သူ၏ အနာဂတ်နှင့် ပတ်သက်၍ ဂွါဒီယိုလာမှ ပုဂ္ဂိုလ်ရေးအရ ဖွင့်ပြောရန် မန်စီးတီးတိုက်စစ်မှူး အဂူရိုတောင်းဆို

သူ၏ အနာဂတ်နှင့် ပတ်သက်၍ ဂွါဒီယိုလာမှ ပုဂ္ဂိုလ်ရေးအရ ဖွင့်ပြောရန် မန်စီးတီးတိုက်စစ်မှူး အဂူရိုတောင်းဆို

မတ် ၃၊ အင်္ဂလန် ။               ။ မန်စီးတီးတိုက်စစ်မှူးအဂူရိုက ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ နည်းပြဂွါဒီယိုလာမှ ပုဂ္ဂိုလ်ရေးအရ ဖွင့်ဟပြောကြားရန် တောင်းဆိုလိုက်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အဂူရိုကို အသင်းတွင်ဆက်ရှိနေစေလိုသည်ဟု လူသိရှင်ကြားပြောဆိုထားသော်လည်း တရားဝင်သတင်းစာရှင်းလင်းပွဲမျိုး၌ ပြောကြားခဲ့ခြင်းမဟုတ်ပေ။

ပြီးခဲ့သည့် ဟက်ဒါဖီးလ်နှင့် ပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် အဂူရိုသည် ယခုနှစ်ရာသီတွင် မန်စီးတီးအသင်း၌ ရုန်းကန်နေရပြီး ဘရာဇီးလူငယ်ကစားသမား ဂျီးဆပ်ရောက်လာပြီးနောက်   နေရာပျောက်ဆုံးခဲ့ရသည်။ ဂျီးဆပ်ဒဏ်ရာရသွားပြီးနောက်တွင်မှ နည်းပြဂွါဒီယိုလာက အဂူရိုကို ဦးစားပေးတိုက်စစ်မှူးအဖြစ် ပြန်လည် အသုံးပြုနေခြင်း ဖြစ်သည်။

အဂူရိုက ၎င်းအနေဖြင့် မန်စီးတီးအသင်းနှင့် ကာလရှည်စီမံကိန်းရှိနေသော်လည်း အနာဂတ်မှာ ရှင်းလင်းမှုမရှိကြောင်း ပြောသည်။ ‘မန်စီးတီးအသင်းနဲ့အတူ ခရီးရှည်ကြီးလျှောက်ဖို့ ရည်မှန်းချက်ရှိပါတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးစွမ်းရည်ကို အသင်းအတွက် ပေးဆပ်ဖို့ အချိန်သုံးလ ရှိပါသေးတယ်။

ကျွန်တော်အရင်ပြောခဲ့သလိုပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ လာမယ့် ဇွန်လမှာ မြင်တွေ့ရပါမယ်။ အသင်းက ကျွန်တော့်ကို ဆက်လက်အလိုရှိပါတယ်လို့ တရားဝင်ပြောလာခဲ့ရင် ကျွန်တော်အခြားတစ်ခုခုကို ပြောနိုင်ပါလိ့မ်မယ်။ အခုတော့ ကျွန်တော့်ရဲ့ အနာဂတ်ဘယ်လိုဖြစ်လာမလဲဆိုတာကို မတွေးချင်သေးပါဘူး’ ဟု အဂူရိုက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly