၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် အပြီးသတ်ရွေးချယ်

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် အပြီးသတ်ရွေးချယ်

မတ်လ ၁၈ရက်နေ့တွင် စတင်ကျင်းပတော့မည့် ၂၀၁၆ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားအတွက် ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့်လူတွေ့စစ်ဆေးမှုကို ယနေ့နံနက်က ရန်ကုန်မြို့ ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်ခဲ့သည်။

ဒုတိယအဆင့်ရွေးချယ်ထားသည့် ဆန်ခါတင် အယောက် ၅၀ ဦးထဲမှ ယောကျ်ားလေး ၈ ယောက် နှင့် မိန်းကလေး ၈ ယောက်ကို အပြီးသတ်ရွေးချယ်ကာ လေ့ကျင့်ပေးသွားမည်ဖြစ်သည်။

ရွေးချယ်မှုပုံစံနှင့် ပတ်သက်ပြီး ရွေးချယ်ရေးကော်မတီမှ အကယ်ဒမီ မေသန်းနုက “အခုတစ်ဆင့်ကတော့ နောက်ဆုံးပေါ့နော်၊ နောက်ဆုံးမှာကျတော့ အဓိက,က အမူအရာနဲ့ရုပ်ရည်လေးပေါ့ ။ ရုပ်ရည်လေးကို အဓိကထားပါတယ်။ အရပ်ကလေးရယ်ပေါ့နော်။ ရှစ်တွဲဆိုတော့ အဓိကအရပ်လေးတွေ ညီရမယ်။ ရုပ်ရည်လေးတွေအကုန်လုံး မတိမ်းမယိမ်းလေးတွေညီရမယ်။ အဲဒါလေးကို ဦးစားပေးတာပါ” ဟု ပြောသည်။

ရွှေကြိုမောင်မယ်ပြိုင်ပွဲကို မြန်မာတစ်နိုင်ငံလုံးမှ လာရောက်လျှောက်ထားသူ ၈၀၀ ကျော်ရှိပြီး ပြိုင်ပွဲဝင်များမှာ နယ်မှလည်း လာရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

“အခက်အခဲတွေတော့ရှိတယ်ဗျ။ ကျွန်တော်က နယ်မှာဆိုတော့ ကျောင်းတက်နေရတယ်။ ကျောင်းကလည်း မပြီးသေးဘူး။ ဒီနည်းပညာတက္ကသိုလ် တက်နေရတဲ့အတွက် ကျောင်းခေါ်ချိန်လည်းပြည့်အောင် တက်ရတယ်၊ ပြီးရင် ရန်ကုန်ကိုလည်းဆင်းလာရတယ်။ နယ်ကနေလာလိုက်၊ ပြန်ရတယ်ဆိုတော့ အဓိက,ကတော့ ခရီးပန်းတာပေါ့” ဟု တောင်ကြီးမြို့မှ လာရောက်ယှဉ်ပြိုင်သည့် ခွန်းဆက်က ပြောသည်။

ပြိုင်ပွဲဝင်များအနေဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းကို လေ့လာရသလို နယ်မှ လူငယ်များအတွက် အနုပညာတံခါးတစ်ချပ်အနေနဖြင့် မျှော်လင့်ကြောင်း ပြောသည်။

 “တကယ်လို့ပါသွားခဲ့ရင်တော့ ဖေဖေဖြစ်စေချင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကရွှေကြိုဆိုတာကို ဖြစ်ခွင့်ရခဲ့ပြီ ဆိုတဲ့အတွက် ပိုပြီးတော့ဝမ်းသာမိမှာပါ။ ရွှေကြိုဆိုတာကလည်း အမှန်အတိုင်းပြောမယ်ဆိုရင် ကျွန်တော်တို့ အနုပညာအတွက်ကတော့ တံခါးပေါက်တစ်ချပ်ပေါ့နော်။ တံခါးပေါက်တစ်ချပ်ပါ” ဟု ပြိုင်ပွဲဝင် အောင်ဆန်းမြင့်က မဇ္ဈိမကို ပြောသည်။

ရွှေကြိုမောင်မယ်နောက်ဆုံးအဆင့်၏ Result များကို ယနေ့ညနေတွင် အပြီးသတ်ရွေးချယ်ပြီး ရွေးချယ်ခံရသူများကို မတ်လ ၁ ရက်နေ့မှစ၍ လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

“ညီမအနေနဲ့ ဒီရုပ်ရှင်သမိုင်းတွေကို ပြန်ဖတ်ရတယ်။ လမ်းလျောက်ပုံလမ်းလျောက်နည်းတွေ ပြန်လေ့ကျင့်ရတယ် အရီအပြုံးတွေပြန်လေ့ကျင့်ရပါတယ်” ဟု ပြိုင်ပွဲဝင် ယမင်းပန်းချီက ပြောသည်။

အကယ်ဒမီဗန်းကိုင်အဖြစ်မှ ရွှေကြိုမောင်မယ်အဖြစ် ၂၀၁၃ ခုနှစ်က စတင်ပြောင်းလဲခဲ့ပြီး ယခုနှစ်တွင် လျောက်ထားသူများ ပိုမိုများပြားလာကာ ရွှေကြိုပြိုင်ပွဲမှတဆင့် အနုပညာလောကတွင် အောင်မြင်ကျော်ကြား သွားသူများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly