ငှက်ပျောပင်ကို ဘယ်လို စနစ်တကျ စိုက်ကြမလဲ

03 March 2017
ငှက်ပျောပင်ကို ဘယ်လို စနစ်တကျ စိုက်ကြမလဲ

ငှက်ပျောပင်ရဲ့ မူရင်းဒေသကတော့ အိန္ဒိယနဲ့ အာရှတိုက် တောင်ပိုင်းကပဲ ဖြစ်ပါတယ်။ ငှက်ပျောအမျိုးအစားပေါင်း ၃၀၀ ကျော်ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ဝက်မလွတ်၊ ငှက်ပျောချဉ်၊ ရွှေနီနဲ့ ရွှေစိမ်းမျိုးတွေကတော့ ထင်ရှားလှပါတယ်။

ငှက်ပျောပင်က ရေစီးရေလာကောင်းမွန်တဲ့ မြေနေရာမှာဆိုရင် စိုက်ပျိုးဖြစ်ထွန်းပြီး သဲမြေများမှာဆိုရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ ရေကြိုက်ပါတယ်။ ရေဝပ်တဲ့ဒဏ်ကိုလည်း အသင့်အတင့် ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် မိုးခေါင်တာကိုတော့ မကြိုက်နှစ်သက်ပါဘူး။

ငှက်ပျောပင်များကို အပင်ငယ် အစို့များကို စိုက်ပျိုးရတာလည်း ဖြစ်ပါတယ်။ ငှက်ပျောကို တစ်သီးစား စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ကျင်းနဲ့တစ်ကျင်းကို ရှစ်ပေခန့် ခွာ၍သော်လည်ကောင်း၊ တစ်နှစ် သုံးနှစ် စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ကျင်းနဲ့တစ်ကျင်းကို ဆယ်ပေခန့် ခွာ၍သော်လည်ကောင်း၊ နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ကျင်းနဲ့တစ်ကျင်းကို ဆယ့်ခြောက်ပေခန့်လည်းကောင်း ခွာ၍ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ စိုက်ကျင်းများကို တြိဂံပုံစံစနစ်နဲ့ စိုက်ပျိုးရပါမယ်။

ငှက်ပျောရုံတစ်ရုံမှာတော့ အပင်ကြီးတစ်ပင် အပင်လတ်တစ်ပင်နဲ့ အပင်သေးတစ်ပင်သာ ထားရှိရမှာဖြစ်ပါတယ်။ အပင်ကြီးမှ အသီးကို ခုတ်ယူပြီးရင်တော့ အပင်ကြီးကိုလည်း ရှင်းလင်း ခုတ်ထွင်ပေးရမှာလည်း ဖြစ်ပါတယ်။

နွေရာသီမှာဆိုရင်တော့ ငှက်ပျောရုံ ဒါမှမဟုတ်ရင် ငှက်ပျောပင်ပတ်ပတ်လည်ကို အပင်ခြေကနေ နှစ်ပေခွဲအကွာမှာ မြေကျင်းတူးပြီးတော့ ကောက်ရိုး၊ မြက်ခြောက်၊ စတာတွေကို ဖုံးအုပ်ပြီး ရေလောင်းပေးခြင်း၊ ဒါမှမဟုတ်ရင် ရေသွင်းပေးခြင်းတို့ုကို ပြုလုပ်ပေးရမှာလည်း ဖြစ်ပါတယ်။

ငှက်ပျောပင်က နိုက်ထရိုဂျင်ဓာတ် ချို့တဲ့တဲ့အတွက် ငှက်ပျောပင်ရဲ့အနားမှာ ကပ်ပြီး ပဲပင်တစ်မျိုး စိုက်ပျိုးပေးသင့်ပါတယ်။ ငှက်ပျောရုံတစ်ရုံ အသီးတင်ချိန်မှာတော့ ယူးရီးယား နို့ဆီဗူးတစ်ဗူး၊ တီစူပါ နို့စီဗူးတစ်ဗူး၊ ပိုတက် နို့စီဗူးတစ်ဗူး၊ ဒါမှမဟုတ်ရင် မီးဖိုပြာ သုံးဗူးတို့ကို ကောက်ရိုး၊ မြက်ခြောက် ထည့်ထားတဲ့ မြေကျင်းထဲကိုထည့်ပြီး ရေရွှဲရွှဲလောင်းပေးရမှာ ဖြစ်ပါတယ်။

ငှက်ပျောသီးကိုတော့ မှည့်တဲ့အထိ မထားရပဲ ငှက်ပျောခိုင်ရင့်တဲ့အချိန်မှာ ခုတ်ယူရမှာလည်း ဖြစ်ပါတယ်။ ငှက်ပျောပင်မှာ ကျရောက်တတ်တဲ့ ဖြတ်ပိုးတွေကတော့ ပင်စည်ထိုး နှာတံရှည်ကျိုင်းကောင်နဲ့၊ ငှက်ပျောစာအောင် ကြမ်းပိုးတို့ပဲ ဖြစ်ပါတယ်။ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ ငှက်ပျော ကြက်တောင်စီးရောဂါ၊ ရွက်ညှိုးရောဂါနဲ့ ငှက်ပျော ရွက်ပျောက်ရောဂါတို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly