ရွှေ့ပြောင်းတောင်ယာကို အစားထိုးမည့် အမြဲတမ်းစိုက်ခင်း

ရွှေ့ပြောင်းတောင်ယာကို အစားထိုးမည့် အမြဲတမ်းစိုက်ခင်း

သစ်တောပြုန်းမှု ကာကွယ်ရေးတွင် အမြဲတမ်းစိုက်ခင်းတို့ကအရေးပါလာသည်

ဖလမ်း-ထလန်ရောင်ကျေးရွာ(Myanmar Now) ။           ။  ဆောင်းအကုန် နွေအကူးကာလ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထလန်ရောင်ကျေးရွာ ဝန်းကျင်တွင် မြင်တွေ့နေရသည် ကသစ်ပင်ခြုံနွယ်တို့ကို ခုတ်ထွင်မီးရိူ့ထားပြီး စိုက်ပျိုးရန်အသင့် ဖြစ်နေပြီဖြစ်နေသည့် ရွှေ့ပြောင်းတောင်ယာခင်းများ ဖြစ်သည်။

          ရွာရှိ ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ကြသူများတွင် ၅၆ နှစ်အရွယ် ဦးဆွေးဒုမှုန်းလည်း တစ်ဦး အပါအဝင် ဖြစ်သည်။  ပြည်နယ်၏ မြို့တော် ဟားခါးမြို့သို့ တစ်နှစ်တစ်ကြိမ်ပင် သွားရောက်လေ့ မရှိသူ၊ သားသမီး ၆ ဦး၏ဖခင် ဦးဆွေးဒုမှုန်းကမိသားစုစားဝတ်နေရေးအတွက် တောင်ယာလုပ်ကိုင်ရန် သစ်ပင်ကြီးငယ်များကိုခုတ်ထွင်ခဲ့ရသည်မှာ နှစ်စဉ် သုံးလေးဧကအနည်းဆုံးရှိသည်။

          “အမြဲတမ်း စိုက်မြေမရှိခင်တုန်းကဆိုရင် ကျွန်တော်သစ်ပင်တွေ ဘယ်လောက်ခုတ်ခဲ့သလဲဆို တာ မပြောပြနိုင်လောက်အောင်ပါပဲ” ဟု အသက်၂ဝ အရွယ်ကစတင်ပြီး တောင်ယာလုပ်ကိုင်ခဲ့သူ ဦးဆွေးဒုမှုန်းက ပြောသည်။

          ထလန်ရောင်တွင် မိရိုးဖလာရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ကိုအသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။  အမြဲတမ်းစိုက်ပျိုးနိုင်သည့် လှေကားထစ်စိုက်ခင်းများမရှိခဲ့သည့် အချိန်ကဒေသခံတို့သည် ကျေးရွာအုပ်ချုပ်သူတို့သတ်မှတ်ပေးထားသည့် လုပ်ကွက်များတွင် နှစ်စဉ် ဧက ၂ဝဝ ထိခုတ်ထွင်ရှင်းလင်းပြီးလုပ်ကိုင်ကြရသည်။

          ယခုအခါတွင်တော့ အစိုးရနှင့်အရပ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် အမြဲတမ်းအသုံးပြု နိုင်သည့် လှေကားထစ်စိုက်ပျိုးရေးစနစ်ဖော်ဆောင်နေသည့် ထလန်ရောင်ရွာသည် ရွေ့ပြောင်းတောင် ယာခုတ်ထွင်မှု ထက်ဝက်ခန့် လျှော့ချနိုင်ပြီဖြစ်သည်။

ကျေးလက်အလှည့်အပြောင်း

      ဟားခါး-ဖလမ်းကားလမ်းပေါ်မှ မြင်တွေ့နေရသည့် လှေကားထစ်စိုက်ခင်းများတွင် အတန်း လိုက် စိုက်ထားသည့် ကြက်သွန်ပင်များကြောင့် စိမ်းစိုလှပနေသည်။ လှေကားထစ်စိုက်ခင်းများ၏ အထက်တောင်ကုန်းပေါ်မှအဖြူရောင် လက်ဝါးကပ်တိုင်ရှိသည့် နေရာတွင်ရွာသူ၊ ရွာသားများစိုက်ပျိုး ရေး ကောင်းမွန်ရန်၊ ချင်းတောင်တန်း ငြိမ်းချမ်းသာယာစေရန်အတွက် အစာရှောင် ဆုတောင်းကြ ကြောင်းသိရသည်။

     ဤဒေသတွင် အမြဲတမ်းလှေကားထစ်စိုက်ခင်းအတွက် ကူညီနေသည့်အဖွဲ့မှာ ချင်းဒေသခံစိုက် ပျိုးရေး ဝန်ထမ်းဟောင်းများဖြင့် စုစည်းထားသည့်Chokhlei Organization foor Rural and Agricultural Development (CORAD)အဖွဲ့ဖြစ်သည်။

          ထိုအဖွဲ့မှ ဖလမ်းမြို့နယ် မန်နေဂျာဦးတလောင်ဇမန်းက ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး စနစ်ကို လျှော့ချရန်၊  ဒေသခံတောင်သူများလူမှုစီးပွားစနစ်အဆင်ပြေစေရန် ရည်ရွယ်ပြီးအမြဲတမ်း စိုက်ခင်းစနစ်ကိုဖော်ဆောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ 

      “တချို့နေရာတွေက အပင်တောင်မရှိတော့ဘူး။ တောင်ကတုံးတွေ ဖြစ်သွားတယ်။ တချို့ လုပ်ကွက်တွေက အပင်တော့ရှိတယ်။ ဒါပေမယ့် ဒီမြေကသုံးစားလို့မရတော့ဘူး။ မြေကအရမ်းညံ့ ဖျင်းလာတယ်” ဟုသူကရှင်းပြသည်။

CHORDအဖွဲ့က အကူအညီပေးပြီးနောက်  ထလန်ရောင်တွင် လှေကားထစ်စိုက်ပျိုးမြေဧက ၈ဝကျော်အထိရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် တောင်သူဦးဆွေဒုမှုန်း၏ ၂ ဧက စိုက်ခင်းလည်း ပါဝင်သည်။ ယခင်က ဦးဆွေဒုမှုန်းမှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ရန်အတွက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လုပ်ကိုင်ခဲ့ရသည်။ ကျေးရွာလူကြီးက သတ်မှတ်ပေးသည့် နေရာတွင် ရွေ့ပြောင်း တောင်ယာလုပ်ကိုင်ရန်အတွက် အပင်များကို ခုတ်လှဲခြင်း၊ မြေရှင်းခြင်း၊ မီးရှို့ခြင်းတို့ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည်ဟု သူကဆိုသည်။

    “အမြဲတမ်းစိုက်ပျိုးရေးမရှိခဲ့တဲ့ အချိန်တုန်းကဆိုရင် တစ်နှစ်မှာ ၃ ဧက၊ ၄ ဧကလုပ်တာတောင် မှ ဝမ်းစာစားဖို့တောင် မလောက်ငတဲ့အခါမှာ ဝင်ငွေဆိုတာ မရှိသလောက်ပါပဲ။ ကြက်မွေးတယ်၊ ဝက်မွေးတာနဲ့ ရောင်းပြီး လုပ်ကိုင်စားသောက်ရပါတယ်”ဟုသူကပြောသည်။

   “အမြဲတမ်း လုပ်ကွက်လုပ်ပြီးတဲ့အခါမှာတော့ မိုးတွင်း၊ ဆောင်းတွင်းမှာစိုက်ပျိုးနိုင် တာကြောင့် ဝမ်းစာဖူလုံတဲ့အပြင် အပိုဝင်ငွေလည်းရလာပါပြီ။ ဒါကြောင့် ကျွန်တော့်သားသမီးတွေကိုလည်း ကျောင်းပြန်ထားနိုင်ပါပြီ”ဟု သူက သူ့ကြက်သွန်ဖြူခင်းကို ကြည့်ပြီးရှင်းပြသည်။

ရွေ့ပြောင်းတောင်ယာနှင့် သဘာဝပတ်ဝန်းကျင်

   ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ခဲ့သည့် အကျိုးဆက်ကြောင့် မိုးခေါင်ရေရှားမှု၊ မြေဆီလွှာခန်း ခြောက်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ရင်ဆိုင်နေရသည်။

     စိုက်ပျိုးရေး အရာရှိကြီးတစ်ဦးက ချင်းပြည်နယ်တွင် စိုက်ပျိုးမြေ ၂ဝဝ,၆ဝ၆၃ ဧကရှိပြီး ရွေ့ပြောင်း တောင်ယာလုပ်ကိုင်ရန်အတွက် နှစ်စဉ် ဧကတစ်သိန်းခန့် တောင်ယာခုတ်ထွင်နေကြသည် ဟု ခန့်မှန်းသည်။

    “ဒီအတိုင်းပဲ ဆက်ခုတ်သွားမယ်ဆိုရင်တော့ ရေ၊ မြေ၊ သယံဇာတဆုံးရူံးမှုနဲ့ ရင်ဆိုင်ရမှာ အမှန် ပါပဲ” ဟု ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ လက်ထောက်ညွန်ကြားရေးမှူး ဆလိုင်းဒမ်နီရယ် ထွန်းတင်ကမှတ်ချက်ပေးသည်။

  ရွှေ့ပြောင်းတောင်ယာစနစ်ကို တစ်ဖြည်းဖြည်း လျှော့ချနိုင်ရန်အတွက်  စိုက်ပျိုးရေးဦးစီးဌာန ကလည်း တောင်စောင်းစိုက်ပျိုးရေးနည်းပညာဖြင့် ချင်းပြည်နယ်အတွင်းရှိမြို့နယ်တိုင်းတွင် အမြဲတမ်း စိုက်ပျိုးမြေပေါ်ပေါက်ရေး လုပ်ဆောင်လျက်ရှိသည်။

   “မြို့နယ်တိုင်းမှာ၂ ဧကကနေ၃ဧကအထိဖော်ဆောင်ပေးနေပါပြီ။ နှစ်စဉ်တိုးချဲ့ပြီးတော့ ဖော်ဆောင်သွားဖို့ကိုလည်း ဌာနက ညွန်ကြားထားပါတယ်”ဟု သူက ဆက်ပြောသည်။

  ယခုအခါတွင်တော့ CHORDအဖွဲ့၏ အကူအညီပေးမှုကြောင့် ရွှေ့ပြောင်းတောင်ယာခုတ်ထွင်မှု ထက်ဝက်ခန့် လျှော့ချနိုင်ခဲ့သည်ဟုသိရသည်။ ထလန်ရောင်တွင် ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင် နေရပြီး မိုးလုံလုံလောက်လောက် မရသည်မှာ ဆယ်နှစ်ခန့်ရှိနေပြီဟု ဆိုသည်။

          “ရွာနားမှာရှိတဲ့ လုံပီး(ရွေ့ပြောင်းတောင်ယာလုပ်ကွက်) ရဲ့ သုံးပုံနှစ်ပုံလောက်မှာ အပင်မရှိ တော့ဘူး။ ရေရှားလာပြီး။ မြေကြီးကညံ့ညံ့လာတယ်”ဟုသူကရှင်းပြသည်။  ကျေးရွာတောင်သူအစု အဖွဲ့ဥက္ကဋ္ဌဦးငွန်သောင်ကအိမ်ထောင်စု၉၃စုရှိသောဤရွာတွင်ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန်အ တွက် အိမ်ထောင်စုတစ်စုလျှင် ၃ ဧကခန့် နှစ်စဉ် ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်ဟု ပြောသည်။

          CHORD ၏ စီမံကိန်းမန်နေဂျာ ဦးကီးတူက ရွှေ့ပြောင်း တောင်ယာစနစ်ကိုလျှော့ချ နိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂ဝဝ၈မှ ၂ဝ၁၄ အထိ အမြဲတမ်းစိုက်ပျိုးမြေဧက ၆၅ဝ ကျော်ကို ဖော်ဆောင်ပေး နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့အဖွဲ့က ဖော်ဆောင်ပေးနေသည့် အမြဲတမ်းစိုက်ပျိုးမြေ ဧကမှာ ပြည်နယ်တစ်ခုလုံးအတွက် လုံလောက်မှုမရှိနိုင်သည့်အတွက် အစိုးရ၏ အကူအညီလိုအပ်နေ သည်ဟု သူကပြောသည်။

     ပြည်နယ်အတွင်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ၈၅ ရာခိုင်နှုန်းမှာ ရွေ့ပြောင်းတောင် ယာ လုပ်ကိုင်နေကြသည်ဟုသူတို့ပြုလုပ်ထားသည့် စစ်တမ်းများကဆိုသည်။ ဤဒေသတွင် လွန်ခဲ့ သည့် ၂ နှစ်ကမြေပြိုမှု၊ ရေကြီးမှု၊ သစ်တောပြုန်းတီးမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ သစ်တော ပြုန်းတီးမှုမှာရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုနှင့်လည်းဆက်စပ်နေခြင်းကြောင့် အမြဲတမ်းစိုက်ပျိုးနိုင် သည့် စိုက်ပျိုးမြေလုံလုံလောက်လောက် ဖော်ဆောင်ပေးရန်မှာ ပြည်နယ်အတွက် အရေးတကြီး လိုအပ်နေသည့် အချက်ဖြစ်သည်ဟုသူကဆိုသည်။

 သစ်တောတွေပြုန်းတီးသွားတဲ့ နေရာတွေမှာမြေပြိုမှုတွေဖြစ်ပေါ်တဲ့ နေရာတွေမှာပိုပြီးတော့ ဖြစ်တာများတယ်။ သစ်တောတွေရှိတဲ့နေရာမှာ မြေပြိုတာနည်းပါးတယ်ဆိုတာကို တွေ့ရပါတယ်” ဟု သူက ရှင်းပြသည်။

    CORAD အဖွဲ့မှ ဖလမ်းမြို့နယ် မန်နေဂျာဦးတလောင်ဇမန်းက ချင်းတောင်တန်းသည် နှစ် ၂ဝ အတွင်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ထိခိုက်လာခြင်း၊ ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံနေရခြင်း တို့အတွက် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှုကို လျှော့ချပြီး အမြဲတမ်းစိုက်ပျိုးမြေဧကများ ဖော်ဆောင် ပေးရန် လိုအပ်နေသည်ဟု ဆိုသည်

   “ဖလမ်းမြို့နယ်ထဲမှာနှစ် ၂ဝအတွင်း စိမ်းစိမ်းစိုစိုတောင်တန်းတွေအဖြစ် မြင်ခဲ့ရတဲ့နေရာတွေ က အခု တောင်ကတုံးတွေဖြစ်နေပြီ။ ရွှေ့ပြောင်းတောင်ယာစနစ်ကို တစ်နှစ်ထက်တစ်နစ် မလျှော့ချ နိုင်ဘူးဆိုရင်တော့ နောက် ၃ဝနှစ်တွေ၄ဝနှစ်တွေကို ပြန်စဉ်းစားမယ်ဆိုရင်တော့ အင်မတန်ကိုမှ စိုးရိမ် စရာရှိပါတယ်” ဟုCORAD မှ မြို့နယ် မန်နေဂျာက ညှို့မှိုင်းနေသည့် ချင်းတောင်တန်းများအကြား တွေ့နေရသည့် အကျည်းတန် တောင်ကတုံးများကို ကြည့်ရင်းပြောလိုက်လေသည်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly