"ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး"

"ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး"
 ၂ဝ၁၅နှစ်ကုန်ပိုင်းက မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်မှာ တွေ့ရတဲ့ မဘသဗဟိုအတွင်းရေးမှူး ဆရာတော်ဦးဝိမလဗုဒ္ဓိ (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)

အခြေခံဥပဒေကာကွယ်တဲ့ တပ်မတော်ကို မဘသခေါင်းဆောင်ပိုင်းက ထောက်ခံလိုက်ပါတယ်

ဦးကိုနီလိုမျိုး အခြေခံဥပဒေ ပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြားရှိတယ်လို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်တန်းခေါင်းဆောင်  မွန်ပြည်နယ် မြစေတီဆရာတော ်ဘဒ္ဒန္တဝိမလဗုဒ္ဓိက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

Myanmar Now သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ် မေးမြန်းရာမှာ မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိက ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ မဘသ အဖွဲ့ရဲ့ သဘောထား၊ တပ်မတော် အာဏာသိမ်းခြင်း၊ ဧည့်စာရင်း၊ အခြေခံဥပဒေ ပြင်ဆင်မှု မပြုရေး၊ အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးတို့အကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက်ထဲကနေ   ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး။ ။ ဦးဝီရသူရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဦးကိုနီကိုသတ်လိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားထားတာနဲ့ ပတ်သက်လို့ သံဃာတော်တစ်ပါးနေနဲ့ ဒီလိုမျိုးပြောရမလားဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ ဘုန်းဘုန်းအနေနဲ့ရော ဘယ်လိုများ သဘောရလဲဘုရား။

ဖြေ။ ။ သူ့ရဲ့ ပုဂ္ဂလိက အာဘော်ပဲ။ မဘသ အနေနဲ့ပြောတာ မဟုတ်ဘူးလေ။ ဘုန်းကြီးတို့ကတော့ ဒါတွေကို ဘာမှ မဝေဖန်လိုဘူးပေါ့။ ကိုနီနဲ့ ပတ်သက်တဲ့လူတွေကတော့ ဘာပဲဖြစ်ဖြစ် အပြစ်မြင်မှာပဲလေ၊  မဟုတ်ဘူးလား၊  ဒီသဘောတော့ရှိတာပေါ့။ ဒါပေမဲ့ ဘုန်းကြီးတု့ိက အားလုံးအတွက် ကြေညာစာတမ်း ထုတ်ထားပြီးပြီလေ၊ ကိုနီသေတာကိုလည်း ဒါဟာ သတ္တဝါတစ်ဦးသေသလို ဝမ်းနည်းတာပဲပေါ့။ အားလုံးသေနေကြတာပဲ မဟုတ်လား။ အသတ်ခံနေကြရတာပဲ မဟုတ်လား။ ဘုရားက မြွေဟောက်တစ်ကောင်ကို ကာလသားတွေ ဝိုင်းရိုက်တာကို ဘုရားက မကြိုက်လို့တားခဲ့တယ် ဆိုတဲ့ပုံစံလေ၊  ဖတ်ဖူးတယ်ဟုတ်။ မည်သူတစ်ဦးဦးကို သတ်တာကမှ ဘုန်းကြီးတို့ အဖွဲ့က မကြိုက်ဘူးလေ။ ဒါ သဘောထားကြေညာချက် ထုတ်ပြန်ထားပြီးပြီပဲဟာ။ ဖတ်ရတယ် မဟုတ်လား။

မေး။ ။ အခုက သူ့ရဲ့အာဘော်ဆိုပေမဲ့ သံဃာတော်တစ်ပါးအနေနဲ့ အဲဒီလိုမျိုး ပရိသတ်တွေကို အတည့်အလင်း ချပြဖို့သင့်မသင့် ဘယ်လိုမြင်လဲဘုရား။

ဖြေ။ ။ အဲဒါတော့ ဘုန်းကြီးမပြောလိုဘူးလေ။ ဒါ သူ့ကိစ္စနဲ့သူပဲလေ။ သေတာလည်း သူူ့ကိစ္စနဲ့သူပဲလေ။ အမှန်ကတော့၊  ဘုန်းကြီးတို့ အမြင်ကတော့ ကိုနီကိုမုန်းနေတာ အများကြီးဖြစ်နေတာကို။ သတ်ချင်တဲ့သူကလည်း အများကြီးဖြစ်နေတာ။ ကရင်ပြည်နယ်က DKBA တပ်တစ်တပ်လုံးက သတ်ချင်နေတယ်လို့ ဘုန်းကြီးတို့က သိထားတယ်။ ကိုနီကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည်ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။

မေး။ ။ တိုင်းပြည်ချောက်ကျအောင်ဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးလဲ ဘုရား။

ဖြေ။ ။  ယိုးဒယားကို ဒကာ အခုတလော မှာကြည့်လိုက်။ ယိုးဒယားမှာ ဒီမိုကရေစီဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေပေမယ့်  ကမ္ဘာမှာ ယိုးဒယားက အာဏာသိမ်းတာ အများဆုံးပဲ၊ သိမ်းပြီးရင်လည်း မူဝါဒက နဂိုအတိုင်းပဲ သွားနေတဲ့ အခါကျတော့ အမေရိကန်က နုတ်ပိတ်ပြီးတော့ ဒီအတိုင်း မနေနေဘူးလား။ ဗမာပြည်က အာဏာသိမ်းလိုက်တဲ့ အခါကျတော့ အမေရိကန်က သူ့မူဝါဒအတိုင်း မလိုက်ဘဲနဲ့ ဦးနေဝင်းတို့ ဆိုရှယ်လစ်ဘက်ကို လုပ်လိုက်တဲ့ အခါကျတော့ အမေရိကန်က ကလန်တယ်လေ။ အကယ်၍ ဦးနေဝင်းသာ အမေရိကန်နဲ့ တည့်အောင်ပေါင်းနေမယ် တည့်နေတယ်ဆိုရင် ဒါဟာ သူတို့မြှောက်စားနေမှာပဲ။ ပါကစ္စတန်မှာလည်း အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေကို သူ့မူဝါဒအတိုင်း လုပ်တဲ့ အခါကျတော့ လက်တွဲပြီးတော့ ဆောင်ရွက်နေတယ်။ သူ့မူဝါဒအတိုင်း လုပ်မယ်ဆိုရင် ဘယ်သူသိမ်းသိမ်း သူကြိုက်တယ်။ ကနေ့ ယိုးဒယားရဲ့ လွှတ်တော်မှာ မွတ်စလင်တွေရာနဲ့ ချီပြီးတော့ ရောက်သွားပြီ၊  ကြားဖူူးတယ်နော်။ အခု ယိုးဒယားက မက္ကာသွားတဲ့ ကုလားတွေကို အစိုးရရဲ့ခရီးစရိတ် ထုတ်ပေးရတဲ့အဖြစ် ရောက်သွားပြီ။ ပြီးတော့  ယိုးဒယားအခြေအနေမှာ ဓမ္မာကာယဂိုဏ်းဆိုတာ ဂိုဏ်းနှစ်ဂိုဏ်းထဲမှာ အဓိက ဂိုဏ်းကို အစိုးရက ဖြိုခွင်းနေတာရော ကြားလား။ ကြားတယ်မလား။ ဒီလိုစနေပြီပေါ့။ ဗမာပြည်မှာ အဲဒီ အန္တရာယ်ကို ကာကွယ်ဖို့ရန်အတွက် ရှေးကတည်းက ဦးနေဝင်းတို့ လက်ထက်ကတည်းက ဘာသာခြားတွေကို ရာထူးကြီးကြီး မပေးခဲ့ဘူး။ ဗိုလ်မှူးချုပ်အေဘယ် တစ်ယောက်ပဲ အရည်အချင်းရှိလို့ နဂိုကတည်းက ဒီရာထူးနဲ့ပဲနေတယ်။ ဒါပေမဲ့ အရေးပါတဲ့နေရာမှာ မထားဘဲနဲ့ နိုင်ငံခြားဘက်မှာပဲ ထားသွားတယ်။ နောက်ထပ်နောက်ထပ် ဘယ်သူမှ ဗိုလ်မှူးကြီး မဖြစ်လာရဘူး။  ကိုနီက ခြံစည်းရိုးဆိုတဲ့ ဥပဒေကို တစ်ချောင်းခြင်းတစ်ချောင်းခြင်း ဖယ်ရှားနေတယ်။ တဖြည်းဖြည်း သူ့လူတွေကို ဝင်လာနိုင်အောင်လုပ်နေတယ်။ ဒါကို ဉာဏ်မျက်စိနဲ့ မြင်အောင်ကြည့်တတ်ကြဖို့ လိုတယ်။ ဒို့ဧည့်စာရင်းစစ်တဲ့ဟာကို ပထမဆုံး ဖျက်ပစ်လိုက်တယ်။ ဧည့်စာရင်းတိုင်တဲ့နေရာမှာ ဟိုးလွန်ခဲ့တဲ့ အနှစ်၂ဝ၊ ၂၅လောက်တုန်းက ၁ကျပ်လား ပေးရတယ်၊ တို့ရွာမှာ။ နောက်ပိုင်း ဘယ်လောက်ပေးရလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူတွေက ပေးရရင် မကြိုက်ဘူးလေ။ လူတွေက ဧည့်စာရင်းကိစ္စ ရှုပ်တယ်ဆိုပြီးတော့၊  ဒီအကွက်ကို သူတို့က လူထုမကြိုက်ဘူးဆိုပြီး လုပ်လိုက်တာ။ အကြောင်းပြတာ။ ဒါဖျက်လိုက်တာနဲ့ တစ်ခါတည်း  ဒီခြံစည်းရိုးတစ်ချောင်း ကျိုးတာနဲ့ တစ်ခါတည်း သူ့မွတ်စလင်ကုလားတွေ တန်းစီပြီးတော့ ဝင်လာတာ မတွေ့ဘူးလား။ ဒါက တိုင်းပြည် အလားအလာအတွက် ဒီအတိုင်းသွားရင် မကောင်းဘူးဆိုတာမြင်တယ်။ ဒီလောက်နဲ့တော့ မဖြစ်သေးဘူး။ တဖြည်းဖြည်း၊ တဖြည်းဖြည်းချင်း လာမယ်။ အဲဒါတိုင်းပြည် ချောက်ကျမယ့် သဘောပဲ။

မေး။    ။ အခြေခံဥပဒေက ပြင်ဆင်ဖို့ မလိုဘူးလို့ ယူဆပါသလား။

ဖြေ။     ။ လောလောဆယ်ဆယ် ပြင်ဆင်ဖို့မလိုသေးဘူး။ ပြင်ဆင်ဖို့ဆိုတာလည်း မရသေးဘူး။ မရသေးတဲ့အတွက်ကြောင့် ပြင်မယ်လို့ ပြောနေတာကလည်း အမုန်းပွားတာပဲ အဖတ်တင်မယ်၊ ငါလည်း စိတ်ပူပြီးတော့ ပြောဖူးတယ်။ ဗိုလ်ချုပ်ကြီးတစ်ယောက်ပြောတယ်၊ ဆရာတော် ဘာမှမပူပါနဲ့၊  တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်လို့ စာကြောင်းပါတယ်။ တလောက ဆောင်းပါးမှာ ဖတ်လိုက်ရတာက အခြေခံဥပဒေထိန်းသိမ်းဖို့ရန် တပ်မတော်သည် အဓိက တာဝန်ရှိသည်။ ဒီလိုစာသားနဲ့ ရေးထားတာရှိတယ်။ ဟို ဗိုလ်ချုပ်ပြောတာကတော့ ဗမာလိုပြောချလိုက်တာပဲလေ။ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်။ ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး။ ပြင်ချင်ရင် တပ်မတော်နဲ့ သင့်လျော်အောင်ပေါင်း၊ညှိ။ ဟုတ်ပြီလား။ အဲဒီလိုကာကွယ်ရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ ဟိုကောင်တွေက ဥပဒေဆိုတဲ့ ခြံစည်းရိုးကို တစ်ချောင်းခြင်း၊  တစ်ချောင်းခြင်း ၊ဖြည်းဖြည်း မသိမသာဖြုတ်။ သူတို့က ဘာမှ နားမလည်တဲ့ လူထုကို ဘာမဟုတ်တာလေးတစ်ခုပေး၊  ဘာမဟုတ်တဲ့ တစ်ကျပ်၊ ငါးမူးသက်သာတာကို။ တကယ် သူ့လူသူသွင်းချင်တာကိုကတော့ မြှုပ်ထားတယ်။ ဒီ့အပြင် အရေးကြီးတဲ့ဟာတွေ ရှိသေးတယ်။ အဲဒါ၊  တိုင်းပြည် ချောက်ကျသွားမှာပဲ။ ချောက်တော့ အကျမခံဘူး။ ပြောလို့မရရင်တော့ တို့ မျိုးချစ်လူတွေက၊  ဘုန်းကြီးတွေကရော လက်ခံနိုင်မှာ မဟုတ်ဘူး။ လက်မခံနိုင်ရင် တိုင်းပြည်ပွက်မယ်။ တိုင်းပြည်ပွက်လို့ အစိုးရက ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ရင် တပ်က အာဏာသိမ်းမယ်၊  ဒီလမ်းစဉ်ပဲရှိတာ။ အဲဒီလိုဆိုရင် တို့ဒီမိုကရေစီ ဘာဖြစ်သွားမလဲ။ ငါတို့က အဲဒီ ဒီမိုကရေစီကို ပေးမပျက်စေချင်လို့။ ဒီကိုနီ မွှေနေပုံက တစ်နေ့တော့ ဒုက္ခတော့ ပေးတော့မှာပဲ လို့၊  ဒီလိုတော့ သိတယ်လေ။ အခုသည်ပင်လျှင် တပ်မတော်က ငါတို့ အတွင်းကျကျ သိထားတဲ့ အသိတစ်ခုက၊ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်း မှန်မယ်၊  ဒီမိုကရေစီနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ဘယ်လောက် တိုင်းပြည်ကို တိုးတက်အောင် သူလုပ်နိုင်သလဲ။ သူ့လုပ်ဆောင်ချက်က တိုင်းပြည်အတွက် ဘယ်လောက်တောင် အန္တရာယ်များ သွားသလဲ။ ဒါကို တပ်မတော်က စောင့်ကြည့်နေတယ်၊ လူထုက သူ့ကို တအား ယုံကြည်နေတာကို။ ကနေ့အထိတော့ တိုင်းပြည် ကသောင်းကနင်း ဖြစ်လောက်အောင် မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အတွက်ကြောင့် ဒီအတိုင်ပင်ခံ ဆိုင်ရာ၊  ဒီကိုနီတို့လုပ်လိုက်တဲ့ အခါကျတော့၊ အခြေခံဥပဒေနဲ့ မညီတဲ့ အခါကျတော့၊ တပ်မတော်က တောက်တစ်ချက် ခတ်သွားတယ်၊ သည်းခံလိုက်တယ်၊ မလုပ်သေးဘူး၊ စောင့်ကြည့်နေတယ်။ ဒီလိုဟာ များနေရင် ပါးစပ်က တောက်ခတ်ရုံတင်မကတော့ဘဲ လက်ပါလာမယ်။ ဒါတွေကို သတိပြုမိကြရဲ့လားဆိုတာတော့ မပြောနိုင်ဘူးလေ။ ငါတို့ကတော့ စိတ်ပူနေတယ်။

 

မေး။  ။  ဒီလုပ်ကြံမှုမှာ အငြိမ်းစားယူသွားတဲ့ တပ်မတော် အရာရှိကြီးဟောင်းတွေ ပါဝင်နေတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီလို ယူဆချက်တွေကိုရော ဘယ်လိုထင်ပါသလဲ။

 

ဖြေ။   ။ ဒါကကွာ လယ်ပြင်မှာ ဆင်သွားသလိုပဲ ထင်ရှားနေတာပဲ။ ဉာဏ်မျက်စိနဲ့ ကြည့်ရင်မြင်တယ်လေ။ ဒီမိုကရေစီကို မင်းတို့၊ ငါတို့ ပြည်သူတွေက အော်ဟစ် တိုက်ခိုက်လို့ ရလာတာမှ မဟုတ်တာ။ ဟိုတုန်းက ငါတို့ အော်ဟစ် တိုက်ခိုက်လို့ သေတာပဲ အဖတ်တင်ခဲ့တယ်လေ။ ရရဲ့လား၊  မရဘူးနော်။ နောက်ဆုံး အခြေခံ ၇ချက်ဆိုပြီး ယိုးဒယားကပြောလို့ ဦးခင်ညွန့်တို့က ဘာမြေပုံဆိုလဲ အဲဒါတွေနဲ့ အခြေခံတွေဆွဲပြီး ငြိမ်ဝပ်ပိပြားရေး လက်ထက်မှာလေ၊ဆွဲပြီးလို့ အားလုံးလမ်းခင်းပြီးတဲ့ အခါကျမှ ဒီမိုကရေစီ ပါတီစုံရွေးကောက်ပွဲကို ချပေးခဲ့တယ်လေ။ ချပေးလိုက်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့က ပထမအသုတ်မှာ ဝင်မပြိုင်ဘူးလေ။ အဲဒါ ဘယ်သူက မပြိုင်ခိုင်းလို့ မဝင်သလဲဆိုတာ ဒကာသိလား။ ကိုနီပါရင် လှေမှောက်တယ်ဆိုတဲ့ ဂျာနယ်တစ်စောင်ရေးတဲ့ ဆောင်းပါး၊ ဒကာဖတ်လိုက်ပါ၊  အဲဒီမှာ ၆ ချက်တွေ့လိမ့်မယ်၊ နောက်ဆုံးတစ်ချက် ငါပြောမယ်၊ အဲဒီမှာ ကိုနီက အကြံဉာဏ်ပေးတယ်၊ ရွေးကောက်ပွဲနိုင်ရင်လည်း ဒေါ်စု သမ္မတမဖြစ်ဘူး၊ အခြေခံဥပဒေမပြင်တဲ့ အတွက်ကြောင့်။ နိုင်တော့နိုင်မယ်၊ သမ္မတလုပ်လို့မရဘူး။ အခြေခံဥပဒေကို အစကနေပြန်ရေးမယ် ဆိုတဲ့အသံရော မကြားဘူးလား။ အဲ့ဒီမှာ ဒေါ်စုကိုသူက ပြောတဲ့အခါမှာ ဒေါ်စုက သူ့အပေါ်မှာ သံသယဖြစ်တယ်လို့ တို့ကြားတယ်။ သူကမလုပ်နဲ့၊  လုပ်ရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့မယ်လို့ ပြောတယ်ဆိုလားပဲ။ ဦးကိုနီကိုလည်း နိုင်ငံခြား OIC ကနေ ငွေကြေးတွေထောက်ပံ့ပေးပြီး မင်းဒါတွေ မလုပ်သေးဘူးလားလို့ ဖိအားတွေပေးနေတယ်။ သူလုပ်ပြန်တော့လည်း ဒေါ်စုတို့က လက်မခံပြန်ဘူး။ မလုပ်သေးဘူး။ ဆိုင်းထားတယ်ပေါ့။ သူ့ကိုတစ်ဖက်ကလည်း ငွေအားနဲ့ ဖိအားပေး အကျပ်ကိုင်နေတော့ သူလုပ်ထားတဲ့အလုပ်ကို စာအုပ်ရိုက်ပြီး ဝေလိုက်တယ်လေ။ အဲဒီမှာဒေါ်အောင်ဆန်းစုကြည် ဒေါပွတယ်ဆိုတာ ကြားတယ်။ ဒေါ်စုကသူနဲ့ ၃ လလောက် တန်းသွားပြီး အတွေ့မခံဘူးလို့လည်း ကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးနော်၊ကြားတာ။ အဲ့ဒီရဲ့အရှိန်နဲ့ အခုလို အသတ်ခံရတယ်ဆိုတော့ ဘယ်လိုတွေ၊  ဘယ်ဝါတွေတော့မပြောနိုင်ဘူးပေါ့။ သတ်တာမှာ လူတယောက်သတ်တာ ဘယ်နေရာသတ်သတ် ရတာပဲ။ ဒီလောက်လက်နက်တွေ ပေါနေတာ။ လူကောင်မပေါ်ဘဲနဲ့ကို သတ်လို့ရတာပဲ။ မင်္ဂလာဆောင်မှာလည်း သတ်လို့ရတာပဲ။ အားလုံးရရဲ့သားနဲ့ လူမြင်ကွင်းဖြစ်တဲ့ ကမ္ဘာသိဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ ဗြောင်ကြီးလုပ်ပစ်လိုက်တာက တိုင်းပြည်က ဘယ်လိုဖြစ်နေလဲ ဆိုတာကို ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ နားထောင်လိုက်ရင် သိနိုင်တယ်။

 

မေး။ ။ ဒါဟာ ပြည်သူ ထိတ်လန့်စေအောင် ချိန်းချောက်လိုက်တဲ့ သဘောပဲလို့ ဘုန်းဘုန်းတို့ ယူဆတယ်ပေါ့။

 

ဖြေ။ ။ အဲ့ဒီလောက်မဟုတ်ဘူး။ ပြည်သူလူထုနဲ့ ဘာမှမဆိုင်ဘူး။ မြန်မာပြည်ကြီးက ရန်ကုန်မှာ၊  အစောင့်ရှောက်တွေထူထပ်တဲ့ မင်္ဂလာဒုံမှာ မလုံခြုံတော့ဘူးဆိုတာကို ကမ္ဘာကို လက်တွေ့ပြလိုက်တဲ့သဘောပါ။ ကမ္ဘာက သိသွားတယ်လေ။ သေတာနဲ့ နာရီဝက်လောက်ပဲမှာ နိုင်ငံခြားတစ်ခုက ချက်ချင်းကြေညာတယ်။ သူ့ကိုကြိုးကိုင်နေတဲ့အဖွဲ့က အရင်ဆုံးကြေညာတာ။ အင်္ဂလိပ်လို နာမည် မမှတ်မိဘူး။ အပြင်လောကမှာ အဲ့ဒီအဖွဲ့ကပဲ သတ်ခိုင်းသလိုလို တောင်ကြားလိုက်တယ်။ သူတို့ ခိုင်းတဲ့အတိုင်း မဖြစ်လာလို့၊ သူက အဲ့ဒီကငွေတွေ အများကြီးယူထားတယ်။

မေး။ ။ လုပ်ကြံတာ သူ့နောက်ကွယ်က အဖွဲ့အစည်းလို့ပဲ ယူဆတယ်ပေါ့။

ဖြေ။ ။ ဘယ်သူမှန်းတော့ မသိဘူးလေ။ တို့အပြင်မှာကြားနေတာက ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ပါနေတဲ့ အဖွဲ့အစည်းထဲက တချို့ကတောင် လုပ်တယ်လို့တောင်ကြားတာ။

မေး။ ။ ဒါဆိုလို့ရှိရင် စစ်အရာရှိဟောင်းတွေပါတဲ့ အဖွဲ့အစည်းက လုပ်တယ်လို့ ဘုန်းဘုန်းတို့ မယူဆဘူးပေါ့။

ဖြေ။ ။ အဲ့ဒီဟာက နည်းနည်းတော့ပါးတယ်။ သူတို့အဖွဲ့ထဲမှာကို သူချယ်လှယ်နေတာကိုမကြိုက်တဲ့သူ အများကြီးရှိတယ်။ တိုင်းပြည်တစ်ခုလုံးကို တစ်ဦးတည်း ကြိုးကိုင်ပြီး မွှေနေတယ်ဆိုတော့။ သူတို့ထဲမှာလည်း တိုင်းပြည်ကို တကယ်ချောက်ကျသွားမှာ ကြောက်တဲ့သူ အများကြီးရှိတယ်လေ။ ဗြောင် မပြောရဲတဲ့သူတွေလေ၊ ဗြောင်ပြောရင် ဘေးရောက်သွားမယ်လေ။ ဒီလိုတွေရော မရှိနိုင်ဘူးလား၊ အများကြီးပဲ။ သိမ်မွေ့တယ်လေ။ အဲ့ဒီလိုတွေ အများကြီး အန္တရာယ်ဖြစ်လာနိုင်ရင်တော့ ဒီလိုရှင်းပြစ်မယ်ဆိုတာတွေ လာလိမ့်ဦးမယ်။ နောက်ထပ် ဘယ်သူတွေ ဘာထပ်ဖြစ်မလဲဆိုတာတော့ မပြောနိုင်ဘူး။

မေး။ ။ ဒါဆို နောက်ထပ် ဒီလိုတွေထပ်ဖြစ်နိုင်သေးတယ်လို့ ယူဆပါသလား

ဖြေ။ ။ ဘယ်သူတွေ ဘယ်လိုထပ်ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လုံခြုံရေးတင်းတင်းကျပ်ကျပ် နေထိုင်သွားလာဖို့၊  ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း ဒီတိုင်းပဲပေါ့လေ။ တို့က ဘယ်သူ့ကိုမှ၊  အရေးကြီးတဲ့သူတွေကို ဘာမှ ထပ်မဖြစ်စေချင်ဘူး။

မေး။ ။  နောက်ထပ်ဖြစ်လာနိုင်ချေရှိတယ်ဆိုတော့ NLD ရဲ့ ဥပဒေအကြံပေးတွေ၊  လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း အစ္စလမ်ဘာသာဝင် မရှိဘူး။ ပါတီရဲ့ ဗဟိုကော်မတီဝင်တွေမှာလည်း မပါဘူး။ အဲ့ဒီတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပါတီထဲက ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယူဆသလား။

ဖြေ။ ။ အခြေခံဥပဒေကို အဲ့ဒီလို့ပဲ လုပ်လာပြီးတော့ ကိုးရိုးကားယားပေါ့… ဥပမာ ဦးကိုနီလိုပဲ မွှေလာမယ့်သူရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ။ တိုင်းပြည် ထိတ်လန့်ရင် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊  ဘာပဲဖြစ်ဖြစ် ရှင်းကြမှာပဲ။ တိုင်းပြည်ဒုက္ခရောက်သွားမယ်ဆိုရင်။

မေး။ ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတာ သိမ်မွေ့တယ်။ ဒါပေမယ့် တစ်ချိန်မှာ သူကိုယ်တိုင်ထုတ်ပြောမယ်၊ ပါတီဗဟိုအလုပ်အမှုဆောင်တွေကလည်း အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြောမယ်ဆိုရင် သူတို့လည်း အန္တရာယ်ရှိနိုင်တယ်ပေါ့။

ဖြေ။ ။ ကိုးရိုးကားယားဖြစ်မယ့်အနေအထားဆိုရင်တော့ အန္တရာယ်ရှိနိုင်တာ ချည်းပဲလေ။ အားလုံး အန္တရာယ်ရှိနိုင်တာပေါ့။ တို့လည်း အန္တရာယ်ရှိတာပဲ။ သွားရင်အစောင့်အရှောက်နဲ့ သွားနေရတာပဲ။ ကုလားရဲ့ အန္တရာယ်ပေါ့။ အန္တရာယ်ကြီးတာနဲ့ ငယ်တာပဲကွာတာ။ အဲဒါကြောင့် ငါတို့က ဘယ်သူ့ကိုမှ ဘာမှ မပေးဖြစ်စေချင်တာအမှန်ပဲ။ တို့အဖွဲ့အစည်းက ဘယ်လုပ်ကြံမှုကိုမှ အားမပေးဘူးလေ။ အားလုံး အေးအေးဆေးဆေးဖြစ်စေချင်တယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင်ပေါ့။ အခုက ပန်းတိုင်မရောက်သေးဘဲ အစမှာပဲ ချာလပတ်လည်နေတယ်။ တို့ကတော့ တကယ် တိုင်းပြည်ကောင်းစေချင်တာ။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ငါတို့ညီလာခံမှာပြောခဲ့တာပဲ၊ တွဲပြီးတော့ တကယ်အုပ်ချုပ်။ ကျွမ်းကျင်တဲ့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တကယ်တော်တဲ့သူနဲ့ ၃ ပုံ ၁ ပုံ၊  ဒါမှမဟုတ် ၃ ပုံ ၂ ပုံ ပါဝင်ပြီးတွဲအုပ်ချုပ်သွားရင်၊  တဖြည်းဖြည်းနဲ့ ဟိုပုဂ္ဂိုလ်တွေကို ဘေးဖယ်ဖယ်သွားရင် ကိုယ်လည်းအုပ်ချုပ်ရေးတတ်သွားမယ်။ အခုက အုပ်ချုပ်ရေး မတက်တဲ့သူက အစိုးရဖြစ်နေတယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly