အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အဝယုံကြည်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အဝယုံကြည်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
 
 
 

ရန်ကုန်၊ မဇ္ဈိမ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက် ကြေငြာအပြီး ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို ဧရာဝတီတိုင်း ကျိုက်လတ်မြို့ နှင့် မော်ကျွန်းမြို့တို့တွင် ဇူလိုင် ၂၅၊ ၂၆ နှစ်ရက်တိုင် သွားရောက်ကာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

၎င်းက ဇူလိုင် ၂၆ရက်တွင် မော်ကျွန်းမြို့နယ် မော်ရွှေဝါအားကစားကွင်းတွင် ပြုလုပ်သည့် လူထုဟောပြောပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူများ အနေဖြင့် ရဲရဲဝံ့ဝံ့ထောက်ခံမဲထည့်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"ရှင်းရှင်းလေးပဲ ၂၀၁၅မှာ NLDကိုပဲ မဲထည့်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"ငါတို့ကို မဲမပေးဘဲ အန်အယ်လ်ဒီကို မဲထည့်မယ်ဆိုရင် ဘာဖြစ်မယ်ညာဖြစ်မယ် ပြောနေတဲ့ပုဂ္ဂိုလ်တွေက တကယ်တော့ မုသားစကားပြောနေတာပဲ။ ရွေးကောက်ပွဲနေ့မှာ ဘယ်သူက ဘယ်ပါတီအတွက် ထည့်တယ်ဆိုတာ သိတာလည်းမဟုတ်ဘူး၊ သိနိုင်တာမဟုတ်ဘူး။ ဒါကြောင့်  ရဲရဲဝံ့ဝံ့နဲ့ ကိုယ်ထောက်ခံတဲ့ အဖွဲ့အစည်းကို မဲထည့်ကြပါလို့ ကျမတို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ထောက်ခံတဲ့အဖွဲ့အစည်းက ဘယ်ဟာလဲဆိုတော့ အန်အယ်လ်ဒီပဲ ဖြစ်စေချင်တာပေါ့။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၁၀၀ ရာခိုင်နှုန်း အပြတ်အသတ် နိုင်လိုသည်ဟု ၎င်းက ထုတ်ဖော်ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အမတ်လောင်များ ရွေးချယ်ရာတွင် အမျိုးသမီးများ၊ လူငယ် နှင့် တိုင်းရင်းသားများကို ဦးစားပေး ရွေးချယ်မည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် ပြည်သူ လက်မခံဘဲ အာဏာရယူထားခြင်းက ရှက်စရာကောင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အစိုးရ ဖြစ်လာပါက ပြည်သူမလိုလားသည့်နေ့တွင် မာနထားကာ ဆင်းပေးမည်ဖြစ်ပြီး ပြည်သူလိုလားပါက သစ္စာ ၊ မေတ္တာဖြင့် လုပ်ပေးမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဇူလိုင် ၂၅ရက်က ကျိုက်လတ်မြို့ ဟောပြောပွဲတွင်လည်း ပြည်သူ့ဆန္ဒမပါဘဲ အတင်းအဓမ္မ အမိန့်ပေးကာ ထည့်ရသည့် မဲ တစ်ပြားက တန်ဖိုးမရှိကြောင်း နှင့် အန္တရာယ်ပင် ရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သေးသည်။

နိုင်ငံရေးအတွက် ဘာသာရေးကို အသုံးမချသင့်

နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ် ရေးသားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပြီး ဥပဒေကို ဆန့်ကျင်ရာ ရောက်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဘာသာရေးကိစ္စများကို နိုင်ငံရေးအရ အသုံးချတာမျိုး မလုပ်သင့်ပါဘူး။ နောက်ပြီးတော့ အမျိုးဘာသာ သာသနာကို ကျွန်မက ထိခိုက်အောင် လုပ်မယ်၊ မလုပ်မယ်ဆိုတာကို ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်မက ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ခံရဲပါတယ်။"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly