ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသာလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တို့ ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ခုကို နေပြည်တော်မှာပြုလုပ်ခဲ့ကြပါတယ်။ အဲဒီထဲက ရခိုင်ပြည် အမျိုးသားကောင်စီ ANC /AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို RiA သတင်းထောက် မင်းမျိုးနွယ်က ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။

MMN/RiA ။    ။ ဗိုလ်မှူးကြီးတို့ ရခိုင်ပြည်တပ်မတော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု တစ်ခုပြုလုပ်သွားတယ်လို့ သိရတယ်ခင်ဗျား။ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးဖြစ်တယ်ဆိုတာ ပြောပြလို့ ရနိုင်မလား။

Col/ANC-AA ။    ။ကျွန်တော်တို့ဘက်ကတော့ အဓိကဆွေးနွေးခဲ့တာဟာ UNFC ကတင်ပြထားတဲ့ မူ၈ ချက်ပါ။ ဘာကြောင့် ဒီမူ ၈ ချက်ကို တင်ပြရသလဲ။ အဲဒီအပေါ်မှာရော ဘာတွေ လုပ်ကိုင် နိုင်သလဲဆိုတာကို ဆွေးနွေးခဲ့ကြတာ  ဖြစ်ပါတယ်။ မူ ၈ ချက်က လဲပဲ NCA ထဲမှာ မပြည့်စုံသေးတဲ့ အချက်အတွေ၊ မရှင်းလင်းသေးတဲ့အချက်ေ တွကို ဖြည့်စွက်နိုင်ဖို့အတွက် UNFC အနေနဲ့ တင်ပြထားတဲ့ ၈ ချက်ပါ။

MMN/RiA ။    ။ မကြာခင်မှာ ကျင်းပဖို့ရှိနေတဲ့ ပင်လုံညီလာခံနဲ့ရော ဆက်စပ်မှုရှိတယ်လို့ ပြောလို့ရမလား။

Col/ANC-AA ။    ။ ဆက်စပ်မှုက အများကြီးရှိပါတယ်။ ပင်လုံညီလာခံကို တက်မယ်ဆိုရင်တော့ NCA လက်မှတ်ရေးထိုးပြီးမှသာ တက်ရမှာ ဖြစ်ပါတယ်။ လက်မှတ်ထိုးဖို့အတွက်လည်း အစိုးရကရော စစ်တပ်ကပါ တိုက်တွန်းပါတယ်။ UNFC ဘက်ကလဲ NCA ကို လက်မှတ်ရေးထိုးချင်ပါတယ်။ သို့သော် အဓိက မပြေလည်သေးတဲ့ အချက်တွေဟာ ဘာကြောင့် မပြေလည်သေးတာလဲ ဆိုတာကတော့ စောစောကပြောတဲ့ မူ ၈ ချက် မပြေလည်သေးတာပဲဖြစ်ပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီမူ ၈ ချက်ဟာ အရေးပါပါတယ်။ ကျွန်တော်တို့လည်းပဲ ဆွေးနွေးလို့အဖြေရမှသာ ပင်လုံညီလာခံမှာပါဝင်နိုင်ဖို့ဖြစ်ပါတယ်။

MMN/RiA ။    ။ အခုဆွေးနွေးခဲ့ကြတဲ့အတွက်ကြောင့်ကော ဘယ်လိုအခြေအနေတွေ၊ အလားအလာတွေ ဘယ်လို့ရှိလာနိုင်လဲ။

Col/ANC-AA ။    ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့တော့ အများကြီး အပြုသဘော ဆောင်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ သူ့အနေနဲ့တော့ ဆုံးဖြတ်ချက် ချပေးတဲ့အနေအထားမဟုတ်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဘယ်လိုတွေကို အခြေခံပြီးတော့ ဆွေးနွေးသင့်သလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

MMN/RiA ။    ။ ဗိုလ်မှူးကြီးတို့ဘက်က တောင်းဆိုထားတဲ့ အနေအထားကိုရောက်မလာပေမဲ့ အခြားတစ်နည်းနည်းနဲ့ ပြောင်းလဲမှုလေးတွေ ရှိလာခဲ့ရင်ကော NCA ကိုလက်မှတ်ထိုးဖို့ အစီစဉ်ရှိသလား။

Col/ANC-AA ။    ။ ကျွန်တော်တို့ အဓိကအခြေခံတာကတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျွန်တော်တို့ဟာ ဘယ်လို ကတိကဝတ်တွေပြုမလဲ။ တစ်နည်းတစ်ဖုံပေါ့။   နောက်တစ်ခုက အပစ်ခတ်ရပ်စဲရေး ယန္တရားကို ဘယ်လိုလုပ်မလဲ။ အပစ်ရပ်တာကလွယ်ပါတယ်။ သို့သော် ရပ်ထားတာကို ပြန်မပစ်အောင်ထိန်းသိမ်းဖို့အတွက် ခက်ခဲပါတယ်။ အဲလိုအခင်းအကျင်း တွေရှိရင်တော့ လက်မှတ်ထိုးနိုင်ဖို့ အလားအလာတွေ အများကြီးရှိပါတယ်။ နောက်တစ်ခုက နိုင်ငံရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုံစံဖြစ်စေချင်တာပါ။ အခုပုံစံက ကျွန်တော်တို့လိုချင်တဲ့ သုံးပွင့်ဆိုင်စုဖွဲ့ဆွေးနွေးတဲ့ အနေအထားမဟုတ်ဘဲနဲ့ တပ်က တစ်ပွင့်ပုံစံမျိုးဖြစ်နေတယ်။ တပ်ကဆုံးဖြတ်ချက်တွေကလည်း မထွက်လာနိုင်သေးတဲ့အနေအထားမှာ ရှိနေတယ်။ ဒါကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တော်တော်ကို အလုပ်ဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ပွင့်လင့်မြင်သာတဲ့ ဆွေးနွေးပွဲမျိုးပုံစံမျိုးဖြစ်ကြဖို့လဲ အရေးကြီးနေပါတယ်။ အဲလို မဟုတ်ရင်တောင် နိုင်ငံရေးဆွေးနွေးမှုတွေမှာ Block မဖြစ်လာအောင် အဓိကပြဿနာတွေရှိလာခဲ့ရင် ဘယ်လိုကျော် လွှားနိုင်မလဲ။ အဲဒါတွေအတွက် အစားထိုးနိုင်တဲ့ နည်းလမ်းတွေရှိရင်တော့ ဆက်ပြီးလုပ်နိုင်မယ့် အခြေအနေတွေအများကြီး ရှိနေပါတယ်။

MMN/RiA ။    ။ အခြေအနေအရ UNFC အနေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာ မရှိပေမဲ့ ဗိုလ်မှူးကြီးတို့ ANC အနေနဲ့ပဲဖြစ်ဖြစ်၊ AA အနေနဲ့ပဲဖြစ်ဖြစ် သီးခြားထိုးဖို့အစီစဉ်တွေရှိလား။

Col/ANC-AA ။    ။ ကျွန်တော်တို့ ANC, AA ကို အရင်ကတည်းကနေ ဖိတ်ခေါ်ထားပြီးသားပါ။ လက်မှတ်မထိုးဘဲနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လို့ရတယ်ဆိုပြီးတော့ ပြောထားပြီးသားပါ။ လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာက ကျွန်တော်တို့ကို ခေါ်ဖို့မခေါ်ဖို့နဲ့ မဆိုင်ဘူး။ လက်မှတ်ထိုးပြီးတဲ့နောက်မှာ ကျွန်တော်တို့လိုချင်တဲ့ အမျိုးသားတန်းတူရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည် ဆောက်နိုင်ဖို့ အလားအလာဘယ်လောက်ရှိသလဲ။ ကတိကဝတ် ခိုင်မာမှု ဘယ်လောက်ရှိသလဲ။ ပြီးတော့ ထပ်မံပစ်ခတ်မှု မဖြစ်အောင် ထိန်းထားနိုင်မှု ဘယ်လောက် ရှိသလဲ။ နောက် နိုင်ငံရေးဆွးနွေးပွဲမှာ ဂုဏ်သရေရှိရှိနဲ့ တန်းတူ ဘယ်လိုပါဝင် နိုင်မလဲ။ အဲလိုအနေအထားတွေမှာ အခြေခံနေတာ။ လိုအပ်နေတာဖြစ်ပါတယ်။ UNFC အနေနဲ့ရော ANC အနေနဲ့ပါ ကိုင် စွဲထားတဲ့မူကတော့ တစ်ဖွဲ့တစ်သင်းကျန်ခဲ့လို့ရှိရင် ငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ တစ်ကြိမ်တည်းနဲ့ အားလုံပါဝင်နိုင်မှာမဟုတ်ရင်တောင် တစ်ဆင့်ချင်းအားလုံးပါဝင်လာနိုင်တဲ့ မူရှိရမယ်။ လမ်းစဉ်ရှိရပါလိမ့် မယ်။ အဲလိုအခြေအနေမှာပဲ ကျွန်တော်တို့အနေနဲ့ လက်မှတ်ထိုးသွားမှာဖြစ်ပါတယ်။

MMN/RiA ။    ။ အခု မကြာခင်ရက်ပိုင်းအတွင်းက မြောက်ပိုင်းအဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်မတော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင် ခွင့်မပေးဘူးဆိုပြီးတော့ တပ်မတော်ဘက်က ပြောနေတာရှိတယ်။ ဒီအပေါ်မှာရော ဗိုလ်မှူးကြီးတို့ဘက်က ဘယ်လို သုံးသပ်လဲ။

Col/ANC-AA ။    ။ ကျွန်တေ်ာတို့အနေနဲ့ကတော့ အားလုံးသူကို ပါဝင်စေချင်ပါတယ်။ 

အပစ်ခတ်ရပ်စဲရေးမှာနေပြီးတော့  အစိုးရနဲ့ စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံနေတဲ့ အဖွဲ့ ၂၁ ဖွဲ့ရှိပါတယ်။ အဲဒီထဲမှာ အဖွဲ့တိုင်းကို တန်းတူညီမျှ၊ သာတူညီမျှ ပါဝင်ဈေချင်ပါတယ်။ ကျွန် တော်တို့ ဗမာတစ်နိုင်ငံလုံးရဲ့ ပြဿနာဟာ ဒီမှာရှိနေတဲ့အဖွဲ့အစည်းအားလုံးနဲ့ သက်ဆိုင်တဲ့ပြဿနာဖြစ်တယ်။ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာနိုင်မှသာလျင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရလာမှာဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ဖွင့်ချင်းစီရဲ့ ဘယ်လောက်ပါဝင်ချင်စိတ်ရှိသလဲဆိုတဲ့ အနေအထားအပေါ်မှာလည်း မူတည့်ပါတယ်။ အခုနောက်ဆုံး ဆုံးဖြတ်လိုက်တဲ့ ပန်ဆန်းညီလာခံမှာ NCA ကို အခုရှိနေတဲ့လမ်းကြောင်းအတိုင်းမသွားဘူး။ လမ်းကြောင်းသစ် ဖောက်ပြီး မှာ သွားမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာရင်တော့ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်ဝင်ပြောရတာ ခက်ခဲပါတယ်။

MMN/RiA ။    ။ မကြာခင်က ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်းအဝေးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကိုရော ဗိုလ်မှူးကြီးတို့ဘက်က ဘယ်လို သုံးသပ်လဲ။

Col/ANC-AA ။    ။ ကျွန်တော်တို့အမြင်ကတော့ အရှုပ်အထွေးတွေပါ။ ဝ တို့၊ မိုင်းလားတို့ကတော့ အခုရှိနေတဲ့ NCA လမ်းကြောင်း အတိုင်း သွားလို့ သူတို့အတွက် အကျိုးစီးပွားမရှိလာနိုင်ဘူးလို့ သူတို့ယုံကြည်ထားတယ်။ အဲဒီအပေါ်မှာ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ကလဲ NCA လမ်းကြောင်းထဲက ဖယ်ထုတ်ထားတဲ့အချိန်မှာ လမ်းကြောင်းရှာတယ်လို့ပဲ မြင်ပါတယ်။ လမ်းကြောင်း သစ်တွေ ရှာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာတော့မရှိဘူး။ လမ်းကြောင်းဟောင်းမှာ ရှိနေတဲ့အဖွဲ့အစည်း တွေနဲ့ ဘယ်လို ပူးပေါင်းအဖြေရှာ သွားမလဲဆိုတာက အဓိကကျပါတယ်။ ကျွန်တော်တို့ UNFC အနေနဲ့ကတော့ NCA သည် ပြီးပြည့်စုံမှုမရှိ။ ခိုင်မာမှုမရှိ။ အဲဒါကို ပြုပြင်တဲ့နည်းလမ်းနဲ့ပဲ ကျွန်တော်တို့ဆက်သွားမှာ ဖြစ်ပါတယ်။ အခုပန်ဆန်း ညီလာခံက ထွက်တဲ့ NCA အသစ်ရေးဆွဲရမယ်ဆိုတာက အသစ်ရေးဆွဲရေးတဲ့  ပုံစံတစ်မျိုး ဖြစ်သွားဖို့အတွက်ပါ။ အခု ကျွန်တော်တို့ မပြေလည်သေးတဲ့ NCA မှာ ဘာတွေကိုပြင်ဆင်သလဲ။ ဖြည့်စွက်သလဲ။ ဒီနေရာကိုပဲရောက်လာမှာပါ။

MMN/RiA ။    ။ လက်ရှိ NCA မှာပါနေတဲ့အချက်အလက်တွေဟာ တပ်မတော်နဲ့ ပြီးခဲ့တဲ့အစိုးရတို့ ရေးဆွဲခဲ့တာ ဖြစ်တယ်။ အစိုးရ သစ်အနေနဲ့ရော NCA ပြင်ဆင်ဖို့အတွက် စစ်တပ်ကို တစ်စုံတစ်ရာ ဖိအားတွေပေးနိုင်လိမ့်မယ်လို့ ယုံကြည်လား ခင်ဗျား။

Col/ANC-AA ။    ။ အစိုးရသစ်အနေနဲ့ကတော့ တပ်မတော်ဘက်က တင်းခံနေမယ်ဆိုရင် တွန်းအားပေးနိုင်တဲ့ အနေအထားမရှိဘူး။ ဒီနေရာ မှာ ပြဿနာက တပ်မတော်ရဲ့စေတနာအပေါ်မှာပဲ အဓိကအခြေခံပါတယ်။ တပ်မတော်သည် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အတွက် ဘယ်လောက်ထိ သည်းခံပေးမလဲဆိုတာကို အပြုသဘောနဲ့ ကျွန်တော်တို့အားလုံးပါဝင်အဖြေရှာနိုင်တဲ့ အပေါ်မှာ ဘဲ မူတည်ပါတယ်။    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly