အထူးစီးပွားရေးဇုန်များနှင့် လူ့အခွင့်အရေးများ ကာကွယ်ရန် ICJ အစီရင်ခံစာ ထုတ်ပြန်

အထူးစီးပွားရေးဇုန်များနှင့် လူ့အခွင့်အရေးများ ကာကွယ်ရန် ICJ အစီရင်ခံစာ ထုတ်ပြန်
ဓာတ်ပုံ-စိုးသူရ

ဖေဖော်ဝါရီ ၂၇ ။               ။ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရမည့် နိုင်ငံတော် ၏ တာဝန်ဝတ္တရား အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်(ICJ) က ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာတွင် ထားဝယ်၊ ကျောက်ဖြူ နှင့် သီလဝါ အထူးစီးပွားရေးဇုန်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင့်ထက်စီးနင်းပြုမှုများ ဖြစ်ပေါ်နေပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် လူ့အခွင့် အရေးနှင့် အသိမ်းဆည်းခံလယ်ယာမြေကိစ္စများ အဆိုးဝါးဆုံးဖြစ်သည်ဟုဟု ဖော်ပြထားသည်။

 “ကျောက်ဖြူဇုန်မှာဆိုရင် မြေယာသိမ်းဆည်းမှုတွေဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက စတင်ခဲ့ တာမျိုးရှိပါတယ်။ ဒါပေမယ့် ကျောက်ဖြူဒေသခံတွေက သူတို့ရဲ့မြေယာတွေ အသိမ်းခံရမယ်။ အဲဒီနေရာတွေက ထွက်ခွာပေးရမယ်ဆိုတာ မသိကြရပါဘူး” ဟု ICJ မှ  Mr.Sean J Bain (Legal Consultant) က ပြောသည်။

ICJ အနေဖြင့် အထူးစီးပွားရေးဇုန် ၃ ခုကို သွားရောက်ခဲ့ပြီး ဒေသခံလူမှုအသိုင်းအဝန်းများ၊ စီးပွားရေးကဏ္ဍမှ ပုဂ္ဂိုလ်များနှင့် အစိုးရအရာရှိများအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကာ အစီရင်ခံစာကို ဥပဒေရေးရာအချက်အလက်များနှင့် သုတေသနပြု ထည့်သွင်းထားသည်ဟု သိရသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်များတွင် အခွင့်အရေးထပ်မံချိုးဖောက်မှုများ ကာကွယ်ရန်အတွက် အစိုးရအနေနှင့် မြေသိမ်းဆည်းမှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ သဘောတူစာချုပ်များကို ဥပဒေများပြင်ဆင်ပြီးသည်အထိ ဆိုင်းငံ့ထားသင့်ကြောင်း စသဖြင့် အကြံပြုထားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် တင်ဒါအောင်ထားသည့် CITIC ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဖရန့်မာ က စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ပထမဆုံး ဦးစားပေး စဉ်းစားထားကြောင်း ၂၀၁၅ ခုနှစ်တွင်  မီဒီယာများကို ပြောထားခဲ့သည်။

 ၂၀၁၄ ခုနှစ် အထူးစီးပွားရေးဇုန်ဥပဒေသည် လူ့အခွင့်အရေးကို ကာကွယ်ပေးရန်အတွက် နိုင်ငံတကာ ဥပဒေအတိုင်းလိုက်နာရန် ကတိကဝတ်ပြုထားချက်များနှင့် ကိုက်ညီမှုမရှိကြောင်း အစီရင်ခံစာက ထပ်လောင်းဆိုထားသည်။

အစီရင်ခံစာထုတ်ပြန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်(ICJ) သည် ကမ္ဘာ့ဒေသ အသီးသီးမှ အထင်ကရ တရားသူကြီးများနှင့် ရှေ့နေများ စုစုပေါင်း (၆၀) ဦးဖြင့် ဖွဲ့စည်းထားပြီး ယခုနှစ် ထုတ်ပြန်သည့် အစီရင်ခံစာကို အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags