လယ်သမားအများစု ဝင်ငွေနိမ့်ကျနေဟု သမ္မတ ပြော

လယ်သမားအများစု ဝင်ငွေနိမ့်ကျနေဟု သမ္မတ ပြော
နိုင်ငံတော်သမ္မတ ဦးထင်ကျော်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မတ်လ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ တောင်သူလယ်သမားအများစုသည် အကျိုးခံစားခွင့်အလွန်နည်းပါးပြီး လူမှုစီးပွားဘဝ နိမ့်ကျလက်ရှိသည်ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က မတ်လ ၂ရက် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုလိုက်သည်။

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး၊ သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာထိန်းသိမ်းမှု အားနည်းခြင်းတို့၏ အကျိုးဆက်အဖြစ် “တောင်သူလယ်သမားအများစုဟာ ဝင်ငွေနိမ့်ကျပြီး လူမှုစီးပွားဘဝအခြေအနေများ ထိခိုက်ခဲ့ပါတယ်” ဟု သမ္မတဦးထင်ကျော်က သဝဏ်လွှာတွင် ဆိုထားသည်။

နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အဓိကစီးပွားရေးလုပ်ငန်းသည် လယ်ယာလုပ်ငန်းဖြစ်ကာ တမျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)၏ ၃၀ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း လယ်သမားအများစု၏ လူမှုစီးပွားဘဝ နိမ့်ကျလျက်ရှိနေသည်ဟု တောင်သူလယ်သမားနေ့တွင် ပေးပို့သော သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်လာရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကိုလည်း သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

“ထုတ်ကုန်သီးနှံတွေရဲ့ ဈေးနှုန်းခိုင်မာပြီး ဝင်ငွေပိုမိုတိုးတက်ရရှိစေဖို့နဲ့ ပြည်တွင်း၊ ပြည်ပမှာ ခိုင်မာတဲ့ဈေးကွက် ရရှိရေးအတွက် ဈေးပြိုင်စနစ်ကျင့်သုံးမယ့် နိုင်ငံတကာအဆင့်မီ လက်ကားစနစ် ‘Wholesale Market’ တွေ ပေါ်ပေါက်လာရေးအတွက် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။

ထို့ပြင် သဘာဝမိုးရေကိုသာ အားထားပြီး စိုက်ပျိုးကြရသည့် လယ်မြေများကို ဆည်ရေသောက်စနစ်များ တည်ဆောက်ပေးခြင်းဖြင့် သီးထပ်သီးညှပ်တွေ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ကြရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်း သမ္မတက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(SME)များ တည်ထောင်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွယ်ရန် လိုအပ်သည်ဟု မတ်လ ၁ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၁၇) အစည်းအဝေးတွင် ထည့်သွင်းပြောဆိုထားသည်။

“SME တွေကို တည်ထောင်တဲ့အခါမှာ ကျွန်မတို့နိုင်ငံ လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုတာ ကို မေ့လို့မရပါဘူး” ဟု အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့သို့ ပေးပို့လိုက်သည့် သဝဏ်လွှာတွင် “ချစ်ကြည်လေးစားအပ်ပါတဲ့ တောင်သူလယ်သမားကြီးများခင်ဗျား….” ဟု သမ္မတဦးထင်ကျော်က သုံးနှုန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly