အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး လက်ရှိအစိုးရအား စောင့်ကြည့်သွားမည်ဟု ဆို

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး လက်ရှိအစိုးရအား စောင့်ကြည့်သွားမည်ဟု ဆို

ဖေဖော်ဝါရီ ၂၆ ။             ။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုရန် လက်ရှိအစိုးရအား အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်သွားမည်ဟု ဆိုခဲ့ပြီး မလိုက်လျောပါက   ကျောင်းသားများအနေဖြင့် ရွေးချယ်စရာမရှိဟု ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုမိုးထက်နေက ပြောသည်။

"ကျွန်တော်တို့ ဒါကိုပညာရေးမူအရ စွဲကိုင်ထားတုန်းပဲဖြစ်တယ်။ အစိုးရကို အချိန်တစ်ခုထိ စောင့်ကြည့်ရဦးမယ် လို့ မြင်တယ်။ဘယ်အချိန်မှာ လုပ်မလဲ။ ဘယ်လို ပုံစံလုပ်မလဲပေါ့။ အဲဒါတွေကို နောင်တစ်ချိန်မှာ မလိုက်လျော ဘူး။ ဆန့်ကျင်ဘက်အနေအထားကို သွားနေတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး”ဟု ကိုမိုးထက်နေက ပြောသည်။

ဆက်လက်၍ “စာရွက်တွေပေါ်က တောင်းကြည့်တယ် မရဘူးဆိုရင် လမ်းမပေါ်ထွက်ပြီး တောင်းရတာပါပဲ။ ဒါ နောက်ဆုံး အခြေအနေကို ပြောတာပါ" ဟု ၎င်းက ပြောသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် ကျောင်းသားများက ပြင်ဆင်ရေး ၁၁ ချက်တောင်းဆိုခဲ့ပြီး ပညာရေးမူဝါဒတွင် ကျောင်းသား၊ ကျောင်သူကိုယ်စားလှယ်များ ပါဝင်ရေး၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်၊ စာမေးပွဲစနစ်များပြင်ဆင်ရေးအပါအဝင် အခမဲ့မသင်မနေရပညာရေးစနစ်အား မူလတန်းသာမက အလယ်တန်းအထိတိုးမြှင့်ပေးရေး အစရှိသော အချက် ၁၁ ချက်အား  ယခင်အစိုးရလက်ထက်ကတည်းက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အချက်များမှာ ယခု အစိုးရလက်ထက်အထိ ပြည့်စုံမှုမရှိသေးကြောင်းနှင့် ဗကသအနေဖြင့် အဆိုပါအချက်များအား စွဲကိုင်ထားဆဲဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦးမှ ကိုမိုးထက်နေက ပြောခဲ့သည်။

 “ လက်ရှိအစိုးရဟာ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတယ်လို့ အားလုံးက နားလည်ထားကြတယ်။ နောက်တစ်ခါ သူတို့မှာလည်း တစ်ခြား အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့ရှိသေးတယ်လို့ နားလည်ထားကြတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေက ဒီအချက်တွေကို စွဲကိုင်ထားတုန်းဆိုပေမယ့် တရားဝင်တောင်းဆိုဖို့ကြတော့ နိုင်ငံရေးအရရော၊ တစ်ခြားအချက်တွေအရရော စဉ်းစားစရာတွေ ရှိနေသေးတယ်လို့ ကျွန်တော်မြင်တယ် " ဟု ကိုမိုးထက်နေက မဇ္ဈိမသို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောသည်။

ရန်ကုန်မြို့၊ ဖေဖော်ဝါရီလ ၂၅ရက်နေ့ ကျင်းပခဲ့သည့် "ပျိုမြစ်သူတို့ နိုင်ငံတော်" ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် လူငယ်နိုင်ငံရေးဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းပညာရေးပြောင်းလဲရေး ကိုယ်စားလှယ်တစ်ဦးဖြစ်သူကိုရဲဝင်းက အဆိုပါ ပြင်ဆင်ရေး ၁၁ ချက်ကို ထောက်ခံပြီး အစိုးရက အကောင်အထည်ဖော်နေသည့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွေ မှာလည်း ဒီအချက်တွေ ပါဝင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly