စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပုဒ်မ ၃ ခုဖြင့် တရားစွဲခံရ

စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပုဒ်မ ၃ ခုဖြင့် တရားစွဲခံရ

မုံရွာ၊ ဖေဖော်ဝါရီ ၂၇ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခြင်းခံထားရကြောင်း သတင်းရရှိသည်။

ချောင်းဦးမြို့နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်း ဆိုသူဖြစ်ပြီး ညစ်ညမ်းစွာဆဲဆိုမှု၊ အကျိုးဖျက်ဆီးမှု၊ ခြိမ်းခြောက်ပြောဆိုမှု တို့ဖြင့်တရားစွဲခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

"ဟုတ်ပါတယ်။ တိုင်းဒေသကြီးကိုယ်စားလှယ်နဲ့ အိမ်နီးနားချင်း အမျိုးသမီးတစ်ဦးတို့ အပြန်အလှန်အမှုဖွင့်ထားကြပါတယ်။ နှစ်ဖက်လုံးကို အာမခံပေးထားပြီး သက်သေတွေကို စစ်ဆေးနေပါတယ်" ဟု ချောင်းဦးမြို့နယ် တရားသူကြီး ဦးသိန်းဆွေဦးက အတည်ပြုပြောကြားသည်။

၂၀၁၆၊ ဒီဇင်ဘာ လအတွင်းမှ စတင်ကာ တရားရုံးတွင် စတင်စစ်ဆေးခဲ့ပြီး ရုံးချိန်း ၆ ချိန်း စစ်ဆေးပြီးဖြစ်ပြီး ယခုလာမည့် မတ်လ ၁ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း တရားသူကြီးက ဆက်လက်ပြောပြသည်။

အမှုဖြစ်စဉ်သည် ၂၀၁၆၊ စက်တင်ဘာလ အတွင်းက မိသားစုနှစ်စုစကားများရာမှ အပြန်အလှန် အမှုဖွင့်ထားကြခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းသည် ညစ်ညမ်းစွာဆဲဆိုမှု၊အကျိုးဖျက်ဆီးမှု၊ ခြိမ်းခြောက်ပြောဆိုမှု၊ တို့ဖြင့် အိမ်နီးချင်းဖြစ်သူ မသင်းစုမော်မှ တရားလိုပြုလုပ်ကာ တရားစွဲခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မသင်းစုမော် ကိုလည်း တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်း၏ သားဖြစ်သူ ကိုစိုးပိုင်မှ တရားလိုပြုကာ ပုဒ်မ ၂ ခုဖြင့် ပြန်လည်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly