ကုလလူ့အခွင့်အရေးကောင်စီမှာ အမေရိကန်က ကိုယ်စားလှယ်နေရာ ရယူ

ကုလလူ့အခွင့်အရေးကောင်စီမှာ အမေရိကန်က ကိုယ်စားလှယ်နေရာ ရယူ

ကုလလူ့အခွင့်အရေးကောင်စီမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဦးဆောင်တဲ့ အမေရိကန်ဟာ ကိုယ်စားလှယ်နေရာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က တောင်းခံရယူသွားခဲ့ပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီရဲ့ သက်တမ်း ၁၁ နှစ် ကျော်လာချိန်မှာတော့ ကောင်စီအနေနဲ့ ဝေဖန်မှုတွေအောက် ကျရောက်နေခဲ့ရပြီး အထူးသဖြင့် လူ့အခွင့်အရေး အလွဲသုံးစားလုပ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့တယ်လို့ စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။

လူ့အခွင့်အရေး အလွဲသုံးစားလုပ်သူတွေဆိုတာကတော့ တကယ်ရှိနေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဘေးဖယ်ထားပြီးတော့ သူတို့တွေရဲ့ ပထဝီဝင်ပိုင်းဆိုင်ရာ ပြိုင်ဘက်တွေကို နှိပ်ကွပ်ဖို့ လုပ်ဆောင်လိုနေသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဖွဲ့ဝင် ၄၇ ဦးပါတဲ့ ကောင်စီအနေနဲ့ အောင်မြင်မှုတွေလည်း ရရှိထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ကာလက ကောင်စီမှာ ကိုယ်စားလှယ်နေရာရယူခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားအစိုးရရဲ့ ထောက်ပံ့မှုနဲ့အတူ အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။

အိုဘားမားရဲ့ ကုလသံတမန်တွေ အထူးဦးစားပေးလုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေထဲမှာတော့ မြောက်ကိုရီးယား၊ မြန်မာ၊ သီရိလင်္ကာနဲ့ တောင်ဆူဒန်လိုမျိုး နိုင်ငံတွေက ချိုးဖောက်မှုတွေပဲဖြစ်ပါတယ်။

မိန့်ခွန်းတစ်ခုမှာတော့ လက်ရှိ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယနေ့ကမ္ဘာကြီးဟာ အရေးပေါ်လုပ်ဆောင်စရာတွေ ရှိနေပြီး ယင်းအတွက်ကြောင့် ကောင်စီကို ပိုလိုအပ်ပါတယ်လို့ ပြောသွားပါတယ်။

"လူ့အခွင့်အရေးကိစ္စတွေကို လျစ်လျူရှုထားခြင်းက ရောဂါတစ်ခုလိုပါပဲ၊ အဲဒီရောဂါက ကူးစက်ပြန့်ပွားသွားမှာဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။

ထရမ့်အစိုးရအနေနဲ့ ယခု ကောင်စီအတွက် သံတမန်အမည်စာရင်း တင်သွင်းရသေးခြင်း မရှိသေးဘဲ ပြီးခဲ့တဲ့ တနင်္လာနေ့ အစည်းအဝေးကိုတော့ ဝါရင့်နိုင်ငံခြားရေးအရာရှိ အီရင် ဘာကလေ တက်ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ထရမ့်ရဲ့ နိုင်ငံတကာ အစီအစဉ်တွေနဲ့ပတ်သက်လို့ကတော့ သဲသဲကွဲကွဲ မရှိလှသေးပါဘူး။ ဒါပေမယ့် ခုလိုအစောပိုင်း ပြသထားတဲ့ လက္ခဏာတွေကလည်း ကောင်စီအတွက်ရော လူ့အခွင့်အရေးကိစ္စတွေအတွက် ရှေ့ပြေးနိမိတ်တွေအဖြစ် မှတ်ယူလို့မရသေးဘူးလို့ လူ့အခွင့်အရေးထောက်ခံသူတွေက ပြောပါတယ်။

"America First ဆိုတဲ့ မူဝါဒက ရှင်းရှင်းပြောရရင် ဘက်ပေါင်းစုံ နိုင်ငံပေါင်းစုံနဲ့  ဦးစားပေး စေ့စပ်ညှိနှိုင်းမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး" လို့ HRW ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျွန်ဖစ်ရှာက ပြောပါတယ်။

ကောင်စီမှာ အမေရိကန်က ယင်းရဲ့နေရာကို ဆက်လက်ထိန်းသိမ်းရယူသွားတာနဲ့အတူ ဝါရှင်တန်အစိုးရရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဖစ်ရှာက ပြောသွားပါတယ်။

"ထရမ့်အစိုးရဟာ မွတ်ဆလင်နိုင်ငံခုနှစ်နိုင်ငံက ခရီးသွားတွေကို နိုင်ငံထဲ ဝင်ခွင့်ပိတ်တဲ့ အမိန့်ထုတ်ပြန်ခဲ့တယ်၊ ဒါဟာ အမေရိကန်အပေါ် ယုံကြည်အားကိုးမှုနဲ့ ကုလမှာ ယင်းရဲ့စေ့စပ်ဆွေးနွေးနိုင်စွမ်းတွေကို လျော့ပါးစေခဲ့ပါတယ်" လို့ ၎င်းက ပြောပါတယ်။

အလားတူ မဟာမိတ်အစ္စရေးအပေါ် ကုလရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်ကြောင့်လည်း ၂၀၁၉ သက်တမ်းမကုန်ခင် ကောင်စီကနေ အမေရိကန် ထွက်ခွာနိုင်တယ်ဆိုတဲ့ မီဒီယာ ဖော်ပြချက်တွေကိုလည်း HRW က တုန့်ပြန်ပြောကြားသွားခဲ့ပါတယ်။
" အစ္စရေးရဲ့ မူဝါဒတွေကို ဝေဖန်တဲ့ ကုလလူ့အခွင့်အရေးကောင်စီကနေ အမေရိကန် ထွက်ဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒီရဲ့အကျိုးဆက်က လွဲမှားတဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းလိုက်သလိုဖြစ်သွားပါလိမ့်မယ်" လို့ အဖွဲ့ရဲ့ ဒါရိုက်တာ Louis Charbonneau က ပြောပါတယ်။

ဒါပေမယ့် ဘူရွန်းဒီ၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အခြားဒေသနိုင်ငံတွေမှာ အဓိကကျတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ရာမှာ ယခုလို ကောင်စီမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုနဲ့အတူ ပြီးပြတ်စေနိုင်မယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly