စစ်ရှောင်စခန်းတွေမှာ မျှော်လင့်ချက်ကင်းမဲ့နေပြီလို့ဆိုတဲ့ ဒေါ်ဂျာဆိုင်းခေါန်

01 March 2017
စစ်ရှောင်စခန်းတွေမှာ မျှော်လင့်ချက်ကင်းမဲ့နေပြီလို့ဆိုတဲ့ ဒေါ်ဂျာဆိုင်းခေါန်

အခုတစ်ခါမှာတော့ ကချင်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာဆိုင်းခေါန်နဲ့ မဇ္ဈိမ တွေ့ဆုံမေးမြန်းခန်းမှာ ပြည်တွင်းစစ် ရှည်ကြာနေရတဲ့ အကြောင်းအရင်းတွေ မြစ်ဆုံကိစ္စနဲ့ ငြိမ်းချမ်းရေး စစ်ရှောင်စခန်းတွေကို ရိက္ခာပံ့ပိုးမှု လျော့ချလိုက်တဲ့ နောက်ဆက်တွဲအခြေအနေ စတဲ့ ကချင်ပြည်နယ် ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကြားကြရ သိကြရမှာဖြစ်ပါတယ်။

မဇ္ဈိမ

ဆရာမအနေနဲ့ ဒီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော ပြီးတော့ ဒီ မြစ်ဆုံဒေသနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော လက်ရှိ မြစ်ဆုံဒေသရဲ့ အခြေအနေလေးကို ပြောပြပေးပါဦးရှင့်။

ဒေါ်ဂျာဆိုင်းခေါန် (ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

မြစ်ဆုံဒေသကတော့ အခုလည်းပဲ ဒီ မြစ်ဆုံဒေသခံတွေရော နောက်ပြီးတော့ အနီးတစ်ဝိုက်မှာရှိတဲ့ ရွာလေးတွေတင်မက ကျွန်မတို့ ကချင်တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုတွေအားလုံးရော ဒါ လက်ရှိ မငြိမ်းနိုင်သေးတဲ့ ဖွဲမီးလိုပဲပေါ့ အားလုံးစိုးရိမ်ခဲ့ကြတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါရှင့်။ ဒီတော့ မြစ်ဆုံဒေသက အခုဖြစ်ပေါ်နေတဲ့ အကြောင်းကိစ္စက ငြိမ်းချမ်းရေးနဲ့ရော ဘယ်လို ပတ်သက်ဆက်နွယ်မှုရှိနေတယ်လို့ ဆရာမ ပြောပြချင်သလဲရှင့်။

ဒေါ်ဂျာဆိုင်းခေါန် (ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

ငြိမ်းချမ်းရေးနဲ့ကလည်း ပတ်သက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးက ပြည်ထောင်စုဆိုတာက ကိုယ့်နေရာဒေသ အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက သူ့နေရာနဲ့သူ နေထိုင်နေကြတယ်။ နေထိုင်နေကြတဲ့သူတွေအားလုံးကို စုပေါင်းပြီးတော့မှ ပြည်ထောင်စုဆိုတာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဲတော့ ဘယ်ပြည်ထောင်စု တစ်စိတ်တစ်ဒေသမှာရှိတဲ့ လူတွေကမှ အခြားတစ်နေရာမှာရှိတဲ့ လူတွေရဲ့ နေထိုင်တဲ့ ကိုယ့်ရဲ့လူမျိုးများ တိုင်းရင်းသားအုပ်စုတွေအပေါ်မှာ ဒါ အနိုင်ကျင့် ဗိုလ်ကျလို့မရပါဘူး။ အားလုံးက ကိုယ့်နေရာနဲ့ကိုယ် ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် ကိုယ့်ရဲ့အသက်ရှင်နေထိုင်မှုက ကိုယ့်ရဲ့ တိုးတက်တာ မတိုးတက်တာတော့ တစ်ပိုင်းပေါ့နော်။ အားလုံး ပျော်ရွှင်စွာ နေကြတဲ့နေရာမှာ အားလုံးက ပြည်ထောင်စုရဲ့အရေးကိုပဲ လုပ်လုပ် ဒေသရေး ဖွံ့ဖြိုးရေးကိုပဲလုပ်လုပ် အားလုံးက ဒေသဆိုရင်လည်း ဒေသကလူတွေ အားလုံး သိရပါမယ်။

နောက်ပြီး ပြည်ထောင်စုအရေးဆိုရင်လည်း အားလုံးက စိတ်တူစွာနဲ့ လုပ်ရတဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲနဲ့ တစ်နေရာကနေပြီးတော့ ထိန်းချုပ်ပြီးတော့ အခြားတစ်နေရာမှာ အဲဒီမှာရှိတဲ့ လူတွေရဲ့ အကျိုးအမြတ်မပါပဲနဲ့ အခြားနေရာကနေ ထိန်းချုပ်မှုတွေသုံးပြီးတော့ အခြားပြင်ပကလူတွေ လာပြီးတော့ ရင်းနှီးမြှုပ်နံှတယ်။ ပြီးတော့ အဲဒီနေရာဒေသရဲ့ အကျိုးစီးပွားတွေအားလုံးကို ဖျက်ဆီးပစ်မယ် အဲဒီနေရာဒေသကလူတွေ အကျိုးမခံစားရဘူး။ နောက် သူတို့ရဲ့အနာဂါတ်ကလည်း မရေရာ မသေချာဘူးဆိုရင် ဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်တာပါပဲ။

မဇ္ဈိမ

ဟုတ်ကဲ့ပါရှင့်။ လက်ရှိမှာ ပြည်နယ်လွှတ်တော်အနေနဲ့ရော မြစ်ဆုံကိစ္စရောပေါ့နော် အခုဆိုရင် မပြီးပြတ်သေးတဲ့ ပဋိပက္ခအခြေအနေတွေလည်း ရှိနေတာကို အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာတွေကို ဆက်လက် လုပ်ဆောင်နေပါသလဲရှင့်။

ဒေါ်ဂျာဆိုင်းခေါန် (ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

ပြည်နယ်လွှတ်တော်ကတော့ အခုအခြေအနေအရတော့ ပြောဖို့ကတော့ နည်းနည်းခက်တယ်ပေါ့နော်။ ပြည်သူလူထုက ရွေးချေယ်လိုက်တဲ့ အစိုးရ တက်လာတယ်ဆိုပြီးတော့ ပြည်သူတွေကလည်း ယုံကြည်အားကိုးလို့ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ NLD ကို ပေးလိုက်ပြီ။ အနောက်နိုင်ငံတွေကလည်း ဒါ ပြည်သူတွေက ရွေးချယ်တဲ့အစိုးရဆိုပြီးတော့ အင်မတန်မှ ယုံကြည်အားကိုးတယ်။ ဒါပေမယ့် လက်ရှိဖြစ်လာတာက အခုချိန်မှာက အချိန် ၆ လဆိုတာကလည်း အတိုင်းအတာ နည်းလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့အမြင်မှာကတော့ နယ်မှာကတော့ ဘာမှ ထူးပြီးတော့ ရွေ့မလာဘူးပေါ့။ ဆက်ပြီးတော့ နဂိုကအခြေအနေတွေကို ပြောင်းလဲမယ်ဆိုတာလည်း မပြောင်းလဲနိုင်ဘူး မပြောင်းလဲတဲ့အပြင်ကို အရင်က စစ်အာဏာပါဝါနဲ့ လက်နက်ကိုင်ထားတဲ့ ပဋိပက္ခကိုလည်း မချုပ်ငြိမ်းနိုင်ဘူး ဆက်ပြီးတော့ အခုပိုဆိုးလာတာက ပင်လုံညီလာခံဆိုပြီးတော့ ကျွန်မတို့အားလုံး မျှော်လင့်နေတဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တိုင်းရင်းသားအားလုံးက နိုင်ငံရေးစားပွဲမှာ နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုပြီးတော့ အားလုံးက စိတ်တူသဘောတူနဲ့ ချီတက်နေရမယ့်အချိန်မှာ အပြင်မှာလည်းပဲ ပင်လုံညီလာခံမှာ သွားပြီးတော့ ဆွေးနွေးသလို အပြင်မှာ စာပွဲဝိုင်းတွေနဲ့ အားလုံးက တက်တက်ကြွကြွနဲ့ ဆုံးဖြတ်ချက်ချရမယ့်နေရာမရောက်ခင် ဆွေးနွေးနေရမယ့်အစား အလုပ်တွေ အင်မတန်မှ ရှုပ်နေတယ်။ ဒါပေမယ့် အဲလိုမျိုး ဆွေးနွေးပွဲမှာ အလုပ်ရှုပ်မနေပဲနဲ့ အခုဟာက ကျွန်မတို့ ကချင်ဒေသ ကရင်ဒေသ ရှမ်းဒေသ စစ်လက်နက်တွေ နောက် အပြင်ကစစ်သားတွေ အဆက်မပြတ်ရောက်လာတယ် အဲဒီအပြင်ကို အရင်က မမြင်ဖူးတဲ့ ထူးထူးဆန်းဆန်းလက်နက်တွေ ရောက်လာတယ်။ ပိုပြီးတော့ ကြီးကျယ်တဲ့ လေယာဉ်တို့ တိုက်လေယာဉ်တို့နဲ့ လာပြီးတော့ ထိုးစစ်နေတဲ့ဥစ္စာကတော့ ကျွန်မတို့အနေနဲ့လည်း မတတ်နိုင်ဘူး အစိုးရအနေကလည်း တားတဲ့အသံလည်း မကြားရတဲ့အခါကျတော့ ပြည်သူလူထုကလည်း ပိုပြီးတော့ အံ့သြတာပေါ့နော်။ ဒါဟာ ဒွိဟတွေဖြစ်စရာ အများကြီးရှိတယ်။

အဲဒီအခြေအနေအပေါ်မှာပဲ ကျွန်မတို့ လွှတ်တော်အနေနဲ့ကလည်း တစ်ခုခု လွှတ်တော်အနေနဲ့ ကျွန်မတို့ မေးခွန်းမေးမယ် အဆိုတင်သွင်းမယ်ဆိုရင်လည်း ကျွန်မတို့မှာကလည်း ကိုယ်ထင်တိုင်း သွားလို့မရဘူးပေါ့နော်။ တင်မယ်ဆိုလို့ရှိရင် ကျွန်မတို့က လွှတ်တော်ဥက္ကဋ္ဌဆီကနေ ခွင့်ပြုချက်ယူရတယ်။ ခွင့်ပြုချက်ယူရတဲ့အခါကျတော့ ကျွန်မတို့ရဲ့ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ကျွန်မတို့အားလုံးကိုလည်း ကိုယ်စားလှယ်တွေအားလုံးကို ဖွင့်မပြောတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့လည်း သိသင့်သလောက်တော့ မသိရဘူး။ ဒါပေမယ့် ကိုယ်တင်ချင်တဲ့ မေးခွန်းတိုင်းကို ကိုယ်မေးချင်တဲ့ မေးခွန်းတိုင်းကို တင်ပြခွင့် မေးခွင့်မရဘူး ဒါက လက်ရှိဖြစ်နေတဲ့ အခက်အခဲဖြစ်ပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါရှင့် အခုဆိုရင် ဒီ စစ်ဖြစ်နေတဲ့အခါ စစ်ရှောင်စခန်းတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီကအခြေအနေတွေကရော ဘယ်လိုရှိလဲရှင့်။ ပြီးတော့ရော အဓိက ဆရာမအနေနဲ့က အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေလည်း တော်တော်လုပ်ခဲ့တာဆိုတော့ အဲဒီက စစ်ရှောင်စခန်းတွေမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့အခြေအနေ ပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေက ဘာတွေဖြစ်မယ်လို့ ဆရာမထင်သလဲ။

ဒေါ်ဂျာဆိုင်းခေါန် (ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

အမျိုးသမီးတွေရဲ့အခြေအနေကတော့ ကျွန်မတို့အားလုံကလည်း အိမ်ထောင်ရှင်မတွေဆိုတော့ ကျွန်မတို့အိမ်ထောင်မှကတော့ အမျိုးသမီးတွေကတော့ အရေးကြီးဆုံးပဲလေ။ အမျိုးသားတွေကတော့ ငွေရှာကောင်း ရှာပေးနိုင်မယ် သို့သော်လည်း စီမံခန့်ခွဲမှု သားသမီးတွေရဲ့ ပညာရေး အိမ်မှာ အသေးစိတ် ကြည့်ရှုရတာကအစ အကုန်လုံး စီမံခန့်ခွဲတာကအစ အကုန်လုံး အဆင်ပြေတဲ့မိသားစုမှာတောင်မှာ အမျိုးသမီးတွေရဲ့တာဝန်က အင်မတန်မှ ကြီးပါတယ်။ မမြင်ရသော်လည်း နောက်ကွယ်ကနေပြီးတော့ ပံ့ပိုးရတာတွေ တကယ်တမ်း အဲဒီအိမ်ထောင်အောင်မြင်မှုဆိုတာ အမျိုးသမီးတွေရဲ့လက်ထဲမှာ အများကြီးရှိတယ်။ သားသမီးတွေရဲ့ ရှေ့ရေး နောင်ရေးကအစ သားသမီးတွေရဲ့ ရှေ့ရေးနောင်ရေးဆိုတာ ကျွန်မတို့တွေရဲ့ အနာဂါတ်ဖြစ်တယ်။

အခု အဲဒီလိုမျိုး ကချင်ပြည်နယ်မှာစစ်ဖြစ်လာတယ် မြစ်ဆုံအရေးကလည်း ရှိနေတယ် ကျွန်မတို့မှာက ငြိမ်သက်မှုတွေချည်းပဲ ဖြစ်နေတဲ့အခါကျတော့ များသောအားဖြင့်ကတော့ အခုလောလောဆယ်ဆိုရင် ကချင်ပြည်နယ်ရဲ့ စစ်ကြောင့်မိုလို့ ကျွန်မတို့ ကချင်ပြည်နယ်အတွင်းမှာ စစ်ပြေးနေရတဲ့သူတွေ စစ်ရှောင်နေရတဲ့သူတွေ ကိုယ့်ရဲ့နေရပ် ကိုယ်ရဲ့အိုးအိမ်တွေကို စွန့်ခွာနေရတဲ့သူတွေက ၁၂၀၀၀၀ ကျော်ရှိသွားပြီပေါ့။ ရွာပေါင်းကလည်း နှစ်ရာကျော် ပျက်သွားခဲ့ပြီ။ ဘုရားကျောင်းပေါင်းကလည်း ကျွန်မတို့ မရေတွက်နိုင်အောင် ပျက်ပြီးခဲ့ပီ။

ဆိုတော့ နဂိုက သူတို့ စစ်ရှောင်စခန်းကိုလာတာဟာဆိုရင် ခဏတဖြုတ် ၂၀၁၁ မှာဖြစ်လာတဲ့စစ်တွေ ခဏရှောင်တယ်လို့ပဲ အားလုံးက နားလည်ထားကြတယ်ပေါ့။ သုံးလေးလဆိုရင် ပြန်နိုင်မယ်လို့ထင်တယ်။ အခု အဲလိုနေရင်းနေရင်းနဲ့ ၂၀၁၁ ကနေ အခုဆို ၅ နှစ်ကျော်လာတယ် ကြာလာတိုင်း ကြာလာတိုင်း သူတို့ရဲ့မျှော်လင့်ချက်တွေက ပိုပိုပြီးတော့ ဝေးသွားတယ်။ အခုဆိုရင် သူတို့ရဲ့ဘဝတွေက ပြောမယ်ဆိုရင် လုံးဝကို သူတို့ရဲ့မျှော်လင့်ချက်တွေ ပျက်ဆီးနေတယ်လို့ကို ခံစားနေရတယ်။

ကျွန်မတို့ကိုယ်တိုင် စစ်ရှောင်စခန်းတွေကို သွားပြီးတော့ အားပေးတဲ့အချိန်မှာ ပြင်ပက ကူညီတဲ့အဖွဲ့အစည်းတွေ လာတဲ့အခါမှာ လိုက်လံပြီးတော့ သူတို့နဲ့ အားပေးစကားပြောတဲ့အချိန်မှာ သူတို့ရဲ့မျက်လုံးတွေမှာက လုံးဝ မျှော်လင့်ချက်မရှိတဲ့ ကြေကွဲနေတဲ့အရိပ်အယောင်တွေ တချို့ဆိုလို့ရှိရင်လည်း အဲမှာနေရင်းနဲ့ ကျန်းမာရေးတွေ ပိုဆိုးလာတယ် နောက်ပြီးတော့ စိတ်ခံစားချက်အရရော ပိုပြီးတော့ ဆိုးဝါးလာတယ် ရနေတဲ့ အကူအညီအထောက်အပံ့တွေကလည်း ကြာလေကြာလေ လျော့လာလေဖြစ်တဲ့အတွက် အခုဆိုလို့ရှိရင် သူတို့အတွက်က တစ်လကို သူတို့ရတဲ့ ကိုးထောင် ခုနှစ်ထောင်ဆိုတာက အခြေခံ စားစရာ ဆန်တောင်မှ မလောက်ပါဘူး။ သူတို့ရတဲ့ ကူညီထောက်ပံ့မှုက တစ်ရက်ကိုက ဆန် နှစ်ဗူးလောက်ပဲ ရပါတယ်။ အဲဒါ ဆားမပါဘူး ဆီမပါဘူး အရင်ကရတဲ့ဟာတွေ အကုန်ဖြတ်ကုန်ပြီပေါ့နော်။

နောက်ပြီးတော့ သားးသမီးတွေရဲ့ ပညာရေးတွေ ကျန်းမာရေးတွေရှိတယ်။ သူတို့ ဖျားတာနာတာရှိမယ် နောက် ပညာရေးမှာဆိုင် သားသမီးတွေက စစ်ရှောင်တွေ စစ်ပြေးတွေ အိုင်တီပီတွေဆိုတဲ့အနေနဲ့ သူတို့မှာ မျက်နှာမရဘူး။ နောက်ပြီးတော့ သူတို့မှာ ကူညီထောက်ပံ့မှုတွေ မလုံလောက်ဘူးဆိုတဲ့အခါမှာ အမေတွေကတော့ သူတို့မှာ ပြောစရာမရှိဘူးပေါ့နော်။ ဒါပေမယ့် အမေတွေရဲ့အင်အားကတော့ ကြီးပါတယ်။ တတ်နိုင်သလောက်တော့ အလုပ်တွေလုပ်တယ်။ နောက်ပြီးတော့ စစ်ရှောင်စခန်းက ရတဲ့အစာလေးနဲ့ နောက် အပြင်က သူတို့ ဘာတွေရနိုင်မလဲဆိုတဲ့ အလုပ်ထွက်လုပ်တာတွေလည်း ရှိတယ်။ ဒါပေမယ့် ဒါတွေက ဘယ်လိုမှ မလောက်နိုင်တဲ့အခြေအနေမှာ သူတို့အတွက်လည်း အားလုံးက ဆက်ပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။

လက်ရှိမှာကိုပဲ ကချင်ပြည်နယ်မှာက စစ်က ထပ်ပြီးဖြစ်နေတယ်။ ထိုးစစ်တွေကလည်း ဆက်ပြီးတော့ ဖြစ်နေတယ်ဆိုတော့ အဲဒီမှာ အုပ်ချုပ်ရေးပိုင်းကလည်း ဒီစစ်ဘေးရှောင်တွေဆီကို သွားနေတဲ့ရိက္ခာတွေကို အုပ်ချုပ်ရေးပိုင်းရဲ့ သဘောတူညီချက် မရလို့ရှိရင် ဖြတ်လို့မရပါဘူးဆိုတဲ့ တားဆီးပိတ်ပင်မှုတွေ ရှိတဲ့အခါကျတော့ အခုတလော ဒီ အိုင်ဒီပီတွေကို ကူညီထောက်ပံ့နေတဲ့ အဓိက လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ဖျန့်ကြက်ပြီးတော့ နေရာတကာကို အကူအညီတွေ တောင်းထားပါတယ်။ ကျွန်မတို့လွှတ်တော်ကိုလည်း အကူအညီတောင်းထားပါတယ်။ သူတို့ကလည်း လွှတ်တော်ကို စာတွေရေးပါမယ်။ ရေးလည်း ရေးနေကြပါတယ်။ ဒါက လွှတ်တော်နဲ့ ကျွန်မတို့က ဝိုင်းဝန်းပြီးတော့ တက်နိုင်သလောက်ပေါ့လေ။ ဒါပေမယ့် ကျွန်မတို့အနေနဲ့က ဆက်ပြီးတော့ လွှတ်တေ်ာအနေအထား အခု ဦးဆောင်နေတဲ့ အစိုးရကလည်း ဒါကို မဖြေရှင်းရဲရင်ကတော့ ကျွန်မတို့ လွှတ်တော်တစ်ယောက်အနေနဲ့ကလည်း အခက်အခဲရှိပါတယ်လို့ ပြောပါရစေ။

Mizzima Weekly