အော်စကာဆုရရှိမှုသည် ဆီးရီးယားပြည်သူများ၏ အောင်ပွဲဟု White Helmets ခေါင်းဆောင်ပြော

အော်စကာဆုရရှိမှုသည် ဆီးရီးယားပြည်သူများ၏ အောင်ပွဲဟု White Helmets ခေါင်းဆောင်ပြော

ဆီးရီးယားနိုင်ငံမှ လူမှုကယ်ဆယ်ရေးအဖွဲ့ White Helmets ၏ ခေါင်းဆောင်ရိဒ်ဆာလားမှ ပြီးခဲ့သော တနင်္ဂနွေနေ့က ရရှိခဲ့သော အော်စကာဆုသည် ဆီးရီးယားပြည်သူများ၏ အောင်ပွဲတစ်ရပ်ဖြစ်ပြီး ကမ္ဘာကြီးဟာ စစ်ဒဏ်ကို ၆နှစ်ကျော်ခံစားနေရတဲ့ ၎င်းတို့အား မမေ့သေးကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

ဆာလား၏ အဖွဲ့ဖြစ်သည့် စစ်ဘေးဒဏ်ခံစားနေရသော ဆီးရီးယားနိုင်ငံမှ လူမှုကယ်ဆယ်ရေး လုပ်သားများအဖွဲ့ “ The White Helmets” အကြောင်းကို မိနစ်လေးဆယ်ကြာ ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်သည် အော်စကာဆုပေးပွဲ၌ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

“ကျွန်တော် ဒီဆုကို ရရှိခဲ့လိမ့်မယ်လို့ကို မမျှော်လင့်မိခဲ့ပါဘူး” ဟုဆာလားက ဆီးရီးယားနယ်စပ်ရှိ တူရကီနိုင်ငံ တောင်ပိုင်းမှ ၎င်းတို့အဖွဲ့၏ ရုံးချုပ်၌ အင်တာဗျူးစဉ်တွင် ပြောခဲ့သည်။

“ကျွန်တော်တို့ ဒီဆုကို အောင်မြင်မှုအသစ်တစ်ခုအဖြစ် မှတ်ယူထားပါတယ်။ ဆီးရီးယားပြည်သူတွေရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့ ခံစားနေရတဲ့ အခက်အခဲတွေ၊ ရုန်းကန်မှုတွေကို ကမ္ဘာ့ရဲ့ တစ်ခြမ်းမှာရှိတဲ့ ပြည်သူ တွေသိရှိနားလည်အောင် တံခါးတစ်ချပ် ဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။

White Helmets အဖွဲ့သည် ဆီးရီးယားနိုင်ငံတွင်း သူပုန်များထိန်းချုပ်ရာ နယ်မြေတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး ဆီးရီးယားအစိုးရနှင့် ရုရှားနိုင်ငံမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ခံစားနေရသည့် နယ်မြေ များတွင် လှုပ်ရှားနေသော အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly