လိပ်ကျွန်းအမှုမှ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ချခံရန် ယနေ့အမိန့်ချ

လိပ်ကျွန်းအမှုမှ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ချခံရန် ယနေ့အမိန့်ချ
ဓာတ်ပုံ-EPA

ချင်းမိုင်၊မတ်လ ၁ ။           ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံမှုတွင် သေဒဏ် ချမှတ်ခံထား ရသော မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ကော့စမွေတရားရုံးတွင် မတ်လ ၁ ရက်က သေဒဏ်ဟု စီရင်ချက် ချမှတ်လိုကကြောင်း ၎င်းအမှုအား ကူညီဆောင်ရွက်ပေးနေသူ ထိုင်းနိုင်ငံအခြေစိုက်   ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

“အောက်ရုံးအတိုင်းပဲ အမိန့်ချလိုက်တယ်။ သေဒဏ် ချလိုက်တယ်။ အောက်ရုံးက တင်တဲ့အတိုင်းပဲ။ သေဒဏ်ချလိုက်တယ်။ တရားခံတွေရဲ့ အယူခံချေပမှုက မလုံလောက်ဘူးပေါ့နော်။ တရားလိုဘက်က ပြတဲ့ဟာကတွေ ပိုပြီး ခိုင်မာတယ်။ အဲဒါကြောင့် အောက်ရုံးအတိုင်းပဲ အမိန့်ချလိုက်ပါတယ်။ ဒါပေမယ့် အဲဒီစာကို တရားခံတွေရဲ့ ရှေ့နေဘက်က ဘယ်သူ့ကိုမှ သူတို့မပြောဘူး”ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက မဇ္ဈိမကို ပြောသည်။

တရားလိုဘက်မှ ခရိုင်ဥပဒေအရာရှိအား အယူခံ တရားရုံးတရားသူကြီးများက ခေါ်ယူ၍ အယူခံ တရားရုံး၏ စီရင်ချက်ကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ယနေ့တွင် သေဒဏ် စီရင်ချမှတ်ခြင်းကို တရားလိုဘက်သို့ ချပြခြင်း ဖြစ်ပြီး တရားခံများဖြစ်သော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အကျဉ်းထောင်တွင်း ဖတ်ကြားခဲ့ပြီး ဖြစ်ကြောင်း ဦးစိန်ဌေးက ပြောသည်။

သူတို့နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က တရားခံများ၏ ရှေ့နေဘက်မှ စာမျက်နှာပေါင်း ၁၈၉ မျက်နှာပါ အယူခံ လျှောက်လဲချက် တင်ပြခဲ့ခြင်း ဖြစ်သည်။

 ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နာဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ကို လိပ်ကျွန်းတွင် အသတ်ခံရမှုတွင် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့အား ထိုင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ လူသတ်မှု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly