ကယားပြည်နယ်ရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ကယားပြည်နယ်အတွက် အကျိုးပြုနိုင်ပြီလား

ကယားပြည်နယ်ရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ကယားပြည်နယ်အတွက် အကျိုးပြုနိုင်ပြီလား
ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းအတွက် အဓိက ရေတံခါးကြီး။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

ဓနိမိုး၊ ထရံကာထားပြီး ၁၀ ပေပတ်လည်ခန့် ယိုင်နဲ့နဲ့ အိမ်လေးရဲ့အဝမှာ မီတာဘောက်စ် အသစ်စက်စက်လေးတစ်ခုကို တွေ့ရပါတယ်။ အထဲကိုကဲကြည့်လိုက်တဲ့အခါမှာတော့ ညိုတဲ့အသားအရည်တွေက တွဲကျနေတဲ့အထိ အိုမင်းနေပြီဖြစ်ပြီး ဆေးပေါ့လိပ်ကြီးခဲကာ ထိုင်နေတဲ့ အသက် ၈၂ နှစ်အရွယ် ဒေါ်ဖွားဥကိုတွေ့ပါတယ်။

“မီတာတပ်တာ ၃လပဲရှိသေးတယ်လေ” မီတာဘောက်စ်ကို စိတ်ဝင်စားလို့ မေးကြည့်တော့ ဒေါ်ဖွားဥက ပြန်ဖြေတာပါ။

ဒေါ်ဖွားဥတို့နေတဲ့ လောပိတ၊ ရှမ်းရွာဆိုတာ ကယားပြည်နယ်ရဲ့ အထင်ကရထဲက တစ်ခုဖြစ်တဲ့ လောပိတရေအားလျှပ်စစ်လို့ လူသိများတဲ့ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ အမှတ် (၁)နဲ့ လေးဖာလုံသာဝေးတဲ့ လောပိတတိုက်နယ်ထဲက ရှမ်းရွာလေးပါ။ အိမ်ခြေအားဖြင့် ၂၀၀ခန့်သာရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေကို မီးပေးနေတဲ့ ဘီလူးချောင်းရေအားလျှပ်စစ်နဲ့ အနီးဆုံးရွာရဲ့ လျှပ်စစ်မီးရရှိမှု အခြေအနေကို စိတ်ဝင်စားတာကြောင့် ရှမ်းရွာထဲမှာ လိုက်လံမေးမြန်းကြည့်တော့ ဒီရွာမှာ လျှပ်စစ်မီးရတာ နှစ်အနည်းငယ်ကြာပြီလို့ဆိုပါတယ်။ အရင်ကတော့ ကိုယ်ပိုင်မီတာမရှိဘဲ စက်ရုံကသွယ်တန်းပေးတဲ့ လျှပ်စစ်မီးကို စိတ်ကြိုက်သုံး တစ်လ ၃၅၀၀ကျပ်နဲ့ သုံးစွဲရတယ်လို့ သိရပါတယ်။ ရှမ်းရွာမှာတော့ အများစုက လျှပ်စစ်မီးကို မီးထွန်းတာ၊ ထမင်းချက်တာနဲ့ တစ်ချို့အိမ်တွေက ရေခဲသေတ္တာအတွက် အသုံးပြုကြပါတယ်။ ဒေါ်ဖွားဥလို တစ်အိမ်လုံးမှာ မီးလုံးတစ်လုံးပဲအသုံးပြုတဲ့သူအတွက်လည်း တစ်လ ကျပ် ၃၅၀၀ပါပဲ။

လောပိတတိုက်နယ်အတွက် ကိုယ်ပိုင်မီတာများလျောက်နိုင်ပေမယ့် မီတာတစ်လုံးကို ကျပ် ၃သိန်းကျော် ကျသင့်တဲ့အတွက် အများစုက လစဉ်ပေးနဲ့ပဲ သုံးစွဲရတာလို့လည်း သိရပါတယ်။

ကယားပြည်နယ်မှာ လောပိတ ရေအားလျှပ်စစ် စီမံကိန်းကြီး သုံးခု လည်ပတ်နေတာပါ။ ဘီလူးချောင်း (၁)၊ ဘီလူးချောင်း(၂) နဲ့ ဘီလူးချောင်း (၃)ပါ။ (၁)နဲ့ (၂) က အစိုးရပိုင်းတာဖြစ်ပြီး (၃)ကတော့ ပြည်တွင်းလုပ်ငန်းရှင် ရွှေတောင်အုပ်စုကပိုင်ဆိုင်တာဖြစ်ပါတယ်။

ဘီးလူးချောင်း (၁)ဟာဆိုရင် ၂၈ မဂ္ဂါဝပ် ထွက်ရှိပြီး (၂)ကတော့ ၁၆၈ မဂ္ဂါဝပ် ထွက်ကာ (၃)ကတော့ ၅၂မဂ္ဂါဝပ် ထွက်ပါတယ်။ သုံးခုပေါင်း မဂါဝပ် ၂၇၀မဂါဝပ်နီးပါးရှိတာကြောင့် မြန်မာတစ်နိုင်ငံလုံးအတွက် အသုံးပြုတဲ့ လျှပ်စစ်ပမာဏရဲ့ ၁၀ပုံ ၁ပုံက ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံတွေကနေ ရတဲ့သဘောဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်က နေ့စဉ် ၂၈၀၀ မဂါဝပ်ခန့်ရှိတယ်လို့ ဝန်ကြီးဌာနရဲ့ တရားဝင်စာရင်းဇယားတွေအရ သိရပါတယ်။

ဒီစက်ရုံကြီးသုံးခုကထွက်တဲ့ လျှပ်စစ်တွေကိုတော့ မဟာဓာတ်အားလိုင်းကတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ ရွှေမြို့၊ ပျဉ်းမနား၊ သာစည်၊ တောင်ငူ၊ တီဂျစ်၊ ကလော အစရှိတဲ့မြို့တွေကို ပို့ဆောင်ပေးလျက်ရှိနေပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ကိုလည်း လျှပ်စစ်ဓာတ်အားပေးဝေနေကြောင်း အဆိုပါစက်ရုံသုံးခုရဲ့ အင်ဂျင်နီယာများရဲ့ ရှင်းပြချက်အရ သိရပါတယ်။ လွိုင်ကော်မြို့ရဲ့ လျှပ်စစ်လိုအပ်တဲ့ ပမာဏက ၇မဂါဝပ်ဖြစ်သော်လည်း လက်ရှိမှာ အစိုးရက ၁၁ မဂါဝပ်ပေးထားတာကြောင့် ပိုလျှံလို့တောင်နေတယ်လို့ ဓာတ်အားပေးစက်ရုံတွေက အင်ဂျင်နီယာတွေက မီဒီယာတွေကို ပြောပါတယ်။

ကယားပြည်နယ်၊ လောပိတအမှတ် (၂)စက်ရုံအတွင်းက မဟာဓာတ်အားလိုင်းသို့ သွယ်တန်းထားသည့် မီးကြိုးကြီးများ။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

လောပိတ (၁)နဲ့အနီးဆုံး ရှမ်းရွာမှာ ငယ်မွေးခြံပေါက်နေထိုင်ခဲ့တဲ့ အသက် ၄၀အရွယ် အမျိုးသမီးကတော့ “ကောင်းတာကတော့ ရေရတယ်။ မီးရတယ်လေ။ အရင်ကတော့ ကျွန်မတို့က မီးမရှိဘူးလေ။ အရင်တုန်းက ဖယောင်းတိုင်နဲ့ နေရတာကိုး။ မကောင်းတာကတော့ ကျွန်မတို့ လယ်မရှိတော့ဘူးလေ။” လို့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

သို့သော်လည်းပဲ ကယားပြည်နယ်ထဲမှာရှိတဲ့ ဒီမောဆို၊ ဖရူဆို စတဲ့ မြို့တွေထဲမှာရှိတဲ့ ကျေးရွာအများစုကိုတော့ လျှပ်စစ်မီးမပေးနိုင်သေးပါဘူး။

၂၀၁၅ ခုနှစ် ပြည်နယ်အစိုးရရဲ့ စာရင်းအရ ကယားပြည်နယ်မှာရှိတဲ့ ကျေးရွာ ၅၁၁ရွာမှာ လျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာပေါင်း ၂၅၀ကျော်ရှိတယ်လို့ သိရပါတယ်။ ကယားပြည်နယ်ရဲ့ လျှပ်စစ်ပေးနိုင်တဲ့ ပမာဏဟာ ၂၀၁၃ ခုနှစ်မှာ ၄၆ ရာခိုင်နှုန်းရှိပြီး လက်ရှိမှာ ၇၀ရာခိုင်နှုန်းထိ ရှိပြီလို့ တရားဝင် စာရင်းတွေအရ သိရပါတယ်။

ကယားပြည်နယ်ထဲက မယ်စဲမြို့နယ်၊ ရှားတောမြို့နယ် နဲ့ ဘောလခဲမြို့နယ်တို့မှာတော့ ၂၀၁၅ ခုနှစ်ကမှ လျှပ်စစ်မီး စတင်ရရှိခဲ့တာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့က လူမှုရေးအဖွဲ့အစည်းတွေမှာ ပရဟိတ လုပ်ကိုင်ပေးတဲ့ ကိုသက်တင်ကတော့ "ရေအားလျှပ်စစ်က ကယားပြည်နယ်ရဲ့ ထုတ်ကုန်လေ။ လျှပ်စစ်ထုတ်တဲ့မြို့မှာ လျှပ်စစ်မီးမရဘဲနဲ့ ပြည်မတွေကိုပဲ ပို့နေမယ်ဆိုတော့ ဒေသခံတွေရဲ့ ရင်ထဲကမကောင်းဘူးပေါ့။ တကယ်တန်းဆိုရင်တော့ ထုတ်ကုန်ထုတ်တဲ့ဒေသကို ဦးစားပေး ပေးပြီးတော့မှာ ပိုလျှံတာကို ပြည်မကို ပေးရင်တော့ မဆိုးဘူးပေါ့" လို့ သူ့ခံစားချက်ကို ပြောပါတယ်။

လျှပ်စစ်မီးမပေးနိုင်တဲ့အဓိက အချက်ကတော့ “မီးမရတာက နှစ်မျိုးရှိတာပေါ့။ transmission လိုင်း မရှိရင်လည်းမရဘူး။ ဒီမှာ မီးရှိပြီး ဟိုဘက်ကို သွယ်မပေးရင်လည်း မရဘူးပေါ့” လို့ ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်းရဲ့ အင်ဂျင်နီယာတစ်ဦးက ရှင်းပြပါတယ်။

လောပိတရေအားလျှပ်စစ်စီမံကိန်းတွေရှိတဲ့ ကယားပြည်နယ်က ဒေသခံပြည်သူလူထုဟာ လျှပ်စစ်မီးမရတဲ့ အပြင် လယ်ယာမြေဆုံးရှုံးမှု၊ ရေရှားပါးမှုတွေလည်း ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

လောပိတ၊ ရှမ်းရွာမှာတော့ ရေလှောင်ကန်ကတစ်ဆင့် ကျေးရွာသို့ တိုက်ရိုက် ရေသွယ်ပေးထားကြောင်း လောပိတ (၃)ရဲ့ အင်ဂျင်နီယာ ဦးအေးမောင်မောင်က ပြောပါတယ်။

သို့သော် ရေလှောင်ကန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် သိုလှောင်ထားတာဖြစ်ပြီး စက်ရုံဘက်မှ တစ်စုံတစ်ရာ ချို့ယွင်းချက်ရှိတဲ့ နေ့မျိုးဆိုလျှင် ရေမရှိကြောင်း၊ ရေမလာတဲ့နေ့မျိုးဆိုလျှင် လောပိတ (၁)ကနေ Generate လုပ်ပြီး (၂)အတွက် အသုံးပြုရန် သွယ်တန်းထားတဲ့ ချောင်းထဲမှ ရေကို ခပ်ယူပြီး သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီ့အပြင် ၂၀၁၅ ခုနှစ်ကစပြီး ကယားပြည်နယ်၊ ဒီမောဆို ဒေသတစ်ဝိုက်မှာ ရေရှားပါးမှု ဒုက္ခနဲ့လည်း ကြုံနေရတယ်လို့ ကယားပြည်နယ် လွိုင်ကော်မြို့က လူမှုရေးအဖွဲ့အစည်းတွေမှာ ပရဟိတ လုပ်ကိုင်ပေးတဲ့ ကိုသက်တင်ကပြောပါတယ်။

ဇန်နဝါရီလကနေစပြီး မေလအထိ ရေရှားပါးမှုနဲ့ ကြုံရတဲ့ ကျေးရွာပေါင်းများစွာရှိပြီး လက်ရှိ ၎င်းတို့ ရေသွားရောက်လှူဒါန်းနေသည့် ကျေးရွာ ၁၈ရွာရှိတယ်လို့လည်း ပြောပါတယ်။

ဒီလိုရေရှားပါးမှုတွေဟာ ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် သစ်တောတွေ ခုတ်ထွင်ရှင်းလင်းရတာ၊ ရေအားလျှပ်စစ်အတွက်   ရေသိုလှောင်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း   ဒေသခံအဖွဲ့အစည်းတွေက ယုံကြည်နေကြပါတယ်။

“ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အမတို့လည်း မြင်တဲ့အတိုင်းပဲ ကျွန်တော်တို့ဒေသဝန်းကျင်က သစ်တောတွေလည်း ပြောင်လုပြီလေ” လို့ ကိုသက်တင်က ပြောပါတယ်။

ဒီလိုစီမံကိန်းတွေလုပ်တဲ့အခါမှာ မလုပ်ခင်ကတည်းက သဘာဝပတ်ဝန်းကျင်အရ၊ လူမှုဝန်းကျင်အရ၊ ကျန်းမာရေးအရ လိုအပ်တဲ့ စမ်းစစ်လေ့လာချက်တွေဖြစ်တဲ့ (EIA, SIA, HIA) တို့ကို လုပ်ဆောင်ရမှာဖြစ်ပေမယ့်လည်း ဒီစီမံကိန်းတွေက စစ်အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့တာဖြစ်တာကြောင့် ဒီစစ်တမ်းတွေ လုပ်ဆောင်ထားမထားကို   သေချာမသိရှိရဘဲ ဒေသခံတွေကိုတော့ ဒီလို စစ်တမ်းတွေအတွက် လာရောက်ကောက်ခံ မေးမြန်းခဲ့ခြင်းလည်း မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် (SEA) ကို ကမ္ဘာ့ဘဏ်အုပ်စုအောက်မှာရှိတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်း (IFC)က ရေးဆွဲဖို့အတွက် ရေအားလျှပ်စစ်အလားအလာရှိတဲ့ မြန်မာနိုင်ငံတွင်းက မြစ်ဝှမ်းဒေသတွေဖြစ်တဲ့ ဧရာဝတီ-ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ မဲခေါင်၊ ပဲခူးမြစ်၊ တနင်္သာရီ နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေကို သွားရောက်ပြီး ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နည်းပညာဆိုင်ရာကျွမ်းကျင်သူတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။

ဒီလို အလုပ်ရုံဆွေးနွေးပွဲတွေ လာရောက်လုပ်ကိုင်တာက IFC အနေနဲ့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ လုပ်ဖို့ မီးစိမ်းပြတဲ့သဘောနဲ့ လာလုပ်တယ်လို့ ဒေသအဖွဲ့အစည်းအချို့က ထင်မြင်ယူဆမှုတွေလည်း ရှိနေပါတယ်။

“SEA ဟာ ရေအားလျှပ်စစ်စီမံကိန်းတွေလုပ်ဖို့ မီးစိမ်းပြတာမဟုတ်ပါဘူး။ အခုလုပ်တဲ့ပွဲတွေက အစိုးရ Policy Makers တွေကို ဘယ်ဟာဦးစားပေးလုပ်သင့်တယ်ဆိုတာ သိအောင်လုပ်တာပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ အစိုးရရဲ့ လျှပ်စစ်မူဝါဒတွေဆွဲတဲ့အခါ ထည့်သွင်းစဉ်းစားသင့်ပါတယ်” လို့ Senior Operations Officer, Environment, Social and Gov Dept, IFC Kate Lazurus က ရှင်းပြပါတယ်။

IFC အနေနဲ့ SEA ကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှာ အပြီးသတ်ရေးဆွဲဖို့ စီစဉ်ထားပါတယ်။ SEA ရေးဆွဲရာမှာ အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့အချက်တွေ၊ ဒေသခံအဖွဲ့အစည်းတွေရဲ့ အသံတွေကို အမှန်တကယ်ထည့်သွင်းစဉ်းစားပေးမှသာ အကျိုးရှိနိုင်မယ်လို့ မိုင်းပန်လူငယ်အဖွဲ့က ကိုသိန်းဇော်က ပြောပါတယ်။

အရင်အစိုးရလက်ထက်က ရပ်ဆိုင်းထားရတဲ့ ရေကာတာစီမံကိန်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဆက်လုပ်မယ်၊ မလုပ်ဘူးဆိုတာကို အဆုံးအဖြတ်ပေးရတော့မယ့် အချိန်မှာ IFC အနေနဲ့ ဒီလို စစ်တမ်းလာကောက်တာကိုလည်း သံသယရှိတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂမှ ကိုဥတ္တရအောင်က မီဒီယာတွေကို ပြောပါတယ်။

“NCA လက်မှတ်မထိုးရသေးတဲ့ ကယားပြည်နယ်မှာ ဒီကိစ္စတွေကို လာကိုမပြောစေချင်သေးတာ” လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေလှောင်တမံ ၂၆ခုရှိနေပြီး အဲ့ဒီထဲက ၈ခုကတော့ တည်ဆောက်နေဆဲဖြစ်ကာ နောက်ထပ် ထပ်မံတည်ဆောက်ဖို့ ရေကာတာ အခု ၅၀ လျာထားထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စု ၆၃ ရာခိုင်နှုန်းဟာ လျှပ်စစ်မီး မရရှိသေးဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ် မတိုင်မီ လူတိုင်းလျှပ်စစ်မီးသုံးနိုင်ဖို့ မဟာဓာတ်အားလိုင်း တိုးချဲ့ရေးအတွက် ကျေးလက်ဒေသတွေမှာ မဟာဓာတ်ားလိုင်းပြင်ပ နည်းလမ်းတွေသုံးပြီး လျှပ်စစ်မီးရရှိရေးဆောင်ရွက်မယ့် အမျိုးသားအဆင့်လျှပ်စစ်မီးရရှိရေးစီမံကိန်း (National Electrification Plan) ကို ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထုတ်ချေးပံ့ပိုးပေးမှာဖြစ်ကြောင်း ၂၀၁၅ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်ထားပါတယ်။

လောပိတ ရေအားလျှပ်စီမံကိန်းတွေ

ကယားပြည်နယ်ရဲ့ လောပိတရေအားလျှပ်စစ်စီမံကိန်းတွေအတွက် အဓိက ရေကို အင်းလေးကန် နဲ့ မိုးဗြဲဆည်ကနေ ရရှိပါတယ်။ အဲ့ဒီ့နှစ်ခုကတစ်ဆင့် ဘီလူးချောင်းအတွင်း စီဝင်တဲ့ရေကို လွိုင်ကော်မြို့က ဘီလူးချောင်းကိုဖြတ်ပြီး ဆောက်ထားတဲ့ ဒေါတခြားရေတံခါးရှိပါတယ်။ ဒေါတခြားမှာ ရေတခါးလေးပေါက်ရှိပြီး ရေတွေကို လိုအပ်သလို ရေတံခါးကို အသုံးပြုပြီး တိုးနိုင်၊ လျော့နိုင်အောင် စီစဉ်ရပါတယ်။ ဒါ့အပြင် ချောင်းထဲကလာတဲ့ အမှိုက်တွေကိုလည်း စစ်ထားရပါတယ်။

ရေတံခါးကရေကို လှောင်ကန်ကို သွားစေပါတယ်။ လှောင်ကန်မှတစ်ဆင့် ပိုက်လိုင်းဖြင့် ဘီလူးချောင်း (၁) ရေအားလျှပ်စစ် စီမံကိန်း (လောပိတ)ကို ရောက်ရှိပြီး ရေအားလျှပ်စစ်လည်ပတ်နိုင်ဖို့ နည်းပညာအရ အလုပ်လုပ်ဆောင်ပါတယ်။ ထိုမှတစ်ဆင့် ဘီလူးချောင်းစက်ရုံ (၁)က ပိုလျှံပြီး ထွက်လာတဲ့ ရေတွေကို ဘီလူးချောင်းစီမံကိန်း (၂)ကို ရေသွယ်ရပါတယ်။ နံပါတ် (၁) စက်ရုံက ထွက်လာတဲ့ ရေ မလောက်ငှခဲ့ရင်ပါက ဘီလူးချောင်းထဲမှာ ရေတံခါး နောက်တစ်ခုထပ်မံဆောက်ထားပြီး ထိုမှတစ်ဆင့် နှစ်လိုင်းသွယ်တန်းပါတယ်။ နံပါတ် (၂) စက်ရုံက ထွက်ရှိတဲ့ ရေတွေကိုလည်း အလားတူ နံပါတ် (၃) စက်ရုံကို သွားစေပါတယ်။ နံပါတ် (၃) စက်ရုံကတော့ ဘီလူးချောင်းအဆုံး နမ့်ပွန်ချောင်းအစ နေရာမှာ ရှိတဲ့အတွက် ထိုစက်ရုံက ထွက်ရှိတဲ့ စွန့်ပစ်ရေတွေကို နမ့်ပွန်ချောင်းအတွင်းကို စီဆင်းစေတာဖြစ်ပါတယ်။

(ဒီဆောင်းပါးကို ဖေဖော်ဝါရီလ ၄ရက်က IFC ရဲ့ စီစဉ်မှုနဲ့ ကယားပြည်နယ် ဘီလူးချောင်းရေအားလျှပ်စစ် (၁)၊ (၂) (၃) တို့နဲ့ ရှမ်းရွာကို သွားရောက်ကွင်းဆင်းပြီး ရေးသားခြင်းဖြစ်ပါတယ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly