ဂျာမနီမြေက Ambiente ကုန်စည်စျေးကွက်ပြပွဲတွင် မြန်မာ Bella Interiors ပါဝင်ပြသခဲ့

ဂျာမနီမြေက Ambiente ကုန်စည်စျေးကွက်ပြပွဲတွင် မြန်မာ Bella Interiors ပါဝင်ပြသခဲ့

တီထွင်ဆန်းသစ်မှုနဲ့ ဉာဏ်ကွန့်မြူးမှုတွေ ထုံမွှမ်းထားပြီး တစ်ကမ္ဘာလုံးက ဝယ်လက်တွေနဲ့ ဝယ်ယူသူတွေ ဆုံဆည်းခဲ့ကြတဲ့ Ambiente (အန်ဘီရန်းတေး) ကုန်စည်ဈေးကွက် ပြပွဲကို အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ၁၄ ရက်အထိ ဂျာမနီနိုင်ငံ၊ ဖရန်းဖတ်မြို့ မှာကျင်းပခဲ့ပါတယ်။

နှစ်စဉ် ဖေဖော်ဝါရီလရောက်တိုင်း Ambienteကုန်စည် ဈေးကွက် ပြပွဲကို လူနေထိုင်မှုအိမ်ခန်းသုံးပစ္စည်း၊ ထမင်းစားခန်းသုံးပစ္စည်းနဲ့ လက်ဆောင်ပစ္စည်းဆိုပြီး ကဏ္ဍ ၃ ခုအောက်မှာ နှစ်စဉ် ကျင်းပတာဖြစ်ပြီးသူက ကမ္ဘာ့အကြီးဆုံး ပြပွဲကြီး တစ်ခုလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံက Bella Interiors (ဘယ်လာအင်တီးရီးယား) အမည်ရှိ ကြိမ်ထည်လက်မှု ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကတော့ အခုနှစ်မှာ ဒုတိယ အကြိမ်ပါဝင်ပြသခဲ့ပါတယ်။ အဲဒိတော့ Bella က Ambiente (အန်ဘီရန်းတေး) မှာ ဘာကြောင့်ပြသဖြစ်တာလဲ? စီးပွားရေးအရဘာတွေ ဖြစ်နိုင်မလဲဆိုတာကိုကိုအောင်သူရက ဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်။

Ambiente ကုန်စည်ဈေးကွက်ပြပွဲဆိုတာ ကမ္ဘာလုံးက ဆန်းသစ်တီထွင်သူတွေ၊ ဈေးကွက်ရှာဖွေသူတွေနဲ့ ကုန်သည်တွေကအထူးတလည် စိတ်ဝင်စားတတ်ကြပါတယ်။

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလရောက်တဲ့အခါ ဂျာမနီနိုင်ငံ၊ ဖရန်းဖတ်မြို့မှာMesse Frankfurt ကုမ္ပဏီကနေ ကြီးမှူးကျင်းပတဲ့ ဒီAmbiente ပြပွဲကတော့ အကြီးဆုံး ကမ္ဘာ့ဈေးကွက်ဆုံချက်တစ်ခုအဖြစ် အသက်ဝင်လျက်ရှိနေပြီးတော့ ဒီနှစ်မှာဆိုရင်လည်းကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်က  ပြသသူ၄၅၀၀ ကျော် နဲ့ နိုင်ငံပေါင်း ၁၅၀ က လေ့လာသူဈေးကွက်ရှာဖွေ သူပေါင်း ၁၃၀၀၀၀ ကျော် ပါဝင် ဆင်နွဲခဲ့ကြပါတယ်။

"Ambienteပွဲကို ကျွန်တော်တို့ နှစ်တိုင်းလာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ကိုတောင် ရောက်လာပြီဗျ။ ဒီနေရာကဈေးကွက်တစ်ခုဖြစ်တယ်။ ဒီမှာလူမျိုးစုံကိုတွေ့ဆုံနိုင်ပြီးခင်ဗျားတို့ရဲ့ စိတ်ကူးအယူအဆတွေကိုဖလှယ်လို့ရတယ်ဗျ။" ဟု ဂျာမနီနိုင်ငံသားလုပ်ငန်းရှင် တစ်ဦး Ambiente 2017 က ပြောပါတယ်။

မြန်မာနိုင်ငံက ကြိမ်အချောထည်ပစ္စည်းထုတ်လုပ်သူ မဆွေဇင်ဟာလည်း ဒီနှစ်နဲ့ ဆိုရင် ဂျာမနီကို လာခဲ့တာ နှစ်ကြိမ်ရှိပါပြီ။  ၂၀၁၆ ခုနှစ် ဖေဖေဝါရီလတုန်းက သူမအနေနဲ့ Ambiente ပြပွဲမှာ မြန်မာနိုင်ငံကကုမ္ပဏီတစ်ခုအနေနဲ့ ပထမဆုံး ပါဝင်ခဲ့ပြီးပွဲဦးထွက်ရလာဒ်ကဥရောပဈေးကွက် အတွက် ယုံကြည်မှုရရှိခဲ့တယ်လို့ ပြောပြလာပါတယ်။

"အခြားပြပွဲတွေ၊ အခြားနိုင်ငံတွေမှာလည်း ပြခဲ့တယ်၊ ဒါပေမယ့် ဥရောပAmbiente ပြပွဲမှာပြခဲ့တဲ့ အချိန်မှာတော့ branding အနေနဲ့ Bella Interiore-BI ဆိုပြီး Bella ဆိုရင် ချက်ချင်းပေါ့နော် ဥရောပနိုင်ငံတွေကနေသိလာတဲ့ အနေအထားမျိုးပေါ့။ ညီမတို့ကိုဘယ်ပြပွဲတွေမှာ ပြဖူးလဲ..Ambienteမှာ ပြဖူးတယ်ဆိုရင် ဥရောပကအလားအလာရှိတဲ့ Customer တွေကဘယ်နေရာသွားသွား ယုံကြည်မှုပိုပြီးရှိလာတယ်၊ ဒီလိုမျိုး ပြပွဲကြီးမှာ ပြနိုင်တဲ့ Capacity ကုမ္ပဏီတစ်ခုအနေနဲ့ သူတို့ လက်ခံကြတယ်။ အဲလို Image ကတော့ ပိုကောင်းလာပါတယ်။" လို့ Bella Interiors -BI ရဲ့ Business Development Director မဆွေဇင်က ပြောပါတယ်။

Ambienteပြပွဲကကုန်ပစ္စည်းတွေကို နေ့ချင်းတစ်ခုစ နှစ်ခုစရောင်းချရတာ မဟုတ်ဘဲ နိုင်ငံတိုင်းရဲ့ ပို့ကုန်ကဏ္ဍတိုးတက်ဖို့၊ အမြောက်အမြားရောင်းချလို့ရအောင် ထုတ်လုပ်သူနဲ့ ဝယ်ယူသူတွေကြားမှာ   ဈေးကွက် ချိတ်ဆက်လို့ရအောင် ရည်ရွယ် တာဖြစ်ပါတယ်။ ဒီပြပွဲမှာလူနေထိုင်မှုအိမ်ခန်းသုံးပစ္စည်း၊ ထမင်းစားခန်းသုံးပစ္စည်းနဲ့ လက်ဆောင်ပစ္စည်းဆိုပြီး ကဏ္ဍ ၃ အနေနဲ့ ပြသပြီး မြန်မာက Bella Interiors အနေနဲ့ လူနေထိုင်မှုအိမ်ခန်းသုံးပစ္စည်းကဏ္ဍကနေ ပါဝင်ပြသခဲ့တာဖြစ်ပါတယ်။

မြန်မာအနေနဲ့ Bella Interiors ကုမ္ပဏီတစ်ခုသာAmbienteမှာ ပြသနိုင်သေးတာဖြစ်ပြီးကမ္ဘာ့ဈေးကွက်အကြိုက်ဖြစ်ဖို့ဆိုတာကလည်းကိုယ်ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေဟာဆန်းသစ်တီထွင်မှုနဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုတွေကို ခြယ်သထားနိုင်ရမှာဖြစ်ပါတယ်။ အဲဒိအတွက် Bella Interiors ကုမ္ပဏီအနေနဲ့ ဘာတွေ စိန်ခေါ်မှု ရှိခဲ့ပါသလဲ?

"Production တွေမှာCreation,Innovationနဲ့ Design ပိုင်းတွေက အရမ်းအရေးကြီးတယ်။ ဒီဇိုင်းပိုင်းတောင်မှ Classic နဲ့သွားမယ်ဆိုရင် သူ့ရဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ပိုပြီး အရည်အသွေးမြှင့်တင်ဖို့ မြန်အောင်လုပ်ဖို့ မြန်မာပြည်မှာပိုပြီးလေ့လာဖို့ လိုသေးတယ်။ ဆက်လက်လုပ်ကိုင်ဖို့ကျတော့ ကျွန်မတို့ ကြိုးစားနေဆဲပါ။" လို့ မဆွေဇင်က ပြောပြပါတယ်။

Messe Frankfurt Exhibition GmbH ရဲ့ အကြီးတန်းဒုတိယဥက္ကဌ စတီဖန် ကာဇောစကီးကတော့ "ဒီကဏ္ဍ ၃ ခုအတွက် ကျွန်တော်တို့ရဲ့ အရောင်းမိတ်ဘက် ကိုယ်စားလှယ်တွေနဲ့ အတူတူအလုပ်လုပ်ရပါတယ်။ သူတို့က Ambienteပွဲနဲ့ အံဝင်ခွင်ကျနိုင်မယ့် လုပ်ငန်းရှင်တွေကိုရွေးချယ်ရပါတယ်။ ဒီမှာ ပြသရမယ့်သူတွေ သိထားရမှာကအရည်အသွေးနဲ့ ဒီဇိုင်းပိုင်းကိုသိရှိနားလည်ထားရမှာဖြစ်ပြီးတော့ အဲဒိပစ္စည်းတွေက ပြည်ပကိုတင်ပို့နိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ ဒီဖရန်းဖတ်မြို့မှာခင်ဗျားတို့အနေနဲ့ ဂျာမနီနဲ့တင်မကဘဲတစ်ကမ္ဘာလုံးနဲ့ စီးပွားရေးလုပ်လို့ရပါလိမ့်မယ်။ အဲဒိတော့ ခင်ဗျားတို့ ပို့ကုန်ကဏ္ဍအတွက် အဆင်သင့်ဖြစ်နေဖို့လိုတယ်။ ဝယ်လက်တွေ ဒီမှာ ဈေးလာဝယ်တဲ့အခါ အရေအတွက် ငါးထောင်လောက်တောင်းမယ်၊ ခင်ဗျားမှာ ၅ ခုပဲရှိရင်တော့ မကောင်းဘူးပေါ့ဗျာ။" လို့ ပြောပြပါတယ်။

ငါးရက်ကြာကျင်းပခဲ့တဲ့ ကမ္ဘာ့ဈေးကွက်ပြပွဲ Ambienteကတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Ambienteပွဲမှာချိတ်ဆက်နိုင်ဖို့ စိတ်ဝင်စားမှုရှိတဲ့ ကုမ္ပဏီတွေ ရှိပေမယ့်  ပြည်ပဈေးကွက်အတွက် သေချာအောင် ပြင်ဆင်သွားရဖို့လည်းလိုအပ်နေပါတယ်။ Ambienteရဲ့ ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ MesseFranfurtရဲ့ ပြောစကားအရအနာဂတ်မှာ မြန်မာကုမ္ပဏီ ၈ ခုလောက် ပါဝင်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီနှစ်မှာတော့ အာဆီယံနိုင်ငံတွေအနေနဲ့ အင်ဒိုနီးရှားကပြခန်းပေါင်း ၆၇ ခု၊ ဗီယက်နမ်က ၆၁ ခုနဲ့ ထိုင်းနိုင်ငံက၄၇ ခု ပါဝင်ပြသခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly