ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ လုပ်သားများ ဒုတိယနေ့ဆန္ဒပြ

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ လုပ်သားများ ဒုတိယနေ့ဆန္ဒပြ

စဉ့်ကိုင်၊ မတ် ၁ ။               ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ လုပ်သား ၆၀ ဦးကျော်က အလုပ်သမားအခွင့်အရေးများ ရရှိစေရန်အတွက် မတ်လ ၁ ရက်၊ နံနက်ပိုင်းမှစတင်၍ အဆိုပါစက်ရုံရှေ့တွင် ဒုတိယနေ့အဖြစ် ဆန္ဒပြတောင်းဆိုလျှက် ရှိသည်။

ဆန္ဒပြတောင်းဆိုမှုကို ဖေဖော်ဝါရီလ ၂၈ ရက်က စတင်ပြုလုပ်နေခြင်းဖြစ်ပြီးအချက် ၉ ချက် ကို တောင်းဆိုလျှက်ရှိသည်။

ဆန္ဒပြတောင်းဆိုနေမှုကို ဦးဆောင်နေသည့် ကိုဌေးကိုကိုမောင်က "တောင်းနေတဲ့ အချက်တွေကို ညှိနှိုင်းဖြေရှင်းမပေးဘူးဆိုရင် ဒီအတိုင်းပဲ ဆက်ပြီး တောင်းဆိုနေပါမယ်။ ကျွန်တော်တို့က ဥပဒေပါအခွင့်အရေးတွေ မရလို့ တောင်းနေတာပါ "ဟု ပြောသည်။

လုပ်သားများ၏ အဆိုအရ အလုပ်ရှင်သည် အဓမ္မအချိန်ပိုဆင်းခိုင်းနေခြင်းများနှင့်လုပ်သားများအား ဆဲဆိုနေခြင်းကြောင့် ယခုလို ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်ဟုလည်းဆိုကြသည်။

အဆိုပါစက်ရုံတွင် လုပ်သား ၂၀၀၀ကျော်ရှိနေသော်လည်း အလုပ်ရှင်ဘက်မှ ခြိမ်းခြောက်နေခြင်း ကြောင့် ဆန္ဒပြတောင်းဆိုသူများနှင့် လာရောက်ပူးပေါင်းခြင်းမရှိသေးကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုဌေးကိုကိုမောင်က ဆိုသည်။

"စက်ရုံဘက် မင်းတို့ ဆန္ဒပြသူတွေနဲ့ပေါင်းရင် အလုပ်ထုတ်မယ်။ အခြားစက်ရုံတွေမှာလည်း သွားလုပ်လို့မရအောင် လုပ်မယ်လို့ပြောတော့ အားလုံးက ကြောက်နေကြတယ်။ ကျွန်တော်တို့ တောင်းဆိုတယ်ဆိုတာ သူတို့အတွက်လည်း ပါ ပါတယ်"ဟု ပြောသည်။

ဆန္ဒပြပွဲတွင်ပါဝင်သူ မယဉ်မွန်သင်းက"အလုပ်ရှင်တွေအနေနဲ့ လိုက်လျောပေးစေချင်တယ်။ အားလုံး အခက်အခဲတွေ့နေတယ်"ဟု ပြောသည်။

ဆန္ဒပြလုပ်သားများအနေဖြင့် တောင်းဆိုမှုများ မရမခြင်း ဆန္ဒပြတောင်းဆိုမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ဆိုကြသည်။

တောင်းဆိုချက် ၉ ချက်မှာ ( ၁ )တစ်ပတ်လျှင် အလုပ်ချိန် ၄၄ နာရီ သတ်မှတ်ပေးရန်၊ (၂)လူမှုဖူလုံရေး အကျိုးခံစားခွင့် အပြည့်အဝ ပြန်လည်ရရှိစေရန်၊ ( ၃)တနင်္ဂနွေနေ့ OT ကို အလုပ်သမားဆန္ဒမပါဘဲ အတင်းအဓမ္မစေခိုင်ခြင်း မပြုရန်၊ (၄)ယခင် အကျိုးခံစားခွင့်နှင့် ဈေးနှုန်းပြန်လည်ရရှိရန်၊ (၅)ဝန်ထမ်းများအား နားနေဆောင် သတ်မှတ်ပေးရန်၊ (၆)ဝန်ထမ်းများကို ဖိနှိပ်ချုပ်ချယ် ဆဲဆိုခြင်း မိုက်ရိုင်းစွာ ဆက်ဆံခြင်းမပြုရန်၊(၇) ထမင်းစားနားချိန်ကို ဝန်ထမ်းအားလုံး တညီတညွှတ်တည်း နားပေးရန်၊(၈)၂၄ နာရီ ကျန်းမာရေးအတွက် ဆရာဝန်ထားရှိရန်၊(၉)အထက်ပါအချက်များကို တောင်းဆိုသော ဝန်ထမ်းများအား ရာထူးချခြင်း အလုပ်ဌာန ပြောင်းခြင်း အလုပ်ထုတ်ခြင်း အဆောင်နေထိုင်ခွင့် ပိတ်ပင်ခြင်း မပြုလုပ်ရန် တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly