မြန်မာ့ငြိမ်းချမ်းရေးအပေါ် UNFC ခေါင်းဆောင်များနှင့် တရုတ်အစိုးရ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး

မြန်မာ့ငြိမ်းချမ်းရေးအပေါ် UNFC ခေါင်းဆောင်များနှင့် တရုတ်အစိုးရ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး

ချင်းမိုင်၊ဖေဖော်ဝါရီလ ၂၇ ။          ။ မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များနှင့် တရုတ်အစိုးရ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စုန်ကောရှမ်းတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

နှစ်ဖက် တွေ့ဆုံမှုတွင် လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေး ဖလှယ်ကြပြီး တရုတ်အစိုးရ၏ မြန်မာ့ငြိမ်းချမ်းရေးအပေါ် သဘောထား မူဝါဒများကို ရှင်းလင်းတင်ပြခဲ့သည်ဟု UNFC ၏ တွဲဘက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။

“သူတို့ဘက်က အိမ်နီးနိုင်ငံလည်းဖြစ်တယ်။ နယ်စပ်ခြင်းလည်း ထိစပ်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ အဓိက ဒီတိုင်းပြည်မှာ မငြိမ်းချမ်းဖြစ်နေတာကို သူတို့ မလိုလားဘူးပေါ့နော်။ နောက်ပြီးတော့ ဖြစ်နေတဲ့ ပဋိပက္ခလည်းပဲ လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ ဖြေရှင်းတာတော့ အဖြေ မဟုတ်ဘူးပေါ့။ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုတဲ့ သူတို့သဘောထားရှိတယ်။ ကျွန်တော်တို့လည်းပဲ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာလိုတဲ့သဘောထား ရှိတယ် ဆိုတဲ့ အကြောင်းကို ပြောပြတယ်။ အဓိကတော့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းချမ်းချမ်းနဲ့ နည်းနာကို သုံးဖို့ လိုတယ်။ ဒီအပေါ်မှာ အတတ်နိုင်ဆုံး ပြောပြပေးဖို့ ကျွန်တော်တို့ဘက်ကလည်း လိုလားတဲ့အကြောင်းကို သူ့ကိုလည်း ကျွန်တော်တို့တင်ပြလိုက်ပါတယ်”ဟု သူက ပြောသည်။

တရုတ်အစိုးရက လက်ရှိ မြောက်ပိုင်း မဟာမိတ်အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးတွင် ပါဝင်ကူညီပေးနေသလို၊ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖြေရှင်းနိုင်ငံအတွက် အားပေးကူညီလျက်ရှိပြီး ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် တရုတ်အစိုးရက လိုလားပြီး ကုလသမဂ္ဂ ကိုလည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်နေစေလိုသည်ဟု UNFC က တောင်းဆိုခဲ့သည်ဟု သိရသည်။

“အဓိကတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြေရှင်းဖို့ လိုလားတယ်။ အဲဒီအပေါ်မှာ သူတို့ဘက်ကနေ ကြားဝင်ပြီးတော့မှ ညှှိုနှိုင်းပေးဖို့ လိုအပ်ရင်လည်း ပေးလို့ရတယ်ပေါ့နော်။ အပစ်အခတ် ရပ်သဘောတူညီချက်၊ အပစ်အခတ် ဖိတ်ခေါ်ချက်အပေါ်မှာ သူ့အနေနဲ့ ဆောင်ရွက်ပေးလို့ရတယ် ဆိုတဲ့သဘောထားတော့ ရှိပါတယ်”ဟု ဦးထွန်းဇော်က ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ဆွေးနွေးညှိနှိုင်းမှုများတွင် တရုတ်အစိုးရကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့က လေ့လာသူအနေဖြင့် ပါဝင်ခဲ့သဖြင့် ယခုလည်း ဆက်လက်ပါဝင်လိုသည့် အနေအထားရှိပြီး UNFC ဘက်မှလည်း ဆက်လက်ပါဝင်ရန် လိုလားကြောင်း ဦးထွန်းဇော်က ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးကိုယ်စားလှယ်တို့ လေ့လာသူအနေဖြင့် တက်ရောက်ရန် UNFCက ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖိတ်ကြားထားသည်။ 

“သူကလည်း ဖိတ်စာလက်ခံရရှိကြောင်း ပြောပါတယ်။ အခုက သူတို့က အစိုးရဘက်က တရားဝင် ဖိတ်မှ နှစ်ဖက်သဘောတူ ဖိတ်ခေါ်ချက်နဲ့ ပါဝင်လို့ ရမယ်ဆိုတဲ့ သဘောထား ရပ်တည်ချက်ရှိတဲ့ အတွက် အစိုးရဘက်ရဲ့ ဖိတ်ခေါ်မှုကို စောင့်စိုင်းနေပါတယ်”ဟု ၎င်းက ပြောသည်။

လာမည့် မတ်လ ၃ ရက်နေ့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ရန်ကုန်မြို့တွင် တွေ့ဆုံညှိနှိုင်းရေးအစည်းအဝေးတွင် ၎င်းတို့အား အစိုးရဘက်ကလည်း တက်ရောက်ခွင့်ပြုမည်ဟု UNFC က မျှော်လင့်ကြောင်း သိရသည်။

DPN အဆိုပြုတင်ပြထားသည့် အချက် ၉ ချက်တွင် နံပါတ် ၆ နှင့် ၇ တွင်လည်း အပစ်အခတ် ရပ်စဲရေးခိုင်မာစေရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ရန်အတွက်   လေ့လာစောင့်ကြည့်ရေးယန္တရားတွင် နိုင်ငံတကာအင်အားစုများကို ပဋိပက္ခ ညှိနှိုင်းဖြေရှင်းသည့်နေရာတွင် ကြားလူအဖြစ် ပါဝင်စေလိုကြောင်း ထည့်သွင်းထားသည်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်တွင်းစစ် ဖြေရှင်းဖို့ နိုင်ငံတကာ အင်အားစုတွေရဲ့ အကူအညီနဲ့ဖြေရှင်းမယ်ဆိုရင် မြန်မြန်ဆန်ဆန် ပြီးမြောက်မယ်။ ပြေလည်မယ်။ အထောက်အကူဖြစ်မယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း နိုင်ငံတကာ အင်အားစုနဲ့အတူ ပါဝင် ကူညီဆောင်ရွက်ပေးဖို့ ဆိုတဲ့ ကျွန်တော်တို့သဘောထားရှိပါတယ်။ သူတို့ဘက်ကလည်း လိုလိုလားလားရှိပါတယ်”ဟု ဦးထွန်းဇော်က ပြောသည်။

တွေ့ဆုံဆွေးနွေးမှုတွင် UNFC ဒုဥက္ကဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး ခူဦးရယ်၊ တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော်နှင့် အဖွဲ့ဝင် ဗိုချုပ်ဂွမ်မော်နှင့် တက်ရောက်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags