် တွေ့မြင် သိရှိခြင်းမရှိတဲ့အခါမှာ ကျွန်တော်တို့ ပြောပြတဲ့ တင်ပြတဲ့ ကိစ္စများနဲ့ပတ်သက်ပြီးတော့ မျက်မြင်ကိုယ်တွေ့ မရှိတဲ့အခါမှာ သူတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ကိစ္စ တော်တော်လေး အခက်အခဲရှိပါတယ်။ သို့သော်လည်း အခု နိုင်ငံတော်အဆင့် အကြီးအကဲများကိုယ်တိုင် ချင်းပြည်နယ် မြို့များအထိ ရောက်ရှိပြီးတော့ သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ရတဲ့အခါမှာ ကျွန်တော်တို့ တင်ပြတဲ့ကိစ္စတွေ ကျွန်တော်တို့ မေတ္တာရပ်ခံတဲ့ကိစ္စတွေ တောင်းဆိုတဲ့ကိစ္စတွေဟာ သူတို့အနေနဲ့ လုပ်ပေးဖို့နည်းလမ်း ပိုပြီးတော့မှ ကောင်းမွန်လာတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်အနေနဲ့ကတော့ အထူးသဖြင့် စီးပွားရေးအပိုင်းကို တာဝန်ယူရတဲ့အခါမှာ Promotion ပေါ့နော်။ Marketing Promotion အဲတော့ စျေးကွက်စကားနဲ့ပြောမယ်ဆိုရင် ၁၁ လအတွင်းမှာ ချင်းပြည်နယ်အစိုးရသစ်အနေနဲ့ ပြည်ထောင်စုအဆင့်မှာ ကောင်းကောင်း ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ Promotion လုပ်လိုက်နိုင်တယ်ဆိုတဲ့အချက်ကို ပထမ ပြောဆိုခြင်းဖြစ်ပါတယ်။ အဲတော့ ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်းပဲ ပြည်နယ်အဆင့်မှာ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ထားရမယ့် အကြောင်းအရာတွေကို တက်နိုင်သမျှ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် အဲလိုဖော်ပြတဲ့အခါမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ပြည်နယ်အစိုးရကနေ ဦးဆောင်ပြီးတော့မှ ရေးဆွဲဖော်ထုတ်တဲ့ စီမံချက်တွေဖြစ်ပါတယ်။ အဲတော့ အထူးသဖြင့် ကျွန်တော်တို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာဆိုတာမျိုးတို့ ခရီးသွားလာရေးဆိုင်ရာ ပလန်တွေဆိုတာမျိုးတို့ နောက် ကျွန်တော်တို့ လမ်းဘက်ကလည်း လမ်းဘက်အလျှောက် လျှပ်စစ်ဆိုလို့ရှိရင်လည်း လျှပ်စစ်စီမံချက် နောက် သစ်တောနဲ့ သယံဇာတဘက်ကလည်း သစ်တောစီမံချက်မှာ ရေးဆွဲနိုင်တာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ အဲဒီလိုမျိုး ရေးဆွဲဆောင်ရွက်နိုင်တာအပြင် သက်ဆိုင်ရာ ဒေသခံ မြို့မိမြိုဖများ ရပ်မိရပ်ဖများ တင်ပြတဲ့ သူတို့ သက်ဆိုင်ရာ မြို့တွေမှာ လိုအပ်တဲ့ ဖြည့်ဆည်းပေးရမယ့် အချက်အလက်များလည်း အများကြီး ကျွန်တော်တို့ ရရှိတာဖြစ်ပါတယ်။ အထူးသဖြင့် အခု နိုင်ငံတော်အဆင့် အကြီးအကဲများ လာရောက်မယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ ကိုယ့်မြို့အလိုက် ကိုယ့်မြို့နယ်အလိုက် တင်ပြရမယ့် ဖြည့်ဆည်းပေးစေလိုတဲ့ အကြောင်းအရင်းများကို ကျွန်တော်တို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့မိမြို့ဖတွေ ရပ်မိရပ်ဖတွေ တိုင်ပင်စုစည်းပြီးတော့မှ ကျွန်တော်တို့ ဖော်ထုတ်တာဖြစ်ပါတယ်။ ဖော်ထုတ်တဲ့အခါမှာ တစ်မြို့တစ်မြို့ကို အနည်းဆုံး ၁၅ ခု အခု ၂၀ လောက် ဖြည့်ဆည်းပေးလို့ လို်အပ်တာတွေ ထွက်လာတာဖြစ်ပါတယ်။ အဲဒါတွေ ကျွန်တော်တို့ ချင်းပြည်နယ်မှာ Button up Development approach  ပေါ့နော်။ အောက်ကနေပြီးတော့မှ အခြေခံ မြို့၊ ကျေးရွာမှာရှိတဲ့ ရပ်မိရပ်ဖတွေ လွှတ်တော်ကိုယ်စားလှယ်တွေက စုစည်းပြီးတော့ ကိုယ့်မြို့ ကိုယ့်ဒေသ ကိုယ့်မြို့နယ်မှာ လိုအပ်တဲ့အချက်တွေကို ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်က ဖြည့်ဆည်းပေးရမယ့်အချက်တွေကို စုစည်းပြီးတော့ တင်ပြခွင့်ရတာ စုစည်းနိုင်ခွင့်ရတာ ဒါကလည်းပဲ နောက်ထပ် ကျွန်တော်တို့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အဲတော့ ဒီ ၁၁ လအတွင်းမှာ ပြည်ထောင်စုအဆင့်ကို ကျွန်တော်တို့ ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ Promotion ပေါ့နော်။ ဒါ ပြည်ထောင်စုအဆင့်ကို လုပ်နိုင်ခဲ့တဲ့ အနေအထားရှိသလို တစ်ဖက်ကနေပြီးတော့လည်း ပြည်ထောင်စုကနေ ဘာတွေ ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အချက်ကိုလည်းပဲ သက်ဆိုင်ရာ မြို့နယ် ဒေသအလိုက် ဖြည့်ဆည်းပေးရမယ့် အချက်တွေကို တင်ပြ စုစည်းခွင့် ရပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်နယ်အဆင့် ဆောင်ရွက်ဖို့လိုတဲ့ စီမံချက်တွေ ဒါတွေကိုလည်း ကျွန်တော်တို့ အထူးသဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ မကြာခင်မှာလည်း မတ်လ ၂၁၊ ၂၂၊ ၂၃ မှာ အခု ပြည်နယ်အဆင့် ရေးဆွဲထားတဲ့ စီမံချက်တွေအားလုံးကို ကျွန်တော်တို့ စုစည်းပြီးတော့ ရေးဆွဲဖို့ ရှိပါတယ်။ အဲတော့ ချင်းပြည်နယ်အတွက် စုစည်းထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုဆိုင်ရာ မူဘောင် ရေးဆွဲနိုင်ဖို့အတွက်ကိုလည်းပဲ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်တဲ့အခါမှာ အထူးသဖြင့် တစ်နှစ်တာ ရရှိတဲ့အတွေ့အကြုံ ၁၁ လ ၁၂ လအပေါ်မှာ အခြေခံပြီးတော့ ရရှိတဲ့အတွေ့အကြံုကို အခြေခံပြီးတော့မှ ကျွန်တော်တို့ နောက်ထပ် လေးနှစ်လုံး ကျွန်တော်တို့ ဘာတွေ ဆက်လက်ဆောင်ရွက်မလဲ ဘာတွေ ဆောင်ရွက်သင့်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ ဆွေးနွေးဖော်ထုတ်ဖို့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီ ၁၁ လအတွင်းမှာ လျင်လျင်မြန်မြန်မြင်တွေ့ရတဲ့ အပြောင်းအလဲကြီးတွေ ဖွံ့ဖြိုးမှုကြီးတွေ ကျွန်တော်တို့ လုပ်ပေးနိုင်တာ နည်းကောင်းနည်းပါလိမ့်မယ်။ လုံးဝမရှိဘူးလို့တော့ ပြောလို့မရဘူး။ ဒီတစ်နှစ်အတွင်းမှာ ကျွန်တော်တို့ အများကြီး လုပ်ပေးနိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ရေရှည်အတွက် လိုအပ်တဲ့ပလန်တွေ အခြေခံကောင်းများကို ကျွန်တော်တို့ ဒီ ၁၁ လအတွင်းမှာ ချနိုင်ခဲ့တယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်လိုပါတယ်။

မဇ္ဈိမ - နောက်ပြီးတော့ အဲဒီအပေါ်မှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ ဘာစိန်ခေါ်မှုတွေရှိခဲ့လဲ။

ဝန်ကြီး -စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ၁၁ လအတွင်းမှာ ချင်းပြည်နယ်အစိုးရအနေနဲ့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် နံပါတ်တစ်ကတော့ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အရည်အသွေးပိုင်းမှာ အားနည်းချက်ရှိတဲ့ တည်ဆောက်မှုတွေ ကျွန်တော်တို့ ကြံုခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ အစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်တဲ့ တည်ဆောက်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါပေးပြီးတော့ ဆောင်ရွက်ခိုင်းတဲ့နေရာမှာ အချို့သော လုပ်ငန်းရှင်များအနေနဲ့ အချို့သော ကုမ္ပဏီများအနေနဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း ပြည့်မှီအောင် ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး အားနည်းတာတွေကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ တစ်ဖက်ကလည်းပဲ ကျွန်တော်တို့ ဒေသခံလုပ်ငန်းရှင်များပဲဖြစ်ဖြစ် ဒေသခံကုမ္ပဏီများပဲဖြစ်ဖြစ် ကျွန်တော်တို့ အားပေးပြီးတော့မှ လုပ်ငန်းများကို ခွဲဝေဆောင်ရွက်ခိုင်းတာမျိုး ရှိသော်လည်းပဲ အချို့သော ကုမ္ပဏီများအနေနဲ့ သတ်မှတ်ထားသော အရည်အချင်း ပြည့်ပြည့်ဝဝ ဆောင်ရွက်ထားနိုင်တော့ အနေအထားမျိုး မရှိသည့် စိန်ခေါ်မှုမျိုးလည်း ကျွန်တော်တို့ တွေ့ရတာဖြစ်ပါတယ်။ နောက် ဒုတိယတစ်ခုကတော့ အရင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ အချို့သော လုပ်ငန်းစဉ်များမှာ အရည်အသွေး မပြည့်ဝတဲ့ကိစ္စတွေ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း မပြည့်မှီတဲ့ကိစ္စတွေ ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းရတာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒီ အရင်အစိုးရလက်ထက်က ဘဏ္ဍာနှစ် နှစ်ခု ဆက်တိုက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းဖြစ်ပြီးတော့ ကျွန်တော်တို့ အစိုးရသစ် တာဝန်မယူခင် အစိုးရကို လွွှဲပြောင်းခဲ့တဲ့ လွှဲပြောင်းနိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဖွင့်ပွဲတောင် လုပ်ပြီပါပြီ။ သို့သော် ကျွန်တော်တို့ ဒါကို အစိုးရသစ်တက်တဲ့အခါမှာ ကျွန်တော်တို့ ချက်ခြင်း လက်ခံလို့ လွှဲပြောင်းယူလို့ မရပါဘူး။ ကျွန်တော်တို့ ဆယ်လကျော်လောက် အဆင့်ဆင့် စိစစ်ပြီးတော့မှ အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီးတော့မှ နောက်ဆုံးမှာ အရည်အသွေးတွေ ပြည့်မှီအောင် ဆောင်ရွက်ရတဲ့ ကိစ္စတွေရှိတာပေ့ါနော်။ ဥပမာ ပလက်ဝမြို့မှာလုပ်တဲ့ မွန်ထောက် ရေပေးဝေရေး စနစ်ကလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဆိုတော့ အချို့သောလုပ်ငန်းတွေမှာ အရင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့ပြီးတော့ ကျွန်တော်တို့ အစိုးရသစ်လက်ထက်ရောက်တဲ့အခါမှာ လက်ဆင့်ကမ်း ဆက်လက်သယ်ဆောင်ရတဲ့ လုပ်ငန်းအချို့မှာ အရည်အသွေးပိုင်း မပြည့်မှီတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ရှိတာဖြစ်ပါတယ်။ ဆိုတော့ အဲဒါတွေက ကျွန်တော်တို့အနေနဲ့ တော်တော်လေး ညှိညှိနှိုင်းနှိုင်းနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ရတဲ့အနေအထားမျိုး ရှိပါတယ်။ ဒါက ပထမစိန်ခေါ်မှုပါ။

ဒုတိယစိန်ခေါ်မှုကတော့ ကျွန်တော်တို့ လူထုက အစိုးရသစ် တက်လာပြီးတဲ့နောက်မှာ လူထုရဲ့မျှော်လင့်ချက်က နေ့ချင်းညချင်း ပြောင်းလဲခြင်တာဖြစ်ပါတယ်။ အဲလိုမျိုး ပြောင်းလဲချင်တာဖြစ်သော်လည်းပဲ ကျွန်တော်တိို့ ဒီ ၁၁ လအတွင်းမှာ အသုံးပြုတဲ့ ရန်ပုံငွေ ဘတ်ဂျက်ဟာဆိုလို့ရှိရင် လွန်ခဲ့တဲ့ အစိုးရ ရေးစွဲပေးလိုက်တဲ့ ရန်ပုံငွေဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ အရင်အစိုးရလက်ထက်တုန်းက ချမှတ်ခဲ့တဲ့ ခွဲဝေသုံးစွဲဖို့ အတည်ပြုခဲ့တဲ ့ဘတ်ဂျက်အတိုင်း သုံးစွဲခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ အချို့နေရာတွေမှာ ဦးစားပေး ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ မဆောင်ရွက်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ အဲတော့ တစ်ချို့မြို့တွေမှာ မြို့သူမြို့သားတွေက ငါတို့ ၁၁ လအတွင်းမှာ NLD အစိုးရအနေနဲ့ ဘာမှ မလုပ်ပေးသေးပါလားဆိုတဲ့ ယူဆချက်တွေ ခံစားချက်တွေ ရှိနေတာရှိပါတယ်။ အဲတော့ ကျွန်တေ်ာတို့ အဲဒါတွေကိုလည်းပဲ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကနေစပြီးတော့ တက်နိုင်သမျှ အဲလိုမျိုး မဖြစ်စေဖို့ ချင်းပြည်နယ်တွေ မြို့တွေအားလုံးကို အချိုးညီ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲနိုင်ဖို့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ အဲတော့ အစောပိုင်းပြောတဲ့ အစိုးရရဲ့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုက အရင်အစိုးရလက်ထက်တုန်းက ခွဲဝေပေးထားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့ ၂၀၁၆-၁၇ လက်ရှိ ၁၁ လအတွင်း ဆောင်ရွက်တဲ့အခါမှာ အချို့သောမြို့နယ်တွေမှာ အရေးကြီးပေမယ့် ချက်ခြင်းမလုပ်ပေးနိုင်တဲ့ကိစ္စတွေ လိုအပ်ပေမယ့် မဖြည့်ပေးနိုင်တဲ့ ကိစ္စမျိုးတွေ ရှိနေတော့ လူထုအနေနဲ့ NLD အစိုးရ ၁၁ အတွင်း ဘာမှ အပြောင်းအလဲ မတွေ့ရသေးပါလားဆိုတဲ့ ခံစားချက်မျိုးလည်း ရှိနိုင်တာဖြစ်ပါတယ်။ အဲတော့ တစ်ဖက်ကလည်း ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ ၁၁ လအတွင်းမှာ လူထုရဲ့သဘောထား လူထုရဲ့အမြင် အစောပိုင်း ကျွန်တော်ရှင်းပြခဲ့တဲ့ Buttom up approch နဲ့ ဆောင်ရွက်တဲ့အခါမှာ ခုနကပြောတဲ့ အချက်အလက်တွေကိုလည်း ကျွန်တော်တို့ တော်တော်လေး ပြန်ပြီးတော့မှာ ထည့်သွင်းစဉ်းစားပေးနိုင်တာဖြစ်ပါတယ်။ အထူးသဖြင့် ၁၁ လအတွင်းမှာ ကျွန်တေ်ာတို့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးလည်း မြို့တွေအားလုံးကို ကျွန်တော်တို့ ရောက်အောင်သွားနိုင်တယ်။ တစ်မြို့ကို အနည်းဆုံး ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေ နှစ်ကြိမ်သုံးကြိမ်လောက် ရောက်ရှိပြီးတော့မှ ကွင်းဆင်းခြင်း လူထုအသံနားထောင်ခြင်း ဒါတွေ အများကြီး လုပ်ခဲ့တာဖြစ်ပါတယ်။ အဲတော့ အဲဒီနေရာမှာ ကျွန်တော်တို့ တွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုက သွားရေးလာရေး အင်မတန်ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေ အမြဲ ခရီးထွက်ပါတယ်။ ကျွန်တော်အနေနဲ့ ပြောရမယ်ဆိုရင် ခရီးအထွက်ဆုံး အစိုးရအဖွဲ့ထဲမှာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပါပါလိမ့်မယ်။ ကိုယ်ပဲ အထွက်ဆုံးလို့တော့ မပြောလိုပါဘူး။ အခြားပြည်နယ် တိုင်းတွေကလည်း ထွက်ကြပါတယ်။ ခရီးအထွက်ဆုံး ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေထဲမှာ ချင်းပြည်နယ်လည်း ပါပါတယ်။ အဲတော့ ခရီးထွက်လိုက်တိုင်း ကျွန်တော်တို့က ကားနဲ့ သက်စွန့်စံဖျား သွားလာရတဲ့အနေအထားမျိုးဖြစ်တော့ ကျွန်တော်တို့ အကြီးမားဆုံး သွားရေးလာရေးမှာ အခက်အခဲက မော်တော်ကားနဲ့သွားရတာ စွန့်စားရတာ အချိန်မှီရောက်အောင်သွားရတာ နောက်ပြီးတော့ လမ်းတွေပိတ်လို့ ရှေ့ဆက်သွားလို့မရလို့ ရပ်ပြီးထားရတဲ့အထဲမှာ ဝန်ကြီးတွေလည်းပါတယ်။ ကြံုလည်းကြံုရတယ်။ ကျွန်တော်တို့ဆိုရင် ခါးထောင်းကျိုက်ပြီးတော့  ကိုယ့်အထုတ်ကိုယ်စွဲပြီးတော့ ကားလမ်းကနေ ဖြတ်လမ်းကနေ လျှောက်ရတဲ့ အခါမျိုးလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီ လမ်းပန်းဆက်သွယ်ရေးကတော့ ကျွန်တော်တို့အတွက်ကို တော်တော်လေး အခက်အခဲ ဖြစ်နေဆဲပါ။ တကယ်လို့များ ရဟတ်ယာဉ်တွေ ကျွန်တော်တို့ အသုံးပြုခွင့် ရတယ်ဆိုလို့ရှိရင်တော့ ဒီလိုမျိုး အခက်အခဲမျိုးက ပြေလျော့သွားနိုင်စရာ အကြောင်းရှိပါတယ်။

 

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါ။ နောက်တစ်ခုက ချင်းပြည်နယ်ရဲ့ အနေအထားဟာဆိုရင် အခြားပြည်နယ်တွေနဲ့ တော်တော်လေး ခြားနားတာတွေ့ရတယ်။ လမ်းအနေအထားတွေရော မြို့တည်ထားတဲ့ အနေအထားတွေရောပေါ့နော်။ ဆရာကိုယ်တိုင်လည်း အဓိက Tourism (ခရီးသွားဝန်ဆောင်မှု) ပိုင်းကို လုပ်နေတာတွေ တွေ့ရတယ်။ ဆိုတော့ အဲဒီအတွက် Plan က ဘယ်လိုမျိုးအခြေအနေရှိလဲ၊ ပြီးတော့ အဲဒါကရော လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်ပါ့မလားပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ချင်းပြည်နယ်ဟာဆိုရင် လမ်းပန်းဆက်သွယ်ရေးအပိုင်းတွေကပါ အခုချိန်မှာ အားနည်းသေးတာဆိုတော့ ........

ဝန်ကြီး - ဒီ ခရီးသွားလုပ်ငန်းကတော့ ကျွန်တော်တို့ အစိုးရသစ်တက်လာပြီးတဲ့အနောက် ဦးစားပေး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဘက်မှာ တာဝန်ယူဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ အထူးသဖြင့် ကျွန်တော်ကိုယ်တိုင်လည်း ဒီခရီးသွားလုပ်ငန်းကို စိတ်ဝင်စားပါတယ်။ အဲတော့ ဝန်ကြီးချုပ်ကလည်း အင်မတန်မှ စိတ်ဝင်စားပါတယ်။ အဲတော့ ဟိုတယ်နဲ့ ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးကလည်း အင်မတန်အားပေးပါတယ်။ ဒုတိယသမ္မတ ၂ ကိုယ်တိုင်လည်း အားပေးတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ ကျွန်တော်တို့ ချင်းပြည်နယ်အနေနဲ့ အစိုးရသစ် တက်လာပြီးတဲ့အခါမှာ အထူးသဖြင့် အကြောင်းအရာ သုံးခုကို အခြေခံပြီးတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီးတော့ ဆောင်ရွက်ပါတယ်။ ပထမတစ်ခုကတော့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း၊ CBT ပေါ့နော်။ ဒါကို ကျွန်တော်တို့ ရွေးချယ်တာဖြစ်ပါတယ်။ CBT ရွေးချယ်ရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့မှာ သွားလေ့လာတဲ့အခါမှာ သက်မဲ့ဦးတည်ရပ်ပေါ့နော်။ ဥပမာ ကျွန်တော်တို့ တောင်တွေကိုသွားကြည့်တယ် တောင်တွေကို သွားကြည့်ရတဲ့အပိုင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ တော်တော်များများက ချင်းလူမျိုးတွေမှာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ ရှိနေတယ်ဆိုတာကို အရင်တုန်းက သိပ်ပြီးတော့ ပေါ်ပေါ်လွင်လွင် မလုပ်ခဲ့ဘူး။ အဲဒီအတွက်ကြောင့်မို့ CBT လုပ်တဲ့အခါမှာ ကျွန်တော်တို့ တောင်တွေကိုလည်းကြည့်မယ်။ လူတွေကိုလည်း ကြည့်မယ်။ လူတွေရဲ့ ဘဝကိုကြည့်မယ်။ အတူတူ သူတို့နဲ့ စီးမျောမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို အစိုးရသစ် စတင်တာဝန်ယူပြီးတော့ ၁၁ လအကြာမှာ ကျွန်တော်တို့ သုံးနေရာကို ရွေးပါတယ်။ ကန်ပလက်မြို့နယ်က စွန်းလောင်း၊ ဖလန်းမြို့နယ်ကာ တာရွှန်း၊ နောက်ပြီးတော့ ရိဒ်ခေါဒါရ်မြို့နယ် (အသဲပုံ ရိဒ်ရေကန်တည်ရှိရာမြို့)က လိုက်လူကျွေးရွာ ဒီသုံးခုကို ကျွန်တော်တို့ ရွေးပါတယ်။ ရွေးပြီးတော့ သူက ချက်ချင်းလုပ်လို့ရတာမဟုတ်ဘူး။ သူက သက်ဆိုင်ရာကို အသိပေးတဲ့ကိစ္စ သင်တန်းပေးတဲ့ကိစ္စ နောက်ပြီးတော့ ခရီးသွားကုမ္ပဏီတွေကလည်း သွားပြီးတော့ အခြေချပြီးတော့ နေအိမ်ဆောက်တဲ့ကိစ္စ အဆင့်ဆင့်လုပ်ရတယ်။ လုပ်ရတဲအခါမှာ ကန်ပလက်မြို့နယ် စွန်လောင်းက ၂၀၁၇ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျွန်တော်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲတော့ ဒီလိုဖွင့်လှစ်ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ အစိုးရသစ် ၁၁ လအတွင်းမှာ ပထမဦးဆုံး ချင်းပြည်နယ် တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ချင်းပြည်နယ်မှာ ပထမဦးဆုံးသော ဖွင့်လှစ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့မြို့တွေကိုတော့ ကျွန်တော်တို့ ဆက်ပြီးတော့ ဖွင့်ရမှာပါ။ ဆိုတော့ ဒါက ပထမတစ်ခုပေါ့နော် ဆိုတော့ ဒီ ရပ်ရွာအခြေပြုလုပ်ငန်းကို အားပေးတာ ပထမလုပ်ငန်းစဉ်ဖြစ်ပါတယ်း။ ဒုတိယလုပ်ငန်းစဉ်က ကျွန်တော်တို့ ဟိုတယ်တည်ဆောက်ရေးကိစ္စ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင် တကယ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဟိုတယ်တွေလိုပါတယ်။ လောလောဆယ် ကျွန်တော်တို့ ဟားခါးမြို့အပါအဝင် မြို့တော်ဖြစ်ပေမယ့် မြို့တော်တော်များများဟာ ဟိုတယ်ရှိပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ် မြို့ ကိုးမြို့ အင်မတန်လည်ပတ်လို့ကောင်းတဲ့မြို့ ကိုးမြို့မှာ မင်းတပ်နဲ့ ကန်ပလက်မြို့မှာကလွဲရင် ကျန်တဲ့မြို့မှာ ဟိုတယ်မရှိပါဘူး။ ဟိုတယ် မရှိတဲ့အတွက်ကြောင့်မို့ တည်းခိုခြင်းပိုင်းဆိုင်ရာ အင်မတန်မှ အခက်အခဲရှိပါတယ်။ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှု အပြည့်အဝ ကျွန်တော်တို့ မပေးနိုင်ပါဘူး။ အဲဒီအတွက်ကြောင့် ၁၁ လအတွင်းမှာ ချင်းပြည်နယ်အတွင်းမှာ ဟိုတယ်တည်ဆောက်ဖို့လိုပါတယ် ဆိုတာကို အစိုးရအဖွဲ့က သုံးသပ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ ဟိုတယ် ၁၂ လုံး မြို့ခြောက်မြို့ တီးတိန်၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ ဟားခါး၊ မင်းတပ် ဆိုပြီးတော့ မြို့ခြောက်မြို့မှာ ဟိုတယ် ၁၂ လုံး တည်ဆောက်ဖို့ အစီအမံ စတင်တာဖြစ်ပါတယ်။ အခုချိန်မှာဆိုလို့ရှိရင် ဟိုတယ်တည်ဆောက်မယ့် လုပ်ငန်းရှင်များကိုလည်း ပဏာမ ခွင့်ပြုချက် ပေးပီးပြီဖြစ်သလို သူတို့ကလည်း မြေနေရာရရှိရေးကိစ္စ ဂရန်ရရှိရေးကိစ္စ ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါတွေရပြီးသွားလို့ရှိရင် ပြည်ထောင်စုဝန်ကြီး ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဟိုတယ်တည်ဆောက်မှုလုပ်ငန်းတွေ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီ ၁၁ လအတွင်းမှာပဲ မြန်မြန်ဆန်ဆန် ကျွန်တော်တို့ စနစ်တကျ လေ့လာစမ်းသက်မှုတွေ လုပ်ပြီးတော့မှ မြို့တိုင်းမှာ အနည်းဆုံး ဟိုတယ် တစ်လုံး နှစ်လုံး ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့က သွားလို့ရတဲ့ နေရာတွေကို ဖော်ထုတ်တာဖြစ်ပါတယ်။ လူတွေတော်တော်များများလည်း လည်ပတ်နေပြီဖြစ်ပါတယ်။ ပုဂံကနေ လေးနာရီ မောင်းရင် ရပါတယ်။ အဲတော့ အမြဲတမ်း တစ်ခုတည်းကိုပဲ သွားနေဖို့မဟုတ်ဘူး။ နောက်ထပ် သွားစရာ နေရာတွေလည်း ရှိနေပါတယ်။ မြို့မှာရှိတဲ့ ရိဒ်ရေကန်ရှိပါတယ်။ အဲဒါကလည်း မြို့တော်ရဲ့ အသည်းနှလုံးပုံရှိပါတယ်။ အင်မတန်မှ ဒဏ္ဍာရီပုံပြင်ဆန်သော အင်မတန်မှ အံ့သြစရာကောင်းတဲ့ ကန်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို သွားရောက် လည်ပတ်နိုင်ဖို့ဆိုရင်တော့ ကလေးကနေ တီးတိန်ကို သုံးနာရီလောက် တီးတိန်ကနေ ရိဒ်ကို နောက်ထပ် ၂ နာရီလောက် ၅ နာရီလောက် မောင်းရတဲ့ ခရီးလမ်းတစ်ခု ရှိပါတယ်။ နောက် ဒါမှမဟုတ်ရင် ကလေးကနေ ဖလမ်းကို လေးနာရီလောက်မောင်း ပြီးတော့ နောက်ထပ် လေးနာရီလောက် ထပ်မောင်းရင်းနဲ့ နောက်ထပ် ရှစ်နာရီလောက်ကြာမယ့် ...............

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly