ပုသိမ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းအစိုးရနှင့် ကုမ္မဏီများ မတက်ရောက် သဖြင့်ဝေဖန်

ပုသိမ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းအစိုးရနှင့် ကုမ္မဏီများ မတက်ရောက် သဖြင့်ဝေဖန်

ပုသိမ်၊ဇူလိုင် ၂၅ ။       ။ ပုသိမ်မြို့၊ဧရာရွှေဝါခန်းမတွင် ဇူလိုင်  ၂၅ နှင့် ၂၆ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကုမ္မဏီများအကြား သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် တိုင်းဒေသကြီးအစိုးရနှင့် ကုမ္မဏီများ တက်ရောက်မှု မရှိသည့် အတွက် ဆွေးနွေးပွဲ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများက ဝေဖန် လိုက်သည်။  

ယင်းကဲ့သို့ တိုင်းအစိုးရနှင့် ကုမ္မဏီများ မတက်ရောက်ခြင်းနှင့် ပတ်သက်ပြီး ပွဲစီစဉ်ကျင်းပသည့် MATA Working Group မှ  ဦးလင်းလင်းက ” တိုင်းဒေသကြီးအစိုးရဆိုတာ ပြည်သူတွေ အကျိုးကိုဆောင်ရွက်ဖို့အဓိကဖြစ်တယ်။ ပြည်သူတွေ သဘောထားကိုနားထောင်ဖို့၊တိုင်းဒေသကြီး ဖွံ့ဖြိုးတိုး တက်ဖို့ပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာရှိတယ်။ လွှတ်တော်နဲ့ညှိနှိုင်းဆောင်ရွက်ရမှာရှိတယ်။ ဒီပွဲက ပူးပေါင်း ဆောင်ရွက် ရေး ကို အဓိကထားကျင်းပတာဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။  

၎င်းက ဆက်လက်ပြီး  ‘ ကျန်တဲ့ပွဲတွေမှာတော့ အကုန်တက်ရောက်ခဲ့တယ် ဝန်ကြီးချုပ် မတက်နိုင် ရင်တောင်မှ  ဘဏ္ဍာရေးရာ ဝန်ကြီး တက်ရောက်ခဲ့တယ်။ ဒီနေ့ပွဲမှာတော့ တက်ရောက်လာတာ မတွေ့ရဘူး’ ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ယင်းအပြင် ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက လည်း တိုင်းအစိုးရသက်တမ်းအတွင်း တိုင်းအစိုးရ၏ လုပ်ကိုင် ဆောင်ရွက်ပုံနှင့် တာဝန်ယူမှု တာဝန်ခံမှု များသည် ပြည်သူလူထုအပေါ် အကျိုးကျေးဇူး မရှိဟုလည်း ဆိုလိုက်ပြီး လုပ်ငန်းရှင်များ တက်ရောက်မှု မရှိခြင်းကိုလည်း ဝေဖန်လိုက်သည်။

၎င်းက  “ အစိုးရ သက်တမ်း ငါးနှစ်လုံးလုံးမှာ အစိုးရ လုပ်ကိုင်ဆောင်ရွက်ပုံနဲ့တာဝန်ယူမှု တာဝန်ခံ မှုတွေ ဟာ ပြည်သူလူထုအပေါ် အကျိုးကျေးဇူးတွေ လုံးဝရှိဘူးဆိုတာ ပွဲက သက်သေပြ သွားတယ်။ လုပ်ငန်းရှင်တွေ ပြည်သူလူထုနဲ့ဘာလို့ တိုက်ရိုက်မထိတွေ့တာလည်း၊ ပြည်သူလူထု သဘောထား ဆန္ဒမပါပဲ သူတို့လုပ်ငန်းတွေ အောင်မြင်မယ်လို့ထင်နေတာလား”ဟု ဆိုသည်။

အဆိုပါပွဲသို့ တိုင်း အစိုးရ၊ ကုမ္မဏီများ၊ တိုင်းလွှတ်တော်၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများကို ဖိတ်ကြားခဲ့ပြီး ကုမ္မဏီများကို ဖိတ်ကြားရာတွင် တိုင်းအတွင်း ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် ကုမ္မဏီများကို အဓိကထား ဖိတ်ကြားထားသည်ဟုလည်း ဦးလင်းလင်းက ဆိုသည်။

ဇူလိုင် ၂၅ ရက်က ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ကုမ္မဏီများအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ တွင် ကျောက်မီးသွေးစက်ရုံများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲ တွင် သဘာ၀ ပတ်ဝန်း ကျင်အရေး လှုပ်ရှားသူ ဦးဝင်းမျိုးသူ၊ ဒေါက်တာခင်မောင်ညိုတို့ တက်ရောက် ဆွေးနွေး ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly