ကျောက်မီးသွေး စက်ရုံကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်မည်ဆိုလျှင် တိုင်းလွှတ်တော်က မတားနိုင်ဟု လွှတ်တော် ဥက္ကဌဆို

ကျောက်မီးသွေး စက်ရုံကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်မည်ဆိုလျှင် တိုင်းလွှတ်တော်က မတားနိုင်ဟု လွှတ်တော် ဥက္ကဌဆို

ပုသိမ်၊ဇူလိုင် ၂၅ ။       ။ ဧရာဝတီတိုင်း ၊ ငပုတော မြို့နယ်၊ ငရုတ်ကောင်း မြို့နယ်ခွဲတွင် တည်ဆောက်မည့်  ကျောက်မီးသွေး စက်ရုံကို ပြည်ထောင်စု အစိုးရက  ဆောင်ရွက်မည် ဆိုပါက တိုင်းဒေသကြီး လွှတ်တော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မတားမြစ်နိုင်ဟု  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး က ဇူလိုင် ၂၅ ရက်တွင် ပြောသည်။

လွှတ်တော် ဥက္ကဌက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် ကုမ္မဏီများ အကြား သဘာဝတွင်းထွက် သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေးအဖွဲ့နှင့် သဘာဝပတ်ဝန်ကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော် ဥက္ကဋ္ဌက ”အလားတူပဲ တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စု အစိုးရခိုင်း တယ်ဆိုပြီး လုပ်တယ်ဆိုရင်လည်း တိုင်းဒေသကြီးအစိုးရ တာဝန်ပဲဖြစ်တယ် ‘ ဟု ဆိုသည်။

‘လုပ်ငန်းကို လုပ်ဆောင်ဖြစ် မလုပ်ဆောင်ဖြစ်ဟာ ပြည်ထောင်စုအစိုးရ သဘောထားပဲ ဖြစ်တယ်”ဟုလည်း ၎င်းက ဆိုပြီး ပွဲတက်ရောက်ခြင်းသည် လုပ်မည် ၊ မလုပ်မည်ဟု အဖြေပေးရန် မဟုတ်ဟု လည်းပြောကြား လိုက်သည်။

ယင်းကဲ့သို့ စီမံကိန်းကို ပြည်ထောင်စု အစိုးရဖြစ်စေ၊ တိုင်းဒေသကြီး အစိုးရဖြစ်စေ ပြုလုပ်မည်ဆို သော်လည်း ပြည်သူလူထု အကျိုးစီးပွား ထိခိုက်မည် ဆိုပါက ကာကွယ်ပေးရန်မှာ လွှတ်တော် ကိုယ်စားလှယ်၏ တာဝန်ဖြစ်ပြီး တိုင်းဒေကြီး လွှတ်တော်အနေဖြင့် ပြည်သူလူထု သဘောထားကို ထင်ဟပ်ပိုင်ခွင့်ရှိသည်ဟု ရေကြည် မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက  ဆိုသည်။

၎င်းက ” သက်တမ်း လေး၊ငါးလ အတွင်းမှာ ပြည်သူလူထုကော၊ ပညာရှင်တွေကော၊ လွှတ်တော် ကိုယ်စားလှယ်တွေ တားမြစ်နေမှု ကြားမှာ ဘာကြောင့်တိုးပြီး လုပ်ဆောင်ချင်တာလဲ။ ငါးလ အတွင်း မှာ အကျိုးကျေးဇူးကပြည်သူလူထုအပေါ်မှာလား နိုင်ငံတော်အပေါ်မှာလား ဘယ်သူ့ အပေါ်မှာ အကျိုးကျေးဇူးပြုမယ်ဆိုတာ ပြည်သူတွေ တွက်ဆမိ မယ်လို့ထင်တယ်  ”ဟု ဆိုသည်။

ငရုပ်ကောင်းကျောက်မီးသွေးစက်ရုံကို ဂျပန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ  A1 Energy တို့က မဂ္ဂါဝပ် ၃၀၀ ရှိသည့် စက်ရုံ နှစ်ခု တည်ဆောက်မည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ကို ၂၅နှစ် လုပ်ကိုင်ရန် သဘောတူစ ာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

ကျောက်မီးသွေးစက်ရုံတည်ဆောက်မည် အစီအစဉ်အား  ပြန်လည်သုံးသပ်သင့်သည်ဟု တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေကြည်မြို့နယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက နိုဝင်ဘာ ၁၄ရက်က ကျင်းပသည့် ဧရာဝတီတိုင်း လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

စက်ရုံတည်ဆောက်ရန် ကွင်းဆင်းစစ်ဆေးမှုများကို  ၂၀၁၄ ခုနှစ် ဇန်နဝါရီလနှင့် ဇူလိုင်လတို့တွင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။  စက်ရုံနှစ်ရုံအတွက် စုစုပေါင်းမြေနေရာမှာ ဧက ၂၀၀  ဝန်းကျင်ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။  ထွက်ရှိလာသည့်လျှပ်စစ်ဓါတ်အားကို ဧရာဝတီတိုင်းဒေသကြီးရှိ စက်မှုဇုန်များကို ဖြန့်ဖြူးပေးမည်ဖြစ်သည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုအတွက် ငရုပ်ကောင်းဒေသခံ ၈၀၀၀ကျော်က နိုင်ငံတော် သမ္မတထံ လက်မှတ်ရေးထိုး ကန့်ကွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly