မြောက်ကိုရီးယားနဲ့ တင်းမာနေချိန် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးပူးတွဲလေ့ကျင့်

မြောက်ကိုရီးယားနဲ့ တင်းမာနေချိန် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးပူးတွဲလေ့ကျင့်

ဆိုးလ်၊ မတ် ၁ ။           ။ မြောက်ကိုရီးယားရဲ့ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုနဲ့ ခေါင်းဆောင်ကင်ဂျုံးအွန်ရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ် လုပ်ကြံခံရမှုကြောင့် ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုတွေ မြင့်မားနေချိန် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က နှစ်စဉ်စစ်ရေးပူးတွဲလေ့ကျင့်မှုကို မတ် ၁ ရက်မှာ စတင်လိုက်ပါတယ်။

Foal Eagle ခေါ်တဲ့ ခုစစ်ရေးလေ့ကျင့်မှုမှာ ကြည်း၊ ရေ၊ လေသုံးမျိုးစလုံးပါဝင်တဲ့ ပထမဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ဧပြီလကုန်အထိ လေ့ကျင့်သွားမှာဖြစ်ကြောင်း   တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ယခုစစ်ရေးလေ့ကျင့်မှုနဲ့အတူ မတ် ၁၃ ရက်မှာ စစ်ပွဲတုလေ့ကျင့်မှု Key Resolve စစ်ရေးလေ့ကျင့်မှုကိုလည်း လုပ်ဆောင်မှာဖြစ်ပါတယ်။

အမေရိကန်က ထိုစစ်ရေးလေ့ကျင့်မှုတွေအတွင်း USS Carl Vinson၊ F-35 လေယာဉ်တွေ၊ B-1B နဲ့ B-52 ဗုံးကြဲလေယာဉ်တွေကို တပ်ဖြန့်ချထားမှာဖြစ်ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်တစ်ရပ်က ယွန်ဟတ်သတင်းဌာနကို ပြောပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ပိုင်နက်ကျုးလွန်ရန်စခြင်းအဖြစ် ရှုမြင်ထားတဲ့ မြောက်ကိုရီးယားက အကြိမ်ကြိမ်ကန့်ကွက်ထားခဲ့ပါတယ်။

ခုစစ်ရေးလေ့ကျင့်မှုဟာ မလေးရှားမှာ ကင်ဂျုံးနမ်လုပ်ကြံခံရပြီးနောက်ပိုင်း အခြေအနေတွေ တင်းမာနေချိန်မှာ ဖြစ်ပေါ်လာတဲ့ စစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။ ကင်ဂျုံးနမ် လုပ်ကြံခံရမှုဟာ   မြောက်ကိုရီးယားရဲ့  လက်ချက်ဖြစ်တယ်လို့ တောင်ကိုရီးယားဖက်က အခိုင်အမာပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly