“လှုံ့ဆော်တာနဲ့ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

“လှုံ့ဆော်တာနဲ့ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”
 တရားလွှတ်တော်ရှေ.နေဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now)

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံမှုခံရမှှု ပါဝင်သူတွေကို၂၀၁၄ ခုနှစ် အကြမ်းဖက်မှှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူသင့်ကြောင်း၊ သာမန်လူသတ်မှှုပုဒ်မနဲ့ မဟုတ်ဘဲဒီဥပဒေနဲ့သာ အရေးယူမယ်ဆိုရင် ပါဝင်သူတွေအားလုံး သေဒဏ်ကလွတ်မြောက်နိုင်စရာမရှိကြောင်း၊ အားပေးလှုံ့ ဆော်သူတွေကိုပါ ဒီအကြမ်းဖက်မှှုဥပဒေနဲ့အရေးယူလို့ရကြောင်း ရှေ့နေကြီးဦးကြီးမြင့်က ပြောဆို လိုက်ပါတယ်။

ရန်ကုန်/မတ် ၃၊ ၂၀၁၇ ။            ။  ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ရာဇ သတ်ကြီးပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ် လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာ ကြေညာခဲ့ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးမယူတာကို မီဒီယာက မေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ်နှောင်ပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ်မောင်တော ရဲကင်းစခန်းများဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲကိစ္စတွေမှာတောင် အကြမ်း ဖက်မှှု ဥပဒေကိုမသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီကိစ္စကိုလည်း အကြမ်းဖက်မှှုပုံစံနဲ့ မကိုင်တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ပြောခဲ့ပါတယ်။ ဦးကိုနီလုပ်ကြံမှုဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်ပါသလား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ၊ တရားရုံတင်စစ် ဆေးတဲ့ အခါမှာရော အခုစွဲချက်တင်မယ့် ပုဒ်မတွေကို အပြောင်းအလဲဖြစ်သွားနိုင်မလားဆိုတာကို အသက် ၇၂ နှစ်အရွယ်ရှိတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကိုMyanmar Now က သွားရောက်မေး မြန်းခဲ့ပါတယ်။ ဦးကြီးမြင့်ဟာ ၁၉၇၀ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့မှာ နိုင် ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးတော့ ပြည်ထောင်စုရှေ့နေ များနဲ့ ဥပဒေအထောက် အကူပြုအဖွဲ့မှာယာယီဥက္ကဌအဖြစ် ဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။

မေး။ ။ဦးကိုနီအမှုမှာလူသတ်မှှုပုဒ်မ ၃၀၂ လို ရာဇဝတ်မှုနဲ့ အရေးယူတယ်။ဒါဟာလုံလောက်တဲ့ စွဲချက်တွေလို့ ဆရာထင်လား။

  ဖြေ။       ။မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီ ၃၀၂ ဆိုတာကသာမန်လူသတ်မှုပဲလေ။ ဒီအကြမ်းဖက် မှု တိုက်ဖျက်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကျမှပေါ်တာ။ ဘာလို့ပေါ်ရလဲဆိုတော့ ရှိနေတဲ့ဥပဒေနဲ့ မလုံ လောက်တော့ဘူး။ အကြမ်းဖက်တာကြီးကတအားကိုခေတ်မီလာပြီးတော့၊ အုပ်စုနဲ့ ဂိုဏ်းနဲ့ဖွဲ့လာပြီး တော့ အရမ်းကိုသူတို့ဘက်ကခေတ်မီမီလူသတ်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒီဥပဒေမျိုးနဲ့ ပြန်လည် တုံ့ပြန်မှရမယ်ဆိုပြီးဒီဥပဒေကိုလွှတ်တော်မှာတင် အတည်ပြုလိုက်တာ။ ကမ္ဘာ့စံချိန်မီဥပဒေအနေနဲ့ ပြဋ္ဌာန်းလိုက်ရတာ။ ဦးကိုနီအမှုကိုကြည့်မယ်ဆိုလို့ရှိရင် ခဲလုံးတစ်လုံးတည်းနဲ့ ပစ်မှတ် ၄၊ ၅ ခုလောက် ကို မှန်အောင်ပစ်တာ။  ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေစိတ်ဝမ်းကွဲပြားအောင်၊ အခြေခံဥပဒေပြင် ဆင်ရေးကိုရှေ့မတိုးရဲအောင်၊ မလုပ်ရဲအောင်ပေါ့။ နောက်တခါ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအ တွက် အားထုတ်နေတဲ့ ခရိုနီတွေရဲ့လှုပ်ရှားမှုတွေကရှေ့ထွက်လာတာ။ အဲ့ဒီလိုဂိုဏ်းနဲ့၊ အုပ်စုနဲ့လုပ်တဲ့ ဟာတွေမှန်သမျှသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တည့်တည့်ပဲ။ ဒီဥပဒေနဲ့အရေးယူမှုတွေ လုပ်ရမယ်။ သာမန် ၃၀၂ လောက်နဲ့မဟုတ်တော့ဘူး။ သာမန် ရည်းစားနဲ့မကျေနပ်လို့ ကပ်ကြေးနဲ့ထိုး သတ်သလိုရိုးရိုးမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်နဲ့ပတ် သက်နေတဲ့ အကြမ်းဖက်မှုဖြစ်တယ်။ လေဆိပ် မှာဖြစ်တဲ့ကိစ္စ။ လေဆိပ်ဝန်ဆောင်မှုဖြစ်နေစဉ်ဆိုတာဘာကိုအဓိပ္ပါယ်ခေါ် သလဲဆိုတာပါလာတယ်။ လေယာဉ်ပေါ်ကဆင်းလာပြီး ၂၄ နာရီကာလအတွင်းကို လေယာဉ်ဝန်ဆောင်မှုကာလလို့ခေါ် တယ်။ အဲ့ဒီကာလမှာဖြစ်တာတွေကသေဒဏ်ပဲ။ အထူးသဖြင့် လေဆိပ်မှာဖြစ်တာကိုလည်း အကျုံးဝင် စေတယ်။

 မေး။       ။အကြမ်းဖက်မှှုဥပဒေမှာကောအတိအကျဘယ်လိုတွေ အဓိပ္ဗါယ်ဖွင့်ဆိုထားလဲ။

ဖြေ။     ။ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ထားတာက အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှုတခုခုကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေဥပဒေနှင့်မညီပဲတနည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန်အား ထုတ်သူကို သော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက် မှုကျူးလွန်ရန် အခြားသူများအားညွှန်ကြားသူသို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်းဆိုလိုတယ်။ အကြမ်းဖက်သမားဆိုသည်မှာ၊ အကြမ်းဖက်အုပ်စုဆိုသည် မှာအကြမ်းဖက်မှုတခုခု ကျူးလွန်ရန် အချိန်ကာလတစ်ခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသောအသင်းအဖွဲ့ကိုဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရလည်းကောင်း၊ ဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့်လည်းကောင်းကြေညာထားသည့်အကြမ်းဖက်အုပ်စုသည် ပါဝင်သည်။ နောက်တခါလှုံ့ဆော်မှုဆိုသည်မှာအကြမ်းဖက်မှုတခုခုကို ကျူးလွန်ရန်အတွက် လှုံဆော် ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကားသို့မဟုတ် သတင်းစကားအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့် ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကိုဆိုသည်။

 မေး။      ။ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ယခင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်းလင်းဇော်ထွန်းဟာ အောင်ဝင်း ခိုင်၊ ဇေယျာဖြိုးတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီးဦးကိုနီကိစ္စမကျေမနပ်ပြောခဲ့တယ်။ ဒီလိုပြောပြီးအပြန်မှာ   အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးကကားပေါ်မှာစကားပြောရင်းဦးကိုနီကိုသတ်ဖို့ စတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှှုဖြစ်ပြီးသူ့ကို   ခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ဒီကိစ္စမှာ သူမပါဘူးဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ ဦးလင်းဇော်ထွန်းကိုယ်တိုင်လည်း သူဦးကိုနီကိစ္စ အောင်ဝင်းခိုင်တို့၊ ဇေယျာ ဖြိုးတို့နဲ့ စကားပြောဖူးတာသာရှိတယ်၊ သတ်မယ့်ကိစ္စသူမသိ၊ သူမပါဘူး ဆိုပြီး သတင်းမီဒီယာတွေကို ပြောနေတယ်။ ဆိုတော့ ဦးလင်းဇော်ထွန်းရဲ့ အခြေအနေကို ဥပဒေ ကြောင်းအရ ဘယ်လိုမြင်လဲ။ 

ဖြေ။       ။သူကလှုံ့ဆော်မှုထဲမှာပါတယ်။ သတင်းအချက်အလက်ကိုသိသိသာသာဖြစ်စေ၊ မသိမ သာဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေဒီလိုကျူးလွန်ဖို့ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက် ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းဆိုတာပါ။

  မေး။       ။ဒါပေမယ့် တိုက်ဆိုင်တာရောမဖြစ်နိုင်ဘူးလား။ ဦးကိုနီကိစ္စစကားပြောမိတယ်။ သူစကား ပြောပြီးအပြန်မှ ဟိုနှစ်ယောက်ကသူတို့ဘာသာသူတို့ ဦးကိုနီကိုသတ်ဖို့ကြံတယ်။ နောက်သူလုံးဝမသိ၊ မမျှော်လင့်ပဲနဲ့အခုလိုလုပ်ကြံမှှုဖြစ်သွားတယ်။ ဒါမျိုးမဖြစ်နိုင်ဘူးလား။

    ဖြေ။     ။မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုဥပဒေကအဲ့ဒီလိုပြောလို့မရဘူး။ ဥပဒေမှာက ရှင်းရှင်းလေးပဲ။ အဲ့ဒီကိစ္စမဖြစ် ခင် ဒီစကားတွေပြောခဲ့တယ်။ ပြီးတော့အဲ့ဒီကိစ္စဖြစ်သွားတယ်။ ဒါပဲ။ အဲ့ဒီတော့ ဥပဒေကဒီစကားရပ်တွေနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေအားပေးအားမြှောက် ပြုရာ ရောက်တယ်။

     မေး။ ။ဒါဆိုရင် ဒီအကြမ်းဖက်ဥပဒေနဲ့အရေးမယူဘဲ ရာဇဝတ်မှုနဲ့ပဲ အရေးယူတာဟာ အာဏာ ပိုင်တွေက တမင်သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။

   ဖြေ။      ။ဒီကိစ္စကြီးကကျယ်ပြန့်သွားပြီးတော့ အများကြီးဒီမှာပါလာနိုင်တယ်။ နောက်တစ်ခါ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့သာစွဲမယ်ဆိုရင် ဘယ်သူမှ သေဒဏ်ကနေမလွတ်ဘူး။ အခုဒီမှာ က ကြည်လင်းကသေဒဏ်ကျပြီးကျန်တဲ့သူတွေကတစ်သက်တစ်ကျွန်းတို့၊ ၁၀ နှစ်တို့ ဘာတို့နဲ့ ကျသွားပြီး ပြီးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီလမ်းကြောင်းကြီးကိုခင်းထားတယ်။

  မေး။       ။စွဲချက်တင်တာတော့ ရဲတပ်ဖွဲ့ကနေစွဲချက်တင်တာပေါ့။ တရားရုံးမှာရော ပြောင်းလို့မရဘူး လား။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဒီပုဒ်မတွေ   ပြောင်းလိုက်တာမျိုးပေါ့။

    ဖြေ။     ။ဒါက ဥပဒေဝန်ထမ်းမှာ တာဝန်ရှိတယ်။ နိုင်ငံတော်ကိုကိုယ်စားပြုမယ့် ဥပဒေဝန်ထမ်းက သတ္တိရှိမယ်၊ ဥပဒေကို ကျွမ်းကျင်မယ်၊ တိုင်းပြည်အပေါ်မှာစေတနာထားမယ်ဆိုရင် ရဲတပ်ဖွဲ့က ဘယ်လိုပဲတင်တင်၊ ဥပဒေဝန်ထမ်းက ဒီကိစ္စဟာဒီဥပဒေနဲ့မဟုတ်ဘူး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူရမယ့်ကိစ္စ၊ ပြန်စစ်ပြီးသူကအမှုကိုတည်ဆောက်လို့ ရတယ်။ ဥပဒေဝန်ထမ်းက ဒီနေရာမှာအချက်ပဲ။

   မေး။    ။အခုရောအဲ့ဒီလိုတည်ဆောက်မယ်လို့ရောယုံကြည်လား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေ ဆရာလဲသိတာပဲ။ တရားရေးအဖွဲ့နဲ့ အားပြိုင်လို့ရှိရင်ပေါ့။

 ဖြေ။      ။ဒီဟာမှာရှေ့နေချုပ်ကို(အစိုးရက) ခန့်ထားတာပဲ။  ကိုယ်ခန့်ထားတဲ့သူက ဥပဒေကို မစောင့်ရှောက်ဘူးဆိုလို့ရှိရင် လက်ရှိအစိုးရကိုပဲအပြစ်တင်ရတော့မှာပဲ။ ရှေ့နေချုပ်တို့၊ ရန်ကုန်တိုင်း ဥပဒေချုပ်တို့က ကိုယ်ခန့်ထားတဲ့သူတွေ။ ရဲတပ်ဖွဲ့ကဘာပဲတင် တင် သူတို့က ထိန်းကျောင်းပေးပြီး လုပ်လို့ရတဲ့သူတွေ။ သူတို့ပျော့လို့၊ ညံ့လို့၊ ကြောက်လို့မလုပ်တာကတော့ သူတို့တာဝန် ပဲလေ။ ဒီအ စိုးရတာဝန်ပဲ။

  မေး။       ။အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်တရာတော် တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတာက ဦးကိုနီကိုသတ်တဲ့သူ တွေကို ကျေးဇူးတင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိပါးချင်သူတွေကိုသတိပေးတယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ဘယ်လိုယူဆလဲ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲအစမှာ အမုန်းစကားတွေရပ်သင့်ကြပြီလို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ ဒါ မျိုးကိုအရေးယူတာမျိုးတွေ တခါမှမရှိသေးဘူး။

  ဖြေ။    ။သူကနောက်ထပ်အလားတူအမှှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာလေ။ လူသတ်မှုကဖြစ်ပြီးသွားလို့ အရေးယူလို့မရတော့ဘူးဆိုတာမှ မဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် သူ့ကိုအရေးယူမှုမရှိတာနဲ့ ပတ်သက်ရင် တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုတော့ ဘုန်းကြီးတစ်ပါးကိုအရေးယူဖို့ ပြောဖို့ရာမှာတော့ ကွာ။ ဒါက နိုင်ငံတော်ရဲ့တာဝန်ပဲ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly