ကြားဖြတ်ရွေး​ကောက်​ပွဲတွင်​ မသန်​စွမ်​းများ ​စောင်​့ကြည်​့​လေ့လာနိုင်​ရန်​ သင်တန်းပေးမည်

ကြားဖြတ်ရွေး​ကောက်​ပွဲတွင်​ မသန်​စွမ်​းများ ​စောင်​့ကြည်​့​လေ့လာနိုင်​ရန်​ သင်တန်းပေးမည်

ဖေဖော်ဝါရီ ၂၇ ။            ။ ရွေးကောက်ပွဲများအတွက် မဲပေးရာတွင် မသန်စွမ်းများကို ခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့ရမှုကြောင့် လာမည့်ရွေးကောက်ပွဲအတွက် သင်တန်းများပေးနေကြောင်း မသန်စွမ်းရှေ့ဆောင်ဥက္ကဋ္ဌ ဦးနေလင်းစိုးက ပြောသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် မသန်စွမ်းများ၏ အခွင့်အရေးများ ချိုးဖောက်ခံရမှုနှင့် မဲရုံများကို စောင့်ကြည့်လေ့လာရန်အတွက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် သတင်းပတ် တစ်ပတ်အလိုတွင် မသန်စွမ်းများကို သင်တန်းပေးသွားမည်ဖြစ်သည် ။

မသန်စွမ်းများအနေဖြင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေအဖြစ်ပါ  ပါဝင်ရန် ပြင်ဆင်လျှက်ရှိကြောင်း မသန်စွမ်းရှေ့ဆောင်ဥက္ကဋ္ဌ ဦးနေလင်းစိုးက ပြောသည်။

"ဒီရွေးကောက်ပွဲမှာလည်း Observer (ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ)အဖြစ် မသန်စွမ်းတဲ့သူတွေ ပါဝင်ဖို့ ပြင်ဆင်နေလျက်ရှိပါတယ်။ ငါးမြို့နယ်လုံးမှာ စောင့်ကြည့်သွားမယ်ပေါ့။ ကျွန်တော်တို့အဖွဲ့ (မသန်စွမ်းရှေ့ဆောင်) က ဝန်ထမ်းတချို့နဲ့ အပြင်က စိတ်ဝင်စားတဲ့ မသန်စွမ်းတွေကို ဖိတ်ခေါ်ပြီး သင်တန်းတွေပေးမယ်။ Orientation လုပ်ပေးမယ်ပေါ့။ ပြီးတော့မှ မြို့နယ်တွေကို လွှတ်ပြီးတော့မှ ဘယ်အချက်တွေကို စောင့်ကြည့်ရမယ်၊ ရလာတဲ့ ရလဒ်တွေကို ပြန်အသုံးချမယ်။ နောက် စောင့်ကြည့်သူတစ်ယောက် လိုက်နာအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘာတွေဆိုတာကို သင်တန်းပေးဦးမှာပေါ့။ ပြီးတော့မှ လွှတ်မှာပေါ့" ဟု မသန်စွမ်းရှေ့ဆောင်ဥက္ကဋ္ဌ ဦးနေလင်းစိုးက ပြောသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းများ စောင့်ကြည့်မဲပေးနိုင်ရန်အတွက် စံပြမဲရုံ တစ်ရုံစီကို မြို့နယ် ၅မြို့နယ်တွင် ထားရှိပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းတွင် ကြည်မြင်တိုင်၊ လှိုင်သာယာနှင့် ကော့မှူးမြို့နယ်များ၊ ချင်းပြည်နယ် ထန်တလန်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာမြို့တို့ ပါဝင်မည်ဖြစ်သည်။

တစ်မြို့နယ်ကို လေ့လာသူ(မသန်စွမ်း) တစ်ဦး(သို့မဟုတ်) နှစ်ဦးလွှတ်ရန် စီစဉ်ထားပြီး စုစုပေါင်း ငါးမြို့နယ်အတွက် လူ ၂၀ ဦး စေလွှတ်သွားမည်ဖြစ်ပြီး စောင့်ကြည့်သူ(မသန်စွမ်း)များအနေနှင့် ရရှိလာသည့်ရလဒ်များကို အနာဂတ်ရွေးကောက်ပွဲများအတွက် သင်ခန်းစာယူနိုင်ရန် ပြန်လည် တင်ပြသွားမည်ဖြစ်သည်ဟု သိရသည်။

မသန်စွမ်းများကို ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်နိုင်ရန်နှင့် မသန်စွမ်းအခွင့်အရေးဆိုင်ရာများကို စောင့်ကြည့်ရန် သင်တန်းပေးမှု ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

မသန်စွမ်းသူများ လွယ်လွယ်ကူကူ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစ၍ ပြင်ဆင်ထည့်သွင်းပေးနိုင်ရန် မသန်စွမ်းအဖွဲ့များအနေနှင့် ကြိုးစားခဲ့ကြသည်။ မြန်မာတစ်နိုင်ငံလုံးတွင် မသန်စွမ်းအရေအတွက် ၄.၆ ရာခိုင်နှုန်းရှိပြီး တစ်နည်းအားဖြင့် ၂.၃ သန်း ရှိနေကာ အသက်ပြည့်ပြီး မဲပေးနိုင်သည့် မသန်စွမ်းလူဦးရေ ၁ သန်းခန့် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly