နယ်မြေစိုးမိုးမှုအတွက် ပျဉ်းမနားမြို့တွင် ရဲစခန်းတစ်ခု ထပ်မံထားရှိရန် တင်ပြထား

နယ်မြေစိုးမိုးမှုအတွက် ပျဉ်းမနားမြို့တွင် ရဲစခန်းတစ်ခု ထပ်မံထားရှိရန် တင်ပြထား

နေပြည်တော်၊ မတ် ၅ ။             ။ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် မြို့မရဲစခန်းတစ်ခု ရှိသော်လည်း နယ်မြေစိုးမိုးမှုအတွက် နယ်မြေရဲစခန်းတစ်ခု ထပ်မံတည်ဆောက်ရန် လိုအပ်သဖြင့် တင်ပြထားသည်ဟု ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က မတ်လ ၄ရက်တွင် ပြောသည်။

ပျဉ်းမနားမြို့မရဲစခန်းနှင့် အလှမ်းဝေးသော ရွာကောက်ရက်ကွက်၊ ဥယာဉ်စုရပ်ကွက်၊ ဘောဂဝတီရပ်ကွက်နှင့် တစ်ဆက်တစ်ဆက်တည်း ကင်ပွန်းတန်းကျေးရွာ အုပ်စုတို့နှင့် နီးစပ်သည့် နေရာတစ်ခုဖြစ်သော ရန်ကုန် - မန္တလေး ကားလမ်းဟောင်း၏ဘေး ပေါင်းလောင်း(၃)ရပ်ကွက်တွင် နယ်မြေရဲစခန်းတစ်ခု ထားရှိရန် စီစဉ်နေခြင်း ဖြစ်သည်။

“အဲ့ဒီရပ်ကွက်ဘက်မှာ နယ်မြေစိုးမိုးမှုအတွက် မြို့မရဲစခန်းနဲ့ဆိုရင် နည်းနည်းလေးလှမ်းပါတယ်။ လူဦးရေကလည်းလေးသောင်းကျော်ဒီဘက်မှာနေထိုင်ပါတယ်။ အဲ့ဒီအတွက်ကျွန်တော် နယ်လုံဝန်ကြီးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို စာတင်ထားပါတယ်” ဟု ဦးသန်းစိုးအောင်က မဇ္ဈိမသို့ပြောသည်။

နယ်မြေရဲစခန်းတည်ဆောက်ရန်ကိစ္စနှင့်ပတ်သတ်ပြီး မဇ္ဈိမက ပျဉ်းမနားမြို့နယ်၏ ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူး တင်မိုးဦးထံ မေးမြန်းရာတွင် “အဲ့ဒီအခြေအနေက အခုဟာကျွန်တော်တို့က တင်ပြတုန်းပဲရှိသေးတယ်ဗျ။ ရဲကင်းတစ်ခုဆောက်မယ်ဆိုရင် ရဲကင်းပဲဆောက်ဆောက် ရဲစခန်းပဲဆောက်ဆောက် အဲ့တာပြည်ထဲရေးကနေပြီးတော့ ခွင့်ပြုမှ ဆောက်လို့ရတယ်။ ကျွန်တော်တို့ပြည်ထဲရေးထိ တင်ပြရပါမယ်ခင်ဗျ။ အဲ့တာမှအတည်ပြုမှာပါ။ အခုဟာကကျွန်တော်တို့လျာထားတုန်းပဲ လွှတ်တော်ကိုယ်စားလှယ်ကြီးက တင်ပြတာပဲရှိပါသေးတယ်။ အဲ့ဒီနေရာမှာထားသင့်တယ်ဆိုတဲ့အကြောင်းလေးကို တင်ပြတာပဲရှိပါသေးတယ် အစီအစဉ်ကမကျသေးပါဘူး” ဟုပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ ပျဉ်းမနားမြို့နယ်တွင် နေထိုင်သူ လူဦးရေမှာ တစ်သိန်းရှစ်သောင်းကျော်ရှိပြီး ရဲတပ်ဖွဲ့အင်အားမှာ တစ်ရာဦးခန့်သာ ရှိသောကြောင့် လူဦးရေ ၁၈၅၀ဦးကို ရဲတစ်ဦးက ကာကွယ်မှုပေးနေရသည့်သဘော ဖြစ်သည်။

ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ၃နှစ်အတွင်း ပျဉ်းမနားမြို့နယ်တွင် မှုခင်ဖြစ်ပွားမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်။

အချက်အလက်များအရ ပျဉ်းမနားမြို့နယ်တွင် မှုခင်းဖြစ်ပွားမှုမှာ ၂၀၁၄ခုနှစ်တွင် အမှုကြီး ၂၃မှု၊ အခြားအမှု ၄၀၆မှု၊ ကြိုတင်ကာကွယ်မှု ၁၉၆မှု၊ စုစုပေါင်း ၆၂၅မှု၊ ၂၀၁၅ခုနှစ်တွင် အမှုကြီး ၁၁မှု၊ အခြားအမှု ၄၇၈မှု၊ ကြိုတင်ကာကွယ်မှု ၂၁၄မှု စုစုပေါင်း ၇၀၃မှုနှင့် ၂၀၁၆ခုနှစ်တွင် အမှုကြီး ၁၄မှု၊ အခြားအမှု ၅၃၀မှု၊ ကြိုတင်ကာကွယ်မှု ၅၈၉မှု၊ စုစုပေါင်း ၁၁၃၃မှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly