ကျောင်းမုန့်စျေးတန်းတွေကိုတော့ ထိန်းချုပ်နိုင်ပြီ

ကျောင်းမုန့်စျေးတန်းတွေကိုတော့ ထိန်းချုပ်နိုင်ပြီ

ဦးဗအုပ်ခိုင်(စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ)နှင့် တွေ့ဆုံမေးမြန်းခြင်း(ပထမပိုင်း)

မဇ္ဈိမတီဗီကို ကြည့်ရှု့အားပေးနေကြတဲ့ ပရိသတ်များအားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မတို့ နေ့စဉ်နေထိုင်ရာ ကမ္ဘာကြီးမှာ အစားအသောက်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေ ကျန်းမာရေးညီညွတ်မှု ရှိ/မရှိ ဆိုတာနဲ့ ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးအသင်းဥက္ကဌ ဦးဗအုပ်ခိုင်နဲ့ တွေ့ဆုံမေးမြန်းပေးသွားမှာဖြစ်ပါတယ်။

မေး - မင်္ဂလာပါရှင့်။ ပထမဆုံးအနေနဲ့ စားသုံးသူကာကွယ်ရေးအသင်း ဖွဲ့စည်းဖြစ်ပုံနဲ့ အခုလက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေကို သိချင်ပါတယ်ရှင့်။

ဖြေ - ဆရာတို့နိုင်ငံက ကမ္ဘာပေါ်မှာ ကင်ဆာအဖြစ်ဆုံး (၁၀)နိုင်ငံထဲမှာ ပါဝင်နေတယ်။ နောက် အစားအသောက်တွေရဲ့  ဘေးကင်းလုံခြုံမှုပေါ့။ Food Safety ကလည်း အနိမ့်ဆုံး အနေအထားမှာ။  ဥရောပနိုင်ငံတွေမှာ မဆိုထားနဲ့ ။ ဒီဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာကို  အနိမ့်ဆုံးနေရာကို ရောက်နေတယ်။ ဒါ လိုအပ်တယ်ပေါ့။ တခြား အစားအသောက်မှ မဟုတ်ဘူး။ တခြားစားသုံးသူဆိုင်ရာ အခွင့်အရေးတွေလည်း ဆုံးရှုံးနေတော့ ဖွဲ့ဖြစ်တာပါ။ နောက် အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှု Food Safety သင်တန်းတွေ၊ နောက် Consumer Right  နဲ့ ပတ်သက်တဲ့ စားသုံးသူအခွင့်အရေး ပညာပေး သင်တန်းတွေ ဖွင့်တယ်။ နောက်ပြီးတော့ ကျောင်းမုန့်ဈေးတန်းတွေ၊ ဈေးတွေကို ပုံမှန် တစ်ပတ်တစ်ခါ၊ နှစ်ပတ် တစ်ခါ စစ်ဆေးတာတွေ၊ ပညာပေးတာတွေ၊ အရေးယူသိမ်းဆည်းတာတွေလည်း ဒီသက်ဆိုင်ရာ ဈေးစည်ပင်တို့၊ ပြည်ထဲရေးရဲတပ်ဖွဲ့တို့နဲ့  ပူးပေါင်းပြီး အဲဒါတွေကိုလည်း ပုံမှန်လုပ်တယ်။ နောက်ပြီးတော့ ဆရာတို့ ကမ္ဘာ့ကင်ဆာနေ့လိုဟာမျိုးတွေမှာ ပြည်သူထဲကိုရောက်အောင် ဆူးလေပန်းခြံပေါ့ ။ မြို့တော်ခန်းမအရှေ့လို နေရာမျိုးမှာ သေချာ Performance တွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ လုပ်တာတွေရှိတယ်။

မေး - တားမြစ်ထားတဲ့ ပစ္စည်းတွေအပြင် ချက်ပြုတ်ရောင်းချနေတဲ့သူတွေကိုရော ဘယ်လို ပညာပေးမှုတွေ ဆောင်ရွက်နေတယ်ဆိုတာကို သိချင်ပါတယ်ရှင့်။

ဖြေ - ချက်ပြုတ်ရောင်းချနေတဲ့ သူတွေအတွက်ဆိုတာတော့ ဆရာတို့လည်း ဒီစားသောက်ဆိုင်တွေကို စစ်ဖို့ အစီအစဉ်တွေရှိပါတယ်။ မသန့်ရှင်းတာတွေပေါ့။ အခုအစုလိုက် အပြုံလိုက် လူတွေကျွေးတဲ့နေရာ၊ အလှူတွေမှာလည်း အစာအဆိပ်သင့်တာတွေ မကြာခဏတွေ့တယ်။ ဒါက ခုန ပြောတဲ့ ပိုးသတ်ဆေးဓာတ် ကြွင်းကျန်လို့ အစာအဆိပ်သင့်တာကတစ်မျိုး၊ နောက် လုပ်တဲ့ကိုင်တဲ့နေရာမှာ မသန့်ရှင်းလို့ ကော်လီဖောင်းတို့၊ အီကိုလိုင်တို့လို ဘက်တီးရီးယားပါသွားလို့ အစာအဆိပ်သင့်တာတစ်မျိုးပေါ့။ အဲဒီလို နှစ်မျိုးနှစ်စား အစာအဆိပ်သင့်မှုတွေကလည်း တွေ့နေရတယ်။ အဲဒီတော့ လက်အိတ်နဲ့ အစားအသောက်ကို မကိုင်တာ၊ နောက်တစ်ခုက ငွေစက္ကူသိမ်းတဲ့သူ သီးသန့်ထားရမယ် စားသောက်တဲ့ ဆိုင်တွေမှာ။ နို့မို့ဆို ဒီလက်နဲ့ပဲ အစားအသောက်ကိုင်မယ်၊ ဒီလက်နဲ့ပဲ ငွေစက္ကူကိုင်မယ်။ ဒီငွေစက္ကူတွေမှာက ခုနပြောတဲ့ အီကိုလိုင်တို့၊ ကိုလီဖောင်းတို့လို ဘက်တီးရီးယားတွေ၊ တီဘီပိုးတွေ၊ အသည်းယောင်အသားဝါပိုးတွေ၊ နောက် စမ်မိုနဲလားတို့ ၊ တိုက်ဖွိုက်ပိုးတွေ၊ ပိုးပေါင်းစုံရှိနေတဲ့ အခါကြတော့ ငွေစက္ကူ အဟောင်းအနွမ်းတွေက တဆင့် အစားအသောက်တွေကို ကူးစက်သွားတယ်ပေါ့။ အဲဒီတော့ အမှန်က အကောင်းဆုံးကတော့ အစားအသောက်တွေကို လက်နဲ့ မကိုင်တွယ်တာ အကောင်းဆုံးပဲ။ ဇွန်း၊ ခက်ရင်းလို ဟာမျိုးနဲ့ပဲ ကိုင်တွယ်တာမျိုး ၊ အစားအသောက်ကို စားသုံးသူကိုယ်တိုင်က နယ်တာကောင်းတယ်။ ခုနလို ပျင်းပြီး ဆိုင်ရှင်က နယ်ပေးတာကို စားမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ တွေ့နိုင်တယ်။ ဆိုင်တွေမှာလည်း ရေဇလုံကို သုံးဇလုံ ထားရမယ့်ဟာကို သုံးဇလုံမရှိဘူး။ အဲလိုမျိုးတွေပေါ့။ ပန်းကန်ဆေးကြောတဲ့ဟာတွေ၊ အဲဒါတွေကိုလည်း ဆရာတို့ ပညာပေးတာတွေ၊ စစ်ဆေးတာတွေ ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါတယ်။

မေး - ဟုတ်ကဲ့။ အခုလက်ရှိ လုပ်နေတဲ့ စစ်ဆေးမှုတွေကရော မြန်မာနိုင်ငံတနိုင်ငံလုံး ဘယ်လောက် ထိထိရောက်ရောက် ရှိနိုင်မှာလဲရှင့်။

ဖြေ - ဆရာတို့ကတော့ ဆရာတို့ရုံးခွဲတွေရှိတဲ့ မြို့တွေနဲ့ အထူးသဖြင့်တော့ ရန်ကုန်ပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဆရာတို့အသင်းက အန္တရာယ်ရှိတာတွေ  လိုက်လံ သိမ်းဆည်းနေတဲ့ အတွက်တော့ ကျောင်းမုန့်ဈေးတန်းတွေကိုတော့ ဆရာတို့ ထိန်းချုပ်နိုင်ပြီပေါ့။ ကျောင်းမုန့်ဈေးတန်းတွေမှာဆို ဆိုးဆေးပါတဲ့ ငရုတ်ဆီတွေမရှိဘူး။ မြန်မာစာနဲ့ ရေးထိုးမထားတဲ့ တရားမဝင် လမ်းကြောင်းက ဝင်လာတဲ့ စားသုံးဖို့မသင့်တဲ့ တရုတ်မုန့်တွေမရှိဘူး။ နောက် ဆိုးဆေးပါတဲ့ အန္တရာယ်ရှိတဲ့ မုန့်တွေမရှိဘူးပေါ့ ။ ဒီကျောင်းမုန့်ဈေးတန်းတွေမှာ။ အဲဒီတော့ ဈေးတွေမှာရှိတဲ့ ငရုတ်သီးမှုန့်တွေ၊ ငါးပိကိစ္စ၊ ငါးခြောက်ကိစ္စတွေကတော့ ဆရာတို့က မထိန်းချုပ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက မျက်စိအမြင်နဲ့ မသိနိုင်ဘဲ ဓာတ်ခွဲစမ်းသပ်မှ သိနိုင်တာမျိုးဖြစ်နေတယ်။ ဥပမာ- မျှစ်လို ဟာမျိုး၊ ငရုတ်သီးမှုန့်လို ဟာမျိုး လည်း ဆရာတို့က သိမ်းဆည်းပြီး ဖျက်ဆီးပစ်တာ မျိုးတွေတော့ ရှိတယ်။ ကျင်းထုံ ခြင်ဆေးခွေလို ဟာမျိုးတွေလည်း သိမ်းဆည်းပြီး ဖျက်ဆီးပစ်တာမျိုးတွေတော့ ဆရာတို့ အသင်းက လုပ်နေတယ်ပေါ့။

မေး - ဟုတ်ကဲ့ပါ။ စားသုံးသူကာကွယ်ရေးအသင်းရဲ့ လုပ်ဆောင်ချက်တွေကို  အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေက ဘယ်လို ပူးပေါင်းဆောင်ရွက်ကြလဲ ဆိုတာလည်း သိချင်ပါတယ်။

ဖြေ - အခက်အခဲဖြစ်စေတာကတော့ ဆရာတို့က အခုသက်ဆိုင်ရာ စည်ပင်၊ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်။ အမှန်မှာတော့ စားသုံးသူကာကွယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေက အစိုးရနဲ့ ဆရာတို့နဲ့ ပေါင်းစည်းရမှာတွေ ရှိတယ်။ ဒါပေမယ့် ဆရာတို့အပေါ်မှာ အမြင်တိမ်းစောင်းနေတဲ့ အဖွဲ့ ၊ ဌာနဆိုင်ရာမျိုးတွေလည်း ရှိတာပေါ့နော်။ ဒါပေမယ့် ဆရာတို့ကတော့ ဒီသက်ဆိုင်ရာ အစိုးရဌာနအဖွဲ့တွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆရာတို့နဲ့တော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့။

မေး - စားသုံးသူကာကွယ်ရေးအသင်းရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရသစ်ရဲ့ အလေးပေးမှုကရော ဘယ်လောက်ထိရှိပါသလဲရှင့်။ အစိုးရသစ်ဆီကရော ဘာတွေများ တောင်းဆိုချင်ပါသလဲရှင့်။

ဖြေ - အခုဟာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူ့အနေနဲ့ကလည်း ဒီဘက်ကို သူ အာရုံမစိုက်နိုင်သေးဘူးပေါ့နော်။ သူ့အနေနဲ့  ငြိမ်းချမ်းရေးဘက်ကို အဓိက လုပ်နေရတဲ့အတွက် ဆရာတို့ဘက်ကတော့ ဝန်းရံဖို့ အဆင်သင့်ရှိတယ်။ နောက် ဆရာတို့အနေနဲ့ အခု သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ ဘာတို့နဲ့ ဆရာတို့ တွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်။ ကင်ဆာရောဂါ လျှော့ချဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ၊ သူ့ဘက်ကလည်း ဆရာတို့ အဲဒါတွေကို ကင်ဆာရောဂါလျှော့ချဖို့ Plan တစ်ခု လုပ်မယ်လို့ ပြောတယ်။ အဲဒီတော့ ဆရာတို့အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ သူတို့လည်းပေးမယ်ပေါ့။ နောက်တစ်ခုက သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတွေနဲ့လည်း ဆရာတို့ တွေ့ဖို့ရှိတယ်။ လိုအပ်တဲ့ ဥပဒေတွေလည်း ပြင်ဖို့ရှိတယ်။ ဥပမာ-ဓာတုပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများရဲ့ အန္တာရာယ်ကာကွယ်ရေးဥပဒေဆိုတာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ပြဌာန်းခဲ့တာ။ ဒါပေမယ့် အဲဒီဥပဒေမှာ ပြည့်စုံလုံလောက်မှုမရှိတဲ့အတွက် အဲဒါကို ဆရာက ဆရာကိုယ်တိုင်ပဲ အဲဒီဥပဒေကို ဖြည့်စွက် ပြင်ဆင်ထားတယ်။ အဲဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဆရာတို့ ညှိနှိုင်းပြီးတော့ ပြင်ဆင်ဖို့ရှိပါတယ်။

မေး- စားသုံးသူကာကွယ်ရေးအသင်းကြီးရဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်ကိုလည်း သိချင်ပါတယ်ရှင့်။

ဖြေ - စားသုံးသူပြည်သူတွေဟာ စားသုံးသူအခွင့်အရေးတွေ အပြည့်အဝရဖို့၊ နောက်ပြီးတော့ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဓာတုအဆိပ်သင့်မှု အန္တရာယ်က ကင်းရှင်းဖို့နဲ့ ဖြစ်ပွားမှုမြင့်မားနေတဲ့ ကင်ဆာရောဂါတွေ လျှော့ချဖို့ နောက်ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းသက်တမ်း ပြန်ပြီးတော့ တက်လာဖို့ပေါ့။

ဟုတ်ကဲ့ပါ။ အခုဆိုရင်တော့ အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်း အစီအစဉ်လည်း ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှု့ပေးကြပါဦးရှင်။ ကြည့်ရှု့အားပေးကြတဲ့အတွက် ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly