၅၀၀ တန် ထီလက်မှတ်များ စျေးပိုရောင်းချပါက ထီကိုယ်စားလှယ်အား အမည်ပျက်စာရင်း သွင်းမည်

၅၀၀ တန် ထီလက်မှတ်များ စျေးပိုရောင်းချပါက ထီကိုယ်စားလှယ်အား အမည်ပျက်စာရင်း သွင်းမည်

 မတ်လ ၂ ရက် ။               ။ မတ်လ ၁ ရက်မှ စတင်ကာ ရောင်းချသည့် ၅၀၀ ကျပ်တန် ထီလက်မှတ်များကို ဈေးပိုမိုရောင်းချပါက ထီကိုယ်စားလှယ်များအား အမည်ပျက်စာရင်း တင်သွင်းသွားမည်ဟု အောင်ဘာလေသန်းဆုဌာန မှ သိရသည်။

ထီလက်မှတ်တွင်ပါရှိသည့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ထီကိုယ်စားလှယ်များကို လစဉ် ထီဝယ်ယူခွင့်ပိတ်သိမ်းသွားမည့်အပြင် အာမခံငွေများကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းသွားမည် ဟု အောင်ဘာလေသန်းဆုဌာန ညွှန်ကြားရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ဦးက ပြောသည်။

  “သတ်မှတ်ထားတဲ့ ၅၀၀ ထက် ပိုမိုပြီး ရောင်းခဲ့ရင် စာချုပ်ကို ဖောက်ဖျက်တဲ့အတွက်ကြောင့် အမည်ပျက်စာရင်း (Black List) အနေနဲ့ သတ်မှတ်ပါမယ်။ ထီကိုယ်စားလှယ် ထီဝယ်ယူရောင်းချခွင့်ပါ ပိတ်လိုက်မယ်။ နောက်ပြီးတော့ သူတို့ Deposit တင်ထားတာ ရှိပါတယ် ။ ထီစာအုပ်အရေအတွက်နဲ့ ၃ လစာ ပေါ့။ အဲ့ဒီတင်ထားတာကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းသွားမှာပါ” ဟု ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် ကျပ် သိန်းတစ်သောင်းတန် ဆုကြေးရှိ ၅၀၀ ကျပ်တန် ထီလက်မှတ်များကို ရန်ကုန်မြို့ရှိ ထီဆိုင်ကြီးအချို့တွင် မတ်လ ၁ ရက်မှ စတင်ကာ ထီတစ်စောင်လျှင် ၅၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

၅၀၀ ကျပ်တန် ထီလက်မှတ်များ စတင်ရောင်းချသည့်နေ့တွင်ပင် ထီလက်မှတ်အသစ် အပေါ် ထီထိုးသူများ စိတ်ဝင်စားကြသည်ဟု ထီကိုယ်စားလှယ်အချို့က ပြောခဲ့ပြီး  ၅၀၀ ကျပ်တန်ထီဈေးနှုန်း စည်းကမ်း သတ်မှတ်ချက်သည် ထီရောင်းသူနဲ့ဝယ်သူများကြား ပြဿနာမှ မရှိနိုင်ဟု ထီကိုယ်စားလှယ် ကိုအန်းကူက ပြောသည်။

 “အဓိက,ကတော့ ထီရုံးနဲ့ စာချုပ် ချုပ်ထားတဲ့လူတွေ ၂၀၀၀ ကျော် ရှိပါတယ်။ အဲ့တာတွေကြောင့် ၅၀၀ ကျပ်ထက် ပိုရောင်းလို့ မရပါဘူး” ဟု ထီကိုယ်စားလှယ် ကိုအန်းကူက ပြောသည်။

ယခင်က ကျပ် သိန်း ၁၅၀၀ ဆု ချီးမြှင့်ခဲ့ပြီး  ထီတစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကာ ယခု ထီတစ်စောင်လျှင် ၅၀၀ ကျပ်ဖြင့် ကျပ် သိန်းတစ်သောင်းသို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကာ ဧပြီလ ၁ ရက်နေ့တွင် စတင် ထီဖွင့်မည်ဖြစ်သည်။

ဆုကြေးငွေ တိုးမြှင့်လိုက်သည့်အတွက် ၅၀၀ ကျပ်တန် ထီစနစ်သည် ဆုကြေးငွေ များပြားသည့်အတွက် ထီကံစမ်းသူများ ကြိုက်နှစ်သက်ကြကြောင်း လစဉ်ထီကံစမ်းသူတစ်ဦးက ပြောသည်။

“ပြည်သူတွေအတွက်က ကောင်းတယ်။ အားလုံးလည်း ဒီလကံထူးရှင် ဘယ်သူဖြစ်မလဲဆိုတာ စောင့်နေကြတယ်။ လူတိုင်းလည်း သိန်းတစ်သောင်းပေါက်နိုင်မယ့် အနေအထားတွေ အများကြီးရှိတယ်။ အားလုံးလည်း ထိုးနိုင်ကြတယ်။ အားလုံးလည်း မျှော်လင့်နေကြတယ်” ဟု လစဉ်ထီကံစမ်းသူ ကိုစန်းလှိုင်က ပြောသည်။

၂၀၀ ကျပ်တန် ထီလက်မှတ်များကို မတ်လမှ မေလအထိသာ နောက်ဆုံးရောင်းချသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ၅၀၀ ကျပ်တန်ထီလက်မှတ်များကိုသာ ဆက်လက်ထုတ်ဝေသွားမည်ဟု သိရသည်။

ပထမဆုံးအကြိမ် စတင်ရောင်းချနေသည့် ၅၀၀ ကျပ်တန်ထီလက်မှတ်များကို လိုအပ်ပါက မတ်လ ၃ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ အုပ်ရေ ၁၀၀ နှင့် အထက် ဝယ်ယူသူတိုင်းကို တိုက်ရိုက်ရောင်းချပေးသွားမည်ဟု အောင်ဘာလေသန်းဆုဌာနခွဲမှ သိရသည်။

ထို့ပြင် အောင်ဘာလေထီဥပဒေ အတည်ပြုပြီးပါက E–Lottery စနစ်ဖြင့်လည်း ထီကံစမ်းနိုင်မည် ဖြစ်သည်ဟု အောင်ဘာလေသန်းဆုဌာနမှ  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly