အမေရိကန်ကာကွယ်ရေး အသုံးစရိတ်ကို သမိုင်းတွင်လောက်အောင် တိုးမြှင့်မည်ဟု ထရမ့်ကတိပေး

အမေရိကန်ကာကွယ်ရေး အသုံးစရိတ်ကို သမိုင်းတွင်လောက်အောင် တိုးမြှင့်မည်ဟု ထရမ့်ကတိပေး

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၂၈ ။                        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာကွယ်ရေးအသုံးစရိတ်ကို များများစားစားတိုးမြှင့်သုံးစွဲပြီး နိုင်ငံခြားအကူအညီတွေကို လျှော့ချမယ့် ဘတ်ဂျတ်အသုံးစရိတ်အတွက် စီစဉ်နေပါတယ်။

အမေရိကန်ပထမဘတ်ဂျတ်ဆိုတဲ့ အခုအစီအစဉ်မှာ စစ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံအထိ တိုးမြှင့်ပြီး စစ်ရေးစီမံကိန်းများမဟုတ်တဲ့ ကဏ္ဍတွေမှာ လျှော့ချသွားဖို့ ဒေါ်နယ်ထရမ့်က စီစဉ်ခြင်းဖြစ်တယ်လို့ အိမ်ဖြူတော်ဘတ်ဂျတ်ရေးရာ ညွှန်ကြားရေးမှူးက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ သမ္မတထရမ့်က ၎င်းအနေနဲ့ စစ်အသုံးစရိတ်မှာ ဆယ်ရာခိုင်နှုန်းနီးပါးအထိ တိုးမြှင့်သုံးစွဲပြီး နိုင်ငံခြားအကူအညီတွေကို ကြီးကြီးမားမား လျှော့ချသွားဖို့ ကွန်ဂရက်ကို တိုက်တွန်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲကတိကဝတ်ကို ဖြည့်ဆည်းမှုအနေနဲ့ ဒေါ်နယ်ထရမ့်က အများပြည်သူဘေးကင်းရေးနဲ့ အမျိုးသားလုံခြုံရေးအပေါ် အဓိကဦးတည်ပြီး ဘဏ္ဍာရေးစီမံချက်ကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ကတိပြုပါတယ်။

“စစ်ရေးဘတ်ဂျတ်ကို ဒေါ်လာ ၅၄ ဘီလီယံအထိ တိုးမြှင့်ပြီး နိုင်ငံခြားအကူအညီတွေကို များများစားစားလျှော့ချသွားမှာဖြစ်တယ်။”လို့ အိမ်ဖြူတော်ဘတ်ဂျတ်ရေးရာ ညွှန်ကြားရေးမှူးက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ဘတ်ဂျတ်အဆိုပြုချက်ကို ကွန်ဂရက်လွှတ်တော်တင်ကာ အတည်ပြုချက် ရယူရဦးမှာဖြစ်ပါတယ်။ ကမ္ဘာမှာ စစ်ရေးအသုံးစရိတ် အမြင့်မားဆုံးအဖြစ် ရှိနေတဲ့ အမေရိကန်နိုင်ငံမှာ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် စစ်အသုံးစရိတ်ကို ပိုမိုတိုးမြှင့်ဖို့ စီစဉ်လာခြင်းလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly